အကြမ်းဖက်ရိုက်နှက်ဖြိုခွင်းခံရသည့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းမှ ကျောင်းသားတစ်ဦးအား ခံဝန်ဖြင့်ထပ်မံလွှတ်ပေး

အကြမ်းဖက်ရိုက်နှက်ဖြိုခွင်းခံရသည့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းမှ ကျောင်းသားတစ်ဦးအား ခံဝန်ဖြင့်ထပ်မံလွှတ်ပေး
Published 17 March 2015

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့၌ အကြမ်းဖက်ရိုက်နှက်ဖြိုခွင်းခံရသည့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းမှ ကျောင်းသားတစ်ဦးအား မတ် ၁၇ ရက် ညနေပိုင်းက သာယာဝတီအထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ခံဝန်လက်မှတ်ရေးထိုးစေကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ယင်းသို့ပြန်လွှတ်ပေးခဲ့သည့်ကျောင်းသားမှာ ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ပွတ်ကုန်းကျေးရွာနေ မောင်ဝေလင်းဟန် ၁၉ နှစ်ဆိုသူဖြစ်ပြီး ဟင်္သာတတက္ကသိုလ်တွင် သင်္ချာမေဂျာဖြင့် တတိယနှစ်စာမေးပွဲဖြေဆိုရမည့်သူဖြစ်ကြောင်း သိရသည်။"သူတို့ဆီက မရိုက်နှက်ဖို့ ကတိတောင်းတယ်။ သူတို့အရာရှိကိုယ်တိုင်ကတိပေးလို့ ကျွန်တော်တို့အဖမ်းခံခဲ့တယ်။ အချုပ်ကားပေါ်တင်တော့မှ ရိုက်နှက်တယ်။ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုဆက်ဆံတာတွေလည်းရှိတယ်။ ခွပ်ဒေါင်းသွေးတွေနီဦးမလား၊ မီးတုတ် မီးတုတ်ရှို့ဦးမလားဆိုပြီး တစ်ယောက်ချင်းစီ အငြိုးနဲ့ရိုက်တယ်။ ထောင်ထဲမှာတော့ နေရတာအဆင်ပြေပါတယ်။ ဆက်လက်ပြီးတော့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ယောက်အနေနဲ့ ရပ်တည်သွားဦးမှာပါ" ဟု မတ် ၁၇ ရက် ညနေပိုင်းတွင် သာယာဝတီအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ကိုဝေလင်းဟန်ကဆိုသည်။အဆိုပါကဲ့သို့ ရန်ကုန်သို့ချီတက်မည့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းအား မတ် ၁၀ ရက် နံနက်ပိုင်းတွင် လက်ပံတန်းမြို့၌ ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်ရိုက်နှက်ဖြိုခွင်းဖမ်းဆီးကာ သာယာဝတီအကျဉ်းထောင်၌ ထိန်းသိမ်းထားခြင်းဖြစ်ပြီး မတ် ၁၂၊ ၁၃၊ ၁၄ ရက်တို့တွင် ကျောင်းသား ၂၇ ဦး၊ သတင်းထောက်နှစ်ဦးတို့အား ပြန်လွှတ်ပေးခဲ့သော်လည်း သာယာဝတီအကျဉ်းထောင်၌ လက်ပံတန်းဖြစ်စဉ်နှင့်ပတ်သက်ကာ ဖမ်းဆီးခံထားရသူ ၁၀၀ နီးပါးကျန်ရှိနေသေးကြောင်း သိရသည်။ကျောင်းသားသပိတ်အား ဝန်းရံပြည်သူများကို လက်ပံတန်းမြို့နယ်တရားရုံးတွင် ပုဒ်မ-၁၄၃၊ ပုဒ်မ-၁၄၅၊ ပုဒ်မ-၁၄၇၊ ပုဒ်မ-၃၃၂ နှင့် ပုဒ်မ-၅၀၅(ခ)တို့ဖြင့် မတ် ၂၅ ရက်တွင် ရုံးထုတ်မည်ဟု သိရသည်။

Most Read

Most Recent