လက်ပတ်နီတွေအကြောင်း တစေ့တစောင်း

လက်ပတ်နီတွေအကြောင်း တစေ့တစောင်း
Published 15 March 2015
ကိုကိုမောင်

(လက်ပတ်နီအဖြစ် ကိုယ်တိုင်ပါဝင်ခဲ့သူ တစ်ဦး၏ ဖြောင့်ချက်)မတ်လ ၅ ရက် ညနေက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲတဲ့ လက်ပတ်နီတွေက ဘယ်သူလဲ၊ ဘယ်ကလဲဆိုတာထက်၊ လက်ပတ်နီတွေကို “ဘယ်သူခိုင်းတာလဲ” “ဘာလုပ်ခိုင်းသလဲ”  ဆိုတာက ပိုပြီးအရေးကြီးပါတယ်ဗျာ။ခေတ်စကားနဲ့ပြောရင် နောက်ကွယ်က ကြိုးကိုင်ပြီးခိုင်းတာ ဘယ်သူလဲ၊ လက်ပတ်နီတွေရဲ့နောက်မှာ ဘယ်သူရှိသလဲ။ ဟုတ်တယ်လေ၊ ရုပ်သေးဆိုတာ ရုပ်သေးကြိုးဆွဲပေါ်မူတည်ပြီး “မင်းသား” “ဇော်ဂျီ” “မျောက်” “ဘီလူး”  ဒီလိုထွက်ရတာကိုးဗျ။ ဒီတော့ ကြိုးဆွဲသူ “တရားခံ ဘယ်သူလဲဟေ့”  ပေါ့။ လက်ပတ်နီတွေဝတ်ပြီး ရဲရဲတင်းတင်း ထဲထဲဝင်ဝင် အတင်းဖမ်းဆီးသူတွေရဲ့ ဥပဓိရုပ်၊ ဝတ်စားဆင်ယင်မှု၊ သူတို့ရဲ့လုပ်ပုံကိုင်ပုံတွေ ကြည့်ရင် သူတို့အဆင့်အတန်း၊ သူတို့စရိုက်တွေကို သိကြပါလိမ့်မယ်။ ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။“ခုတ်ရာတခြား၊ ရှရာတလွဲ” ဆိုသလို လက်ပတ်နီတွေနဲ့ ရဲရဲတင်းတင်းထဲထဲဝင်ဝင် လုပ်သူတွေက သက်သက်၊ အဲဒီလက်ပတ်နီတွေကို ခိုင်းတဲ့သူက သက်သက်၊ Facebook ပေါ်မှာ ပလူပျံအောင် ပုံတွေပေါ်နေတဲ့ ရပ်နေသူ လက်ပတ်နီတွေက သက်သက်ဆိုတာ ပြောချင်ပါတယ်။လက်ပတ်နီပတ်ထားတိုင်း ရိုက်ရဲသူ၊ ရိုက်တဲ့သူ၊ ဖမ်းတဲ့သူ မဟုတ်ပါ။ “အချက်မသိတော့ သမက်သူခိုးထင်” “ငှက်မသိတော့ ဇရက်ချိုးထင်”  ဆိုသလို လက်ပတ်နီတွေ ကိုယ်စီပတ်ပြီး ရှေ့တန်းကရပ်နေသူတွေ၊ လမ်းသလားနေသူတွေက “ဘုလည်းမသိ ဘလည်းမသိ” “ဘုမသိဘမသိ”  တွေပါဗျာ။ ဒါကြောင့်လည်း သူတို့က ကြော့ကြော့မော့မော့နဲ့ လမ်းသလားနေတာပေါ့။ ရပ်နေလိုက် လမ်းလျှောက်လိုက်နဲ့ ဘာမှန်းမှမသိကြဘူးလေ။ ရင်နာနာနဲ့ ခပ်ရိုင်းရိုင်းပြောရရင် “ဟောင်တဲ့ခွေး မကိုက်” “ကိုက်တဲ့ခွေး မဟောင်” ဆိုသလို သူတို့က အရင်ဆုံးထွက်ရပြီး ဓာတ်ပုံ၊ ဗီဒီယို အရိုက်ခံရတာပေါ့။ လူကြမ်းမဟုတ်ဘဲ လူကြမ်း ထင်ခံရသူပါ။ အမယ် အဲဒီတုန်းကလေ တစ်ယောက်နဲ့တစ်ယောက် နောက်လိုက်ကြသေးတယ်။ တို့ “ချော”  လို့ ခဏခဏ လာရိုက်တာတဲ့လေ။ ခုတော့ “မချောဘဲ” လူပြောခံရ Facebook တင်ခံရတဲ့ အသုံးတော်ခံကြီးတွေ ဖြစ်နေပါရောလား။ အဲဒီ ဗီဒီယိုမင်းသား၊ ဓာတ်ပုံစားသူတွေက ကြေးစားလူမိုက်လည်း မဟုတ်။ အပျော်တမ်းလူမိုက်လည်း မဟုတ်၊ တာဝန်ပေးလာရင် တာဝန်ကျေပွန်အောင် တာဝန်ထမ်းဆောင်တတ်တဲ့ တာဝန်သိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနဲ့ ကိုယ့်ထမင်းကိုယ်ရှာစားရပြီး ဝါသနာပါလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ခင်လို့ အားနာလို့လိုက်လာရတဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ အရန်မီးသတ်တွေနဲ့ ရပ်ကွက်ရုံးစာရေးတွေရယ်ပါ။ တာဝန်ကျေလို့ ဟန်ရေးအပြကောင်းလို့ အပေါင်းအသင်းမှားလို့ “ ကျောချမှ ဓားပြမှန်းသိ” တဲ့ မောင်မောင် တာဝန်ကျေကြီးတွေပါဗျာ။ “မောင်မောင် တာဝန်ကျေကြီး”  တွေ ထင်ထားတာက အရင်သူတို့လုပ်ရသလို လုပ်ရိုးလုပ်စဉ်လို ဆန္ဒဖော်ထုတ်တဲ့ ကျောင်းသားတွေကို “ခွင့်ပြုချက်မရှိလို့” ရဲက တားမယ်။ သူတို့က ဝိုင်းရံပေးမယ်။ တားမရလို့ တရားစွဲရင် သူတို့က သက်သေတွေလုပ်ရမယ်လို့ ဒီလိုပဲ ထင်ထားတာ။ဒါနဲ့ပဲ မြို့တော်ခန်းမထဲက ရဲတွေထွက်ပြီးတော့ သူတို့ကို ထွက်ဆိုတော့ ထွက်ကြတာပေါ့။ ထွက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ဒီနေရာမှာရပ် ဆိုတော့ရပ်တာပေါ့။ ပေါ့ပေါ့ပါးပါးပဲလေ။ ဒါကြောင့်လည်း မီဒီယာတွေ က ဓာတ်ပုံ၊ ဗွီဒီယိုရိုက်သမျှကို ရိုက်ဟ၊ ရိုက်ဟနဲ့ သင်္ကြန်ရေပက်ခံသလို ပြုံးပြုံးကြီး နေတာပေါ့။ စောစောကတည်းကသာ မဟုတ်မှန်းသိရင်လေ ကွယ်ဝှက်ရှောင်တိမ်းနေမှာပေါ့ဗျာ။ ခုတော့ အမယ် ရဲတွေရှေ့မှာ သူ့ကိုယ်သူ ရဲမှူးကြီးအရပ်ဝတ်နဲ့ ရပ်နေသလိုလို၊ ရဲချုပ်ကြီးမာဖီနဲ့ ရပ်နေသလိုလို ခန့်ခန့်ကြီးဗျာ။ ရဲတွေကလည်း သဘောကောင်းလိုက်တာ နှင်မထုတ်ဘူး၊ မောင်းမထုတ်ဘူး။ ဒီတော့ မသိရင်လေ ရဲတပ်ဖွဲ့ဝင်တွေကို “မောင်မောင်တာဝန်ကျေ” တို့က ကာကွယ်ပေးနေသလို မြင်ကြမှာပဲလေ။ တကယ်တော့ ခံလိုက်ကြရတာ။ နောက်တော့ မိနစ်သုံးဆယ်အတွင်း လူစုခွဲပါလို့ သုံးကြိမ်သုံးခါအော်ပြီး ကြည့်နေတုန်း။ အချိန်စေ့လို့ထင်ပါရဲ့ ရုတ်တရက် ဝင်လာတဲ့ လက်ပတ်နီတွေနဲ့ ရဲတွေက ဝင်ဖမ်း၊ ဝင်လုံးတော့တာပါပဲဗျာ။ ဝင်လုံးဝင်ဖမ်းတဲ့ လက်ပတ်နီတွေက လူငယ်၊ လူလတ်တွေပါ။ သန်သန် မြန်မြန်တွေပါ။Facebook အပေါ် အတင်ခံလိုက်ရတဲ့ ချောချောလှလှ၊ သပ်သပ်ရပ်ရပ် လက်ပတ်နီတွေက တကယ်တော့ “ပဲလှော်ကြားညှပ်တဲ့ ဆား”တွေပါ။ လစာလေးမြန်မာငွေ ခုနှစ်သောင်းကျပ်ရပြီး ခုနစ်ထွေကနေရတဲ့ “ခုနစ်ထွေမင်းသား” တွေနဲ့ သူတို့ရဲ့ပါရမီဖြည့်ဖက် ရဲဘော်ရဲဘက်တွေပါ။ သူတို့တစ်တွေက သူတို့ ရပ်ကွက်လုံခြုံရေး၊ အေးချမ်းသာယာရေးဖွံ့ဖြိုးရေးအတွက် တာဝန်သိသိ ဆောင်ရွက်နေသူများပါ။ ဒီလိုဆောင်ရွက်တဲ့ထဲမှာ “ရဲအလုပ်” “ပိတ်ဆို့” လည်း သူတို့ပါရ။ ည ၁ နာရီ ၂ နာရီအထိခင်ဗျ။“ဝပ်ကင်း” ဆိုလည်း သူများတွေ အိပ်ကောင်းချိန် ည ၂ နာရီက နံနက် ၅ နာရီ အထိ ရပ်ကွက်ထဲ “ခိုး၊ ဆိုး၊ ခါး” ရှာရင် ဖမ်းရင်လည်း သူတို့ပါတာပဲ။ ကုန်ကုန်ပြောရရင် “တရားရုံးသက်သေ” ဆိုလည်း လိုက်ရနဲ့ “ ရဲ” တွေကို ကူညီလိုက်ရတာ။ ဟင့် ခုတော့ဗျာ။ ပြောရက်လိုက်တာ၊ ရဲမှူးကြီးက သူမသိပါတဲ့။ အပေါ်က ခရိုင်အဆင့် တိုင်းအဆင့် မှာ တာဝန်ရှိတဲ့ လူကြီးတွေ တစ်ယောက်နဲ့ မတိုင်ပင်ဘဲ တစ်ယောက်တည်း လုပ်ချင်တာလုပ်လို့ရလို့လားဗျာ။ ရှိပါစေ။  ပြောပါစေတော့။ တကယ်တော့ ခုခေတ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လူမိုက်တွေ၊ ကလေကချေတွေ မဟုတ်ပါ။ အရင် စစ်အစိုးရခေတ်ကလို အပေါ်က ကြိုက်လို့ခန့်ထားတဲ့၊ သူတို့ စိတ်ချရတဲ့ “သူ့လူသူ့ဘက်သား” တွေ မဟုတ်လား။ရပ်ကွက်လူထုက ကြိုက်လို့၊ ရပ်ကွက်အတွက် သင့်တော်မယ်ထင်လို့ ရပ်ကွက်လူထုကိုယ်တိုင် “မဲ” ပေးရွေးထားသူတွေ၊ ရပ်ကွက်က တင်မြှောက်ထားသူတွေပါ။ “ငါမွေးတဲ့ မျောက်၊ ငါ့ပြန်ခြောက်” ဆိုသလို တင်မြှောက်ရွေးချယ် နေရာပေးထားသူတွေကို စော်ကားပါ့မလား။ဒီပြည်သူတွေရဲ့ သားသမီးတွေကို လုပ်ရက်ပါ့မလားဗျာ။ ခိုင်ခိုင်မာမာပြောချင်တာက လက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး Facebook ပေါ်က လက်ပတ်နီ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့တွေက လူမိုက်မဟုတ်ပါ။တကယ်တော့ ဆဒ္ဒန်ဆင်မင်းဝတ္ထုက စာချိုးတစ်ခုလို အစွယ်ကိုလိုသူ မင်းမိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော်မျိုး “ကြံဖော်ကြံဖက်သုံးဦးတွင်မှ ငမိုက်သားမုဆိုး နင်ချည်းပင်သေရော့” ဟုဆိုသလို ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နေ့မအားညမနား ကြိုးပမ်းဆောင်ရွက် တာဝန်ထမ်းဆောင်နေကြတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့အဖို့ အခုတော့ “နင်ချည်းပင်သေရော့” ပစ်ထားတော့မှာလား။တို့မသိဘူး၊ တို့မခိုင်းဘူးလို့ “ဘူးခံ” နေကြရောလား။ “ကြောက်လို့မဟုတ်” မခံချင်လို့ ပြောတာပါ။ “လုပ်ရဲရင်-ခံရဲပါတယ်” မလုပ်ဘဲနဲ့တော့ မခံနိုင်ပါ။ သူများ အထင်မှားမခံနိုင်ပါ။ သမိုင်းစာမျက်နှာထဲမှာ မဟုတ်မဟတ် လုပ်ဇာတ်ခင်းမခံနိုင်ပါ။ ဒါကြောင့် “လက်ပတ်နီ” ဝတ်မိလို့ သိမ်းကျုံးမပြောကြ၊ မမြင်ကြပါနဲ့။ သေသေချာချာ စုံစမ်းလေ့လာကြည့်ရင် “လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားစွာမြင်မှာပါ” ဘယ်လိုခေါ်၍ ဘယ်လိုတာဝန်ပေးတယ်။ ဘယ်သူတာဝန်ပေးတယ်။ ဘယ်လို တာဝန်ယူရတယ်ဆိုတာ တစ်ကန့်စီ တစ်ကန့်စီ အကန့်လိုက် ခွဲခြားသိရှိစေလိုပါတယ်။ ဘုမသိဘမသိ လက်ပတ်နီပတ်လိုက်ရလို့ Facebook မှာ ပုံတွေ ပလူပျံနေကြတယ်။ “မောင်မောင် တာဝန်ကျေ” လက်ပတ်နီတွေအကြောင်း တစေ့တစောင်း ရေးသားတင်ပြရပါကြောင်း။ နိုင်ငံတော်သမ္မတကြီးနှင့် ပြည်သူအပေါင်းတို့ခင်ဗျား။