လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မေးခွန်းများ မေးမြန်းရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနကို တိုက်ရိုက်မေးမြန်းရန် လိုအပ်သည်ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မတ် ၁၈ ရက်တွင် ညွှန်ကြားခဲ့သည်။မတ် ၁၈ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပေါ်လျှံလွင်က မတူပီမြို့နယ်ရှိ ဘုံတလာရေတံခွန်အား နိုင်ငံခြားခရီးသွားလုပ်ငန်း မြှင့်တင်စေရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းမှုအပေါ် သမ္မတရုံးဝန်ကြီးဌာန ၄ မှ ဒုတိယဝန်ကြီးက လာရောက်ဖြေကြားမှုအပေါ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က “လွှတ်တော်ကိုယ်စားလှယ်တွေ မေးခွန်းမေးတဲ့အခါမှာ သတိထားမိတာတစ်ခု ရှိတယ်။ ဦးပေါ်လျှံလွင် မေးတာမှာဆိုရင် ဟိုတယ်ခရီးနဲ့ ချင်းပြည်နယ်အစိုးရကို တိုက်ရိုက်မေးတယ်ဆိုရင် ပိုပြည့်စုံမယ်။ အခုန ပြောသလို မေးခွန်းတွေကို မေးရာမှာ မေးတာက တစ်ဌာန၊ ဖြေတာက တစ်ဌာန ဖြစ်နေတယ်။ အဲဒီလို ဖြစ်နေတာတွေ တွေ့လာရတဲ့ အခါကျတော့ ဒါလေးကို ဥပမာပေးထားတာပါ။ ကိုယ်စားလှယ်တွေအနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနကို တိုက်ရိုက်မေးမယ်။ တိုင်းဒေသကြီး ပြည်နယ်အစိုးရကိုပါ တိုက်ရိုက်မေးမယ်ဆိုရင် ဖြေတဲ့အခါမှာ ပိုမိုပြည့်စုံမှာပါ။ အဲဒီလိုဆိုရင် လာဖြေတဲ့အခါမှာ တည့်မယ်လို့ ထင်ပါတယ်။ ဦးပေါ်လျှံလွင် မေးတာဆိုရင် ဟိုတယ်ခရီးကိုမေးရင် ပိုကောင်းမှာပေါ့။ အခုတော့ ချင်းပြည်နယ် အစိုးရကို မေးတော့ လမ်းပန်းဆက်သွယ်ရေးတွေ ဖြေနေတာပေါ့။ ဒီမတူပီနဲ့ မင်းတပ်ကို ပိတ်ထားလို့ ဖွင့်ပေးပါဆိုတဲ့ ကိစ္စ။ ဒီကိစ္စဆိုရင် ပြည်ထဲရေးနဲ့ဆိုင်လား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ဆိုင်လား။ ကိုယ်စားလှယ်တွေ မေးမြန်းရာမှာ မေးခွန်းမှာကို တိတိကျကျမေးဖို့ လိုတယ်” ဟု ပြောကြားသည်။ဆက်လက်၍ “ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ခရီးသွားလုပ်ငန်းက အရေးပါပါတယ်။ အဲဒီမှာက စိုက်ပျိုးရေး၊ မွေးမြူရေးက အောင်မြင်မှုနည်းပါးတယ်။ နောက်ပြီးတော့ ဓာတ်သတ္တုတွေ ရှာရမယ်” ဟု ဆိုသည်။ဦးပေါ်လျှံလွင်၏ မေးခွန်းအား သမ္မတရုံးဝန်ကြီးဌာန ၄ မှ ဒုတိယဝန်ကြီး ဦးအောင်သိမ်းက ချင်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား လာရောက်ဖြေကြားခဲ့သည်။ဒုတိယဝန်ကြီးက “ချင်းပြည်နယ်အတွင်း ကန်ပက်လက်မြို့နယ် နတ်မတောင် အမျိုးသားဥယျာဉ်၊ ဖလမ်းမြို့နယ် ရိဒ်ရေကန်၊ မတူပီမြို့နယ် ဘုံတလာရေတံခွန် စသဖြင့် သဘာဝရှုခင်းတွေ ပေါများပါတယ်။ ချင်းပြည်နယ်အနေနဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေဖို့ ဆောင်ရွက်နေပါတယ်။ နိုင်ငံခြား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့ အရေးကြီးပါတယ်” ဟု ဖြေကြားသည်။ဦးပေါ်လျှံလွင်က “ကျွန်တော့် မေးခွန်းရဲ့ အဓိကအကြောင်းအရာက နိုင်ငံခြားခရီးသွားလုပ်ငန်း မြှင့်တင်ဖို့ ဆောင်ရွက်ပေးမယ့် အစီအစဉ်ကို မေးမြန်းတာပါ” ဟု ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်းမေးမြန်းရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနကို တိုက်ရိုက်မေးမြန်းရန် လိုအပ်ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ညွှန်ကြား