အမှန်တရားဟာ နောက်ကျတယ် ဒါပေမဲ့ ကျိန်းသေလာတယ်

အမှန်တရားဟာ နောက်ကျတယ် ဒါပေမဲ့ ကျိန်းသေလာတယ်
Published 25 March 2015
အေသင်ဇော်ဇော်

ဆိုကရေးတီးကို လူတချို့က အရူးလို့ သတ်မှတ်ကြတယ်။ အာခီမီးဒီးကိုလည်း ဒီအတိုင်းပဲ။ ဒါပေမဲ့ သူတို့ဟာ အဲဒီလူတချို့ သတ်မှတ်သလို အရူးတွေ မဟုတ်ဘူး ဆိုတာကို အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ လူတွေ လက်ခံလာရတယ်။ ဆိုကရေးတီးဟာ ဖြောင့်မတ်ရင့်ကျက်တဲ့ အတွေးအခေါ် ပညာရှင် ဖြစ်တယ်။ အာခီမီးဒီးဟာ စိတ်ကူးစိတ်သန်း အဆင့်မြင့်တဲ့ ခေတ်ဟောင်းသိပ္ပံပညာရှင် ဖြစ်တယ်။ ဒီလိုပုံစံနဲ့ အမှန်တရားဟာ နောက်ကျတယ်။ ဒါပေမဲ့ ကျိန်းသေလာတယ်။လွယ်လွယ်ပြောလိုက်တဲ့ လူတွေရဲ့ စကားသံတွေထဲမှာ တစ်ခါတစ်ခါ အမှန်တရားတွေ ပါသွားတတ်တယ်။ ခက်ခက်ခဲခဲ စဉ်းစားသုံးသပ်ပြီးမှ ပြောရတဲ့ စကားတွေထဲမှာ တစ်ခါတစ်ခါ အမှားတွေ ရှိနေတတ်တယ်။ ကမ္ဘာကြီးဟာ ပုံသေနည်းနဲ့ တည်ဆောက်ထားတာ မဟုတ်ဘူး။ အကောင်းတွေ အများကြီး လုပ်ထားလည်း စိတ်မချရဘူး။ အဆိုးတွေ အများကြီး လုပ်ထားလည်း အာမခံချက် ရှိချင်ရှိနေနိုင်တယ်။ ဘယ်တော့မှ ဇာတ်လမ်းက တစ်ဖက်သတ် မဟုတ်ဘူး။ ဟစ်တလာလို၊ ကဒါဖီလို၊ ဆက်ဒမ်ဟူစိန်လို၊ ဘင်လာဒင်လို အနိမ့်အမြင့်တွေ အများကြီး ရှိနိုင်တယ်။ ကိုယ့်ဇာတ်သိမ်းက မှားနေတဲ့အချိန်နဲ့ ကြုံမလား။ မှန်နေတဲ့အချိန်နဲ့ ကြုံမလား။ မှန်းဆမရနိုင်အောင်ဘဲ ရှုပ်ထွေးလွန်းတယ်။ အချိန်တန်မှ အဖြေထွက်တယ်။ ဒီလိုပုံစံနဲ့ အမှန်တရားဟာ နောက်ကျတယ်။ ဒါပေမဲ့ ကျိန်းသေလာတယ်။အောင်မြင်တယ်။ ရှုံးနိမ့်တယ် ဆိုတာကို အခိုက်အတန့်တွေနဲ့ တွက်မယ်ဆို နှမြောစရာ အရမ်းကောင်းတယ်။ ငယ်ငယ်က သားရေကွင်းပစ်သလို နိုင်တဲ့နေ့ နိုင်၊ ရှုံးတဲ့နေ့ ရှုံး ဆိုရင် ရှာဖွေရတဲ့ အောင်မြင်မှု၊ တိုက်နေရတဲ့ တိုက်ပွဲက လူရယ်စရာ သက်သက်ပဲ။ ဖတ်ဖူး မှတ်ဖူးသမျှတွေထဲက ကိုယ်လုပ်နေတာတွေကို ပြန်ပြန်သုံးသပ်ဖို့ အသိဉာဏ်ထဲမှာ စွဲမြဲနေတာလေး တစ်ခုက “ငါ အငြင်းပွား တိုက်ခိုက်နေတဲ့ အရာဟာ ဘာအတွက်လဲ။ ဒါဟာ တည်မြဲတဲ့အရာလား။ ဘယ်လောက်ကြာအောင် တည်မြဲနိုင်မလဲ” ဆိုတာလေး။ ကျွန်တော်တို့ အများစု တိုက်ခိုက်နေရတဲ့ အကြောင်းရင်းတွေက တစ်ရက်စာ၊ တစ်နာရီစာ၊ မိနစ်ပိုင်းစာလေးတွေလောက် ရှိနေတတ်တယ်။ ဒါပေမဲ့ ဒါကို အချိန်လွန်မှ သတိပြုမိတယ်။ ဒီလိုပုံစံနဲ့ အမှန်တရားဟာ နောက်ကျတယ်။ ဒါပေမဲ့ ကျိန်းသေလာတယ်။
လူ့ဘဝဟာ အချိန်ဖြစ်တယ်လို့ ဆိုတယ်။ လူတချို့က အောင်မြင်ချင်တော့ အချိန်တွေ ခိုးကြတယ်။ အသက်တွေလည်း ခိုးကြတယ်။ တစ်ခါတလေ အဲဒီအချိန်တွေကြောင့် . . . . .

ငယ်ငယ်က တစ်ခုခုကို ဝါသနာရှိတယ်။ အဲဒီအရာမှာလည်း ကိုယ်ဟာ ပါရမီရှိတယ်။ ဒါပေမဲ့ ဘဝအတွက် ရွေးချယ်တဲ့အခါ သူများတွေ ဘာနဲ့အဆင်ပြေတယ် ဆိုတာကို ကြည့်ပြီးမှ အဲဒီနောက် လိုက်မိသွားတယ်။ အချိန်တွေ ကြာလာတယ်။ ကိုယ်လည်း လုပ်စားကိုင်စားလို့ ရလာတယ်။ ဝါသနာ နည်းတဲ့အတွက် ထိထိမိမိတော့ မဟုတ်ဘူး။ အဲဒါကြီးကိုလည်း တကယ်တော့ ကိုယ်မကြိုက်ဘူး။ အဲဒီအခါ ကိုယ်ဖြစ်ချင်ခဲ့တာဆီ ပြန်သွားချင်တယ်။ နည်းနည်းပြန်သွားကြည့်တယ်။ မရဘူး။ နောက် နည်းနည်းထပ်ကြိုးစားကြည့်တယ်။ မရပြန်ဘူး။ ပုံအပ်ဖို့ ပြန်တွေးမိတယ်။ အချိန်မရှိတော့ဘူး။ ဒီလိုပုံစံနဲ့ အမှန်တရားဟာ နောက်ကျတယ်။ ဒါပေမဲ့ ကျိန်းသေလာတယ်။လူ့ဘဝဟာ အချိန်ဖြစ်တယ်လို့ ဆိုတယ်။ လူတချို့က အောင်မြင်ချင်တော့ အချိန်တွေ ခိုးကြတယ်။ အသက်တွေလည်း ခိုးကြတယ်။ တစ်ခါတလေ အဲဒီအချိန်တွေကြောင့် ရန်တွေ ဖြစ်ကြရတယ်။ ပြဿနာတွေ တက်ရတယ်။ ဒါပေမဲ့ အချိန်မဖြုန်းဘဲ တစ်စုံတစ်ရာအတွက် အချိန်ကို အသုံးချနေရင်းနဲ့တောင် ဘာမှမဟုတ်တာတွေ ဖြစ်လာရတယ်။ ငယ်ငယ်က သူငယ်ချင်းတစ်ယောက်ဆို နှစ်နှစ်လောက် ဆက်တိုက်တက်ဖြစ်နေတဲ့ အင်္ဂလိပ်ကျောင်းကို တစ်ရက်ပျက်မှာ အရမ်းကြောက်တယ်။ တစ်ရက်ပျက်ရင် သူ့တစ်ဘဝလုံး နောက်ကျသွားမယ်လို့ ထင်နေတယ်။ အဲဒီအတွက်တောင် ကျွန်တော်နဲ့ ရန်ဖြစ်ရတယ်။ အခုတော့ အဲဒီသူငယ်ချင်းလည်း အင်္ဂလိပ်စာနဲ့ အလုပ်မလုပ်စားဖြစ်ဘူး။ ဒီလိုပုံစံနဲ့ အမှန်တရားဟာ နောက်ကျတယ်။ ဒါပေမဲ့ ကျိန်းသေလာတယ်။ (ငယ်ငယ်က သူငယ်ချင်းတချို့ သူများတွေ ရပ်ကွက်ထဲက အများအတွက်၊ လမ်းအတွက် ဝေယျာဝစ္စ လုပ်ကြတဲ့အခါ သူတို့ စာလေ့လာရတာ အချိန်မရမှာစိုးလို့ ဆင်းမလုပ်ကြဘူး။ အိမ်ထဲမှာပဲ စာလုပ်နေကြတယ်။ ဒါပေမဲ့ ဝေယျာဝစ္စ အမြဲလုပ်တတ်ကြတဲ့ သူငယ်ချင်းတွေဟာ မလုပ်သူတွေထက် ဘာမှ ပိုအားမနည်းသွားဘူးဆိုတာ အချိန်တန်တော့ သိလာရတယ်။ ဒီလိုပုံစံနဲ့ အမှန်တရားဟာ နောက်ကျတယ်။ ဒါပေမဲ့ ကျိန်းသေလာတယ်။)အနန္တသူရိယ အမတ်ကြီးဟာ အပြစ်မရှိဘဲ သံသယသက်သက်ရယ်ကြောင့် သေမိန့်ချခံရတယ်။ ဒါပေမဲ့ ပညာရှိ သူတော်ကောင်းကြီးဟာ အရာရာအပေါ် နားလည်ခွင့်လွှတ်ပြီး သူ့ကိုသတ်ဖို့ အမိန့်ပေးလိုက်တဲ့ ဘုရင်ကို ကဗျာလင်္ကာရေးပြီး သွန်သင်သွားခဲ့တယ်။ သေခြင်းတရားအပေါ် သူဟာ တုန်လှုပ်မှု ရှိခြင်း၊ မရှိခြင်းကို အသာထားလို့ သူ့ရဲ့ ပညာဉာဏ်နဲ့ တိုင်းပြည်အုပ်ချုပ်နေသူ တစ်ဦးအပေါ် သတိပညာ ပေးသွားခဲ့တယ်။ ကဗျာလင်္ကာကို ဖတ်ပြီးတော့ ဘုရင်က အမတ်ကြီးဟာ သူ့အတွက် ရန်သူမဟုတ်ဘူးဆိုတာ သိရတဲ့အခါ အမတ်ကြီးကို မသတ်ဖို့ အသည်းအသန် ဖြစ်တယ်။ ဒါပေမဲ့ မရတော့ဘူး။ လက်လွန်သွားခဲ့ပြီ။ ဒီလိုပုံစံနဲ့ အမှန်တရားဟာ နောက်ကျတယ်။ ဒါပေမဲ့ ကျိန်းသေလာတယ်။အသိတစ်ယောက် လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်တုန်းက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ်။ လခက ရှစ်သောင်းလောက် ရတယ်။ သူက ကျွန်တော့်ကို အဲဒီတုန်းက ပြောတယ်။ သူသာ တစ်သိန်းခွဲလောက်ရရင် မိဘတွေကို ရန်ကုန်ခေါ်ထားပြီး ပြုစုချင်တယ်တဲ့။ ဒီလိုနဲ့ မကြာဘူး။ သူအလုပ်တွေ ကောင်းလာတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက် သူနဲ့ တစ်ခါတွေ့တော့ သူ့ဝင်ငွေက တစ်လကို သုံးသိန်းလောက် ဖြစ်နေပြီ။ ဒါပေမဲ့ မိဘတွေကို မခေါ်ဖြစ်သေးဘူး။ ထောက်ပံ့မှုလည်း သိပ်မလုပ်ပေးနိုင်ဘူးလို့ ပြောတယ်။ ပြီးခဲ့တဲ့လတုန်းက သူနဲ့ ပြန်ဆုံဖြစ်တယ်။ သူ့အမေကတော့ ဆုံးသွားပြီ။ သူ့အဖေတော့ ရှိသေးတယ်။ သူ မခေါ်ဖြစ်သေးဘူး။ လစာကတော့ တစ်လ ရှစ်သိန်းနီးပါး ရနေပြီတဲ့။ သူမေ့နေတာက သူ တကယ်ခေါ်ချင်စိတ် ရှိမရှိကို ပြန်မတွေးမိတာပါ။ တစ်ခါတစ်ခါ လူတွေက ကိုယ်မလုပ်ဖြစ်တဲ့ အရာနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်ကို အကြောင်းပြတတ်ကြတယ်။ ဒါကို ဘယ်သူတွေ အချိန်မီ သိနိုင်ကြမလဲ။ ဒီလိုပုံစံနဲ့ အမှန်တရားဟာ နောက်ကျတယ်။ ဒါပေမဲ့ ကျိန်းသေလာတယ်။တကယ်တော့ အမှန်တရားဆိုတာ အမြဲတစေ နောက်ကျလေ့ ရှိပါတယ်။ ဒါပေမဲ့ ဘဝထဲ လောကထဲကို မဖြစ်မနေ ကျိန်းသေလာတယ်။

Most Read

Most Recent