ဗိုလ်ချုပ်အောင်ဆန်း၏ သားဖြစ်သူ ဦးအောင်ဆန်းဦးအား ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယဥက္ကဋ္ဌ နေရာပေး၍ ရွေးကောက်ပွဲ ယှဉ်ပြိုင်စေမည်ဆိုသည့် သတင်းများမှာ မှန်ကန်ခြင်း မရှိကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ငြင်းဆို

ဗိုလ်ချုပ်အောင်ဆန်း၏ သားဖြစ်သူ ဦးအောင်ဆန်းဦးအား ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယဥက္ကဋ္ဌ နေရာပေး၍ ရွေးကောက်ပွဲ ယှဉ်ပြိုင်စေမည်ဆိုသည့် သတင်းများမှာ မှန်ကန်ခြင်း မရှိကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ငြင်းဆို
Published 2 April 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ဗိုလ်ချုပ်အောင်ဆန်း၏ သားဖြစ်သူ ဦးအောင်ဆန်းဦးအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယဥက္ကဋ္ဌ နေရာပေး၍ ရွေးကောက်ပွဲယှဉ်ပြိုင်စေမည်ဆိုသည့် သတင်းများမှာ မှန်ကန်ခြင်းမရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှူဆောင် ဖျာပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်က ပြောကြားသည်။အင်တာနက်၌ ဗိုလ်ချုပ်မူဝါဒ ဖော်ဆောင်နေသည့် ပြည်ခိုင်ဖြိုးပါတီမှ လာမည့်ရွေးကောက်ပွဲတွင် လူထုထောက်ခံမှု ရရှိစေရန် ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီး ဦးအောင်ဆန်းဦးအား ပါတီ၏ ဒုတိယဥက္ကဋ္ဌ ရာထူးပေး၍ ယှဉ်ပြိုင်စေမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများအား ယင်းသတင်းအပေါ် မေးမြန်းခဲ့ခြင်းဖြစ်သည်။The Daily Eleven သတင်းစာမှ မေးမြန်းသည့် ၎င်းသတင်း မှန်ကန်ခြင်း ရှိမရှိဆိုသည့် မေးခွန်းအပေါ် “မဖြစ်နိုင်ဘူး။ ဒီသတင်း အခုမှ ကြားတယ်။ လုံးဝ မဖြစ်နိုင်ဘူး။ အဘတို့ CEC တွေတောင်မှ မသိဘူး။ ပါတီဝင်လည်း မဟုတ်ဘဲနဲ့ ဘယ်လိုလုပ် ဒုတိယဥက္ကဋ္ဌ ပေးလို့ရမှာလဲ။ တို့မှာ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းတွေက အတိအကျ ရှိတာပဲ။ ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းမှာ ဥက္ကဋ္ဌတို့၊ ဒုတိယဥက္ကဋ္ဌတို့၊ အထွေထွေအတွင်းရေးမှူးတို့၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးတို့ အဲဒါတွေ အားလုံးကလည်း ပါတီညီလာခံမှ ခန့်လို့ရတာ” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှူဆောင် ဖျာပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်က ပြန်လည်ဖြေကြားပေးသည်။ထို့အတူ ပြည်ခိုင်ဖြိုးပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းကလည်း “တကယ် အမှန်အတိုင်း ပြောမယ်။ အခု လာမေးမှ ကြားဖူးပါတယ်။ ရိပ်ဖမ်းသံဖမ်း အနေနဲ့တောင် ကြိုမသိဘူး။ ပါတီမှာလည်း အဲဒီအစီအစဉ် မကြားဖူးပါဘူး။ ပါတီမှာ အပတ်စဉ် အစည်းအဝေးတွေ ရှိနေတာပဲ။ ဟုတ်ရင် ပါတီက လူကြီးတွေက ချပြမှာပဲ” ဟု ပြောကြားသည်။  

Most Read

Most Recent