အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို အကြောင်းပြပြီး ရွေးကောက်ပွဲများ ရွှေ့ဆိုင်းသွားမည်ကို စိုးရိမ်မိကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီတို့ ဆွေးနွေး

အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို အကြောင်းပြပြီး ရွေးကောက်ပွဲများ ရွှေ့ဆိုင်းသွားမည်ကို စိုးရိမ်မိကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီတို့ ဆွေးနွေး
Published 2 April 2015

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီ ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော် ပြည်သူ့လွှတ်တော်ဝင်း အတွင်းရှိ ကော်မတီဆောင် I-12 ၌ ဧပြီ ၁ ရက် ညနေ ၄ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ ဦးစားပေးသတ်မှတ်ချက်များနှင့်အညီ မိမိတို့အနေဖြင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၊ လူ့အခွင့်အရေးနှင့် ကုန်သွယ်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုတိုင်းတွင် လူ့အခွင့်အရေး၊ ဘာသာရေးနှင့် လူနည်းစု တိုင်းရင်းသားများအား လေးစားရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ လွတ်လပ်တရား မျှတပြီး သတ်မှတ်ထားသည့် အချိန်အတိုင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေး စသည့်မြန်မာနိုင်ငံအတွက် အမေရိကန်သမ္မတ အိုဘားမား၏ ဦးစားပေးသတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ မိမိတို့အနေဖြင့် အလေးထား ဆွေးနွေးခဲ့ကြောင်း မစ္စနန်စီပလိုစီ၏ မြန်မာနိုင်ငံခရီးစဉ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် လာမည့်ရွေးကောက်ပွဲများ၏ အရေးကြီးပုံကိုလည်း ဆွေးနွေးခဲ့ကြောင်း၊ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို အကြောင်းပြပြီး ရွေးကောက်ပွဲများ ရွှေ့ဆိုင်းသွားမည်ကို စိုးရိမ်မိကြောင်းကိုလည်း နှစ်ဖက်ပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံသားတိုင်း ရွေးကောက်ပွဲတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ရေး လိုအပ်ကြောင်း၊ ပါတီအားလုံး တစ်ပြေးညီ ယှဉ်ပြိုင်နိုင်ရေး အရေးကြီးပုံကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြကြောင်း မစ္စနန်စီပလိုစီ၏ မြန်မာနိုင်ငံခရီးစဉ် ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီဦးဆောင်သည့် ပါတီနှစ်ခုမှ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ဧပြီ ၁ ရက်က ရောက်ရှိလာပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်းအပြင် သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့်လည်း နေပြည်တော်တွင် သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့သည်။ ထို့ပြင် မစ္စနန်စီပလိုစီ ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန်မြို့တွင်လည်း အရပ်ဘက် အဖွဲ့အစည်းအချို့နှင့် တွေ့ဆုံခဲ့သည်။
မစ္စနန်စီပလိုစီဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာ၊ ကိုရီးယား၊ ဂျပန် စသည့်ငါးနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ဧပြီ ၁ ရက်တွင် ရောက်ရှိလာခြင်းဖြစ်သည်။
မစ္စနန်စီပလိုစီနှင့်အတူ လွှတ်တော်ကော်မတီဝင်ကိုးဦး လိုက်ပါလာပြီး လိုက်ပါလာသည့် လွှတ်တော်ကိုယ်စားလှယ်များတွင် ဒီမိုကရက် လွှတ်တော်ကိုယ်စားလှယ်များက အများစုဖြစ်ပြီး ရီပက်ပလီကန်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးသာ ပါဝင်သည်။
 

Most Read

Most Recent