ပညာရွှေအိုးလူမခိုးလို့ ဆိုရိုးစကား ရှိခဲ့ပေမဲ့ ဒီနေ့ခေတ်မှာ ပညာကို အသပြာ (ရွှေ) နဲ့ဆက်ပြီး ဝယ်ယူရတဲ့ခေတ် ဖြစ်နေပါပြီ။ ကျောင်းကောင်းကောင်း ထားချင်ရင်ပဲဖြစ်ဖြစ်၊ အခန်းကောင်းကောင်း ရချင်ရင်ပဲဖြစ်ဖြစ် ငွေကြေးတတ်နိုင်မှ ဖြစ်မှာပါ။ ဆရာဝန် အင်ဂျင်နီယာဘွဲ့တွေ၊ Ph.D ဘွဲ့တွေလိုချင်ရင်လဲ ငွေမရှိရင်တော့ အနားမကပ် နိုင်ကြပါဘူး။ ထို့အတူ ပညာရေးနယ်ပယ်မှာလည်း ကျောင်းကောင်းကောင်းမှာ တာဝန်ထမ်းဆောင်ချင်ရင်တော့ ငွေရှိရုံနဲ့မလုံလောက် သေးပါဘူး။ အဆက်အသွယ် ကောင်းကောင်းရှိဖို့ လိုပါလိမ့်ဦးမယ်။ အဆက်အသွယ်ကောင်းပြီး ဘွဲ့ကောင်းတွေရှိပေမဲ့ အတွေ့အကြုံ မရှိတဲ့သူတွေကို နာမည်ကြီးကျောင်းကြီးတွေမှာ တာဝန်အသီးသီးပေးခဲ့လို့ မဖြစ်သင့်တာတွေဖြစ်ပြီး၊ ပညာရေးလောကမှာ ကျော်မကောင်း ကြားမကောင်း ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကို စာဖတ်သူများ မှတ်မိနေကြဦးမယ် ထင်ပါတယ်။ ပညာရေးလောကမှာပဲဖြစ်ဖြစ်၊ ဘယ်လောကမှာပဲဖြစ်ဖြစ်၊ ဌာနတွင်း အတွေ့အကြုံရင့်ကျက်သူတွေကို သူ့ရဲ့ပညာအရည်အချင်း၊ လုပ်သက်တွေအပေါ် မူတည်ပြီး ရာထူးဌာနအလိုက် ဦးစားပေး အစီအစဉ် မချမှတ်နိုင်သေးသမျှ စာရေးသူတို့နိုင်ငံဟာ တိုးတက်အောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်အခါမှာ ဆရာတပည့် ကောင်းစားရေး၊ ဆွေမျိုးကောင်းစားရေး စနစ်မျိုးတွေကို ပြောင်းလဲဖြစ်ဖို့ အချိန်တန်နေပါပြီ။
ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် လူတွေဘယ်လောက်ကောင်းကောင်း စည်းစနစ်မကောင်းရင် ဘယ်အရာမှ မတိုးတက်၊ မကြီးပွား၊ မအောင်မြင်နိုင်ပါဘူး။ မိသားစုတစ်စုဖြစ်စေ၊ အဖွဲ့အစည်း တစ်ရပ်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံဖြစ်စေ စည်းစနစ်တွေကောင်းမှ၊ အကျင့်တွေကောင်းမှ၊ လုပ်ရပ်တွေကောင်းမှ အောင်မြင်မှုတွေ၊ ကြီးပွားတိုးတက်မှုတွေ ဖြစ်တည်လာမှာပါ။ ယနေ့ဖွံ့ဖြိုးတိုးတက်ပြီး၊ ကြီးပွားချမ်းသာနေကြတဲ့ နိုင်ငံတွေကို မျှော်ကြည့်လိုက်ရင် စနစ်ကောင်းတွေကို ပိုင်ဆိုင်ကျင့်သုံးနေကြသလို အုပ်ချုပ်သူ အကြီးအကဲတွေကလည်း အမြော်အမြင်ရှိပြီး အကျင့်သီလတွေကောင်းကာ နိုင်ငံခေါင်းဆောင်တွေပီပီ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝ ရှိနေသူတွေအဖြစ် နမူနာယူစရာ မြင်တွေ့နိုင်ပါတယ်။ စည်းကမ်းကောင်းမှ နိုင်ငံကောင်းမှာ ဖြစ်တဲ့အတွက် စည်းတွေမဖောက်ကြဖို့ လိုသလိုပေးထားတဲ့ ကတိစကားတွေကို သူ့ရဲ့စည်းမျဉ်းစည်းကမ်းအတိုင်း ကတိကဝတ်တွေ မချိုးဖောက်ဖို့တော့ လိုကြပါလိမ့်မယ်။ မိမိတို့ပေးထားတဲ့ ကတိကဝတ်တွေ၊ မိမိတို့ထမ်းဆောင်နေရတဲ့ တာဝန်ရှိမှုတွေအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုတွေ မရင့်ကျက်သေးသမျှ (မကျင့်သုံးသေးသမျှ) ပြုပြင်ပြောင်းလဲရေးအပေါ် ပြည်သူတွေက အယုံအကြည်မဲ့နေကြဦးမှာ ဖြစ်ပါတယ်။
အမှန်တကယ်တော့ ဆင်းရဲသားမိဘ ဖြစ်စေ၊ ချမ်းသာတဲ့မိဘဖြစ်စေ၊ အုပ်ချုပ်သူ လူတန်းစား အကြီးအကဲ မိဘများပဲဖြစ်စေ၊ မိမိတို့ရဲ့ ရင်သွေးမျိုးဆက်သစ်လေးတွေကို ကျောင်းကောင်းကောင်းတွေထားပြီး ခေတ်ပညာတတ်ကြီး ဖြစ်ချင်ကြမှာပါ။ ကိုယ့်ရဲ့ သားသမီး၊ ကိုယ့်ရဲ့ရင်သွေးလေးတွေ မျက်နှာငယ်ရမယ့် အဖြစ်မျိုး၊ ဘယ်မိဘမှမြင်ချင်ကြမှာ မဟုတ်ပါဘူး။ ပညာရေးစနစ်တွေကောင်းတဲ့ နိုင်ငံရေးစနစ်တွေကောင်းတဲ့ နိုင်ငံတွေမှာ လူတန်းစားမရွေး၊ အလွှာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ မျက်နှာကြီးငယ်မရွေး၊ မျက်နှာမငယ်ရဘဲ တန်းတူညီတူ အဆင့်အတန်းတူ ပညာရည်နို့ သောက်သုံးခွင့် ရရှိနေကြတာတွေဟာ အားကျဂုဏ်ယူစရာပါ။ ဒီလိုအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ စာရေးသူတို့နိုင်ငံရဲ့ ပညာရေးစနစ်ကို ပြောင်းလဲပစ်ဖို့ မျိုးဆက်သစ်ကျောင်းသား လူငယ်တွေဟာ မတ်လရဲ့ ရာသီဥတု အပူချိန်ဒဏ်၊ အစားဆင်းရဲ အနေဆင်းရဲဒဏ် အမျိုးမျိုးသော အကျပ်အတည်း ဒဏ်တွေကို ခုခံရင်း မျိုးဆက်သစ်တစ်ခုလုံးအတွက် စွန့်လွှတ်အနစ်နာခံကာ သူတို့ရဲ့ ယုံကြည်မှုကို တစ်လက်မမှ မလျှော့စတမ်း တောင်းဆိုတိုက်ပွဲ ဝင်နေကြခြင်း ဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ ယနေ့လူငယ်သည် တိုင်းပြည်အတွက် တိုင်းပြည်သည် ယနေ့လူငယ်အတွက် ဆိုသလိုပဲ ယနေ့လူ ငယ်တွေဟာ ကြီးမားတဲ့ အင်အားစုတစ်ရပ်အဖြစ် တည်ရှိနေတဲ့အတွက် တိုင်းပြည်ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် အားမာန်အပြည့်ရှိနေကြတဲ့ သူတွေပဲဖြစ်ပါတယ်။ လူငယ်အများစုဟာ လူငယ်တို့ဘာသာ ဘာဝအတိုင်း ရိုးသားတယ်၊ ဖြူစင်တယ်၊ မဟုတ်မမှန် မတရားတာတွေကို လက်မခံလိုကြဘူး။ ရိုးသားဖြူစင်တဲ့ လူငယ်တွေကို လမ်းမှားမရောက်အောင် မှန်ကန်တဲ့ ရပ်တည်ချက်တွေနဲ့ ရှင်သန်နိုင်အောင် တိုင်းပြည်နဲ့ အနာဂတ်အတွက် ကိုယ်စီတာဝန်ကျေပွန်နိုင်အောင် မိဘ၊ ဆရာသမားတွေနဲ့ နိုင်ငံခေါင်းဆောင်တွေက ဆောင်ကြဉ်းပေးဖို့လိုသလို လူငယ်တွေရဲ့ မှန်ကန်တဲ့ရပ်တည်ချက်တွေ ရှင်သန်လာအောင် ပြုစုပျိုးထောင်ပေးကြဘို့ လိုပါတယ်။
သို့ဖြစ်၍လည်း ဒီမိုကရေစီပညာရေး ထွန်းကားလာစေရေးအတွက် အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရန် ပူပြင်းခြောက်သွေ့လှတဲ့ ရာသီဥတုဒဏ်ကို အံတုပြီး ကိုယ်ကျိုးစွန့် အနစ်နာခံကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တိုက်ပွဲဝင်နေကြတဲ့ မျိုးဆက်သစ်လူငယ် ကျောင်းသားများအနေနဲ့ “လူငယ်ခေါင်းဆောင်များကို ကျုပ်လည်းလူငယ် ဖြစ်တဲ့အတိုင်း အထူးမေတ္တာရပ်ခံသွားချင်တယ်၊ လူငယ်တွေဟာ တိုင်းပြည်နှင့် လူမျိုးအတွက် ဘယ်လောက် လုပ်တယ်ဆိုတာ လူအများအပြား သိကြတာပဲ။ လူကြီးတွေဆိုတာလည်း ဒီတိုင်းပြည်မှာ အတော်ပဲ မရှိကြတော့ဘူး။ လူငယ်တွေရဲ့ခေတ် ရောက်လာပါပြီ။ ဒီလို မိမိတို့ခေတ် ရောက်လာတဲ့အခါ မိမိတို့ဟာ ရှေးကနိုင်ငံရေးသမားတွေ မှားသလို မမှားကြတော့ပဲ နည်းသစ်၊ အလုပ်သစ်၊ စိတ်သစ်၊ နိုင်ငံရေးသစ်ကိုလုပ်ဖို့ အထူးသတိပြုစေလိုပါတယ်။ တစ်ဦးနဲ့တစ်ဦးလည်း အယုံအကြည် အရမ်းမကင်းကြပါနှင့်။ တစ်ဦးနှင့်တစ်ဦးလည်း ဝေဖန်လွန်းအား မကြီးပါနှင့်၊ ရှေ့ကိုလည်း သိပ်လောမကြီးပါနှင့်၊ သိပ်လောကြီးရင် စစ်ကျွံသလို ဖြစ်မယ်ဆိုတာ သတိပြုပါ” လို့ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် ဖဆပလ ပြည်လုံးကျွတ် ညီလာခံတစ်ရပ်မှာ ပြောကြားခဲ့တဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းအား အလေးအနက်ထားပြီး မိမိတို့ရည်မှန်းချက် ပန်းတိုင်ရောက်ရှိအောင် ဆောင်ရွက်သွားကြဘို့ လိုသလို နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ၊ လူထုလူတန်းစားအလွှာ အသီးသီးမှ ပြည်သူများ အနေဖြင့်လည်း မိမိတို့ရဲ့ အနာဂတ်ရင် သွေးငယ်များရဲ့ ဒီမိုကရေစီ ပညာရေးစနစ် ထွန်းကားလာ စေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝန်းရံပေးသွားဖို့ လိုအပ်လှပါကြောင်း တိုက်တွန်းရေးသား လိုက်ရပါတယ်။