တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ အဆိုပြုချက် ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးနိုင်ရေး လက်ရှိအချိန်အထိ မသေချာ

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ အဆိုပြုချက် ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးနိုင်ရေး လက်ရှိအချိန်အထိ မသေချာ
Published 8 February 2015

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က လာမည့်ပြည်ထောင်စုနေ့တွင် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော အမျိုးသားပြည်နယ်များကို အခြေခံ၍ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို ဦးထိပ်ပန်ဆင်ကာ ‘ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်’ ကို ကတိကဝတ်ပြု ပါဝင်လက်မှတ်ရေးထိုး သွားကြရန် အစိုးရထံသို့ အဆိုပြုထားရာ ယင်းအဆိုပြုချက်ကို လက်မှတ်ရေးထိုးနိုင်ရေး လက်ရှိအချိန်ထိ မသေချာသေးကြောင်း နှစ်ဖက်ကိုယ်စားလှယ်များထံမှ သိရသည်။အလားတူ UNFC အဖွဲ့ဝင်အဖြစ်မှ ပါဝင်မှု ယာယီရပ်ဆိုင်းထားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ UNFC အဖွဲ့ဝင် မဟုတ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားအဖွဲ့ (NDAA)တို့ကလည်း ပြည်ထောင်စုနေ့တွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေး စာချုပ်ကို ချုပ်ဆိုရေး အဆိုပြုထားသည်။ပြည်ထောင်စုနေ့တွင် သဘောတူညီချက် တစ်ရပ်ရပ် လက်မှတ်ရေးထိုးနိုင်ရေးမှာ ဆက်လက်ညှိနှိုင်းရဦးမည်ဟု Myanmar Peace Center မှ ဦးလှမောင်ရွှေက ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားသည်။“ဆက်ပြီးတော့ ညှိနှိုင်းဖို့ ကြိုးစားနေတယ်။ တကယ် ထိုးနိုင်မယ်၊ မထိုးနိုင်ဘူး ဆိုတာက ညှိနှိုင်းလို့ ရရင်လည်း ထိုးပေါ့။ ထိုးရင်လည်း ထိုးတဲ့ဟာက NCA နဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ခွန်အားဖြစ်တဲ့ဟာပဲ ဖြစ်မှာပေါ့။ ထိုးနိုင်မယ်၊ မထိုးနိုင်ဘူး ဆိုတာကတော့ နောက်ရက်တွေကျမှ သိရမှာပေါ့” ဟု ၎င်းကဆိုသည်။UNFC ၏ အထွေထွေ အတွင်းရေးမှူး ခူဦးရယ်ကလည်း “အဲဒီ ညှိနှိုင်းတဲ့ အခြေအနေက သိပ်အဆင်မချောသေးဘူး ခင်ဗျ။ သိပ်အဆင်မချောသေးဘူး ဆိုတာက လက်မှတ်ထိုးမယ့် အကြောင်းအရာနဲ့ ပတ်သက်လို့ ညှိနှိုင်းဆောင်ရွက်ဖို့ လိုပါတယ်။ အဲဒါကြောင့် ဘာဖြစ်နိုင်မယ်ဆိုတာ မပြောသေးဘူး။ သူတို့ပေးလာတဲ့ အချက်တွေကို ထုတ်ပြောရင် အချက်ငါးချက်ပေါ့။ ဒါပေမဲ့ ချုပ်ပြီးပြောရရင် NCA (တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်) မှာပါတဲ့ အကြောင်းအချက်တွေကို ကျော်လွန်ပြီးမှ ဘယ်အချက်ကိုမှ ဆွေးနွေးဖို့ အကြောင်းမရှိဘူး ဆိုတာမျိုးတွေပေါ့” ဟု ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားသည်။အဆိုပါ ပြည်ထောင်စုနေ့တွင် သဘောတူညီချက် တစ်ရပ်ရပ် လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စနှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆွေးနွေးပွဲ ပြန်လည်ပြုလုပ်နိုင်ရန် ကိစ္စတို့နှင့် ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရကိုယ်စားလှယ် အဖွဲ့များသည် ဖေဖော်ဝါရီ  ၅ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။ထိုသို့တွေ့ဆုံစဉ် ဝန်ကြီးဦးအောင်မင်းက ငြိမ်းချမ်းရေးကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အတူတကွ ဆက်လက်ဖော်ဆောင်မည်ဆိုသည့် နားလည်မှု စာချွန်လွှာကို ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးရန် အစိုးရ၏ သဘောထားကို ရှင်းပြခဲ့ကြောင်း သိရသည်။ယင်းနားလည်မှု စာချွန်လွှာတွင် ငြိမ်းချမ်းရေးကို ဆက်လက်အကောင်အထည်ဖော်မည်။ ဖက်ဒရယ်ပြည်ထောင်စု အတူတကွ ပူးပေါင်းတည်ဆောက်သွားကြမည်။ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြမည်။ နိုင်ငံရေးဆွေးနွေးရေး မူဘောင်ကို အတူတကွ ရေးဆွဲမည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်သွားကြမည် စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။အကယ်၍ ပြည်ထောင်စုနေ့တွင်သဘော တူညီချက်တစ်ရပ်ရပ် လက်မှတ်ရေးထိုးနိုင်ပါက တစ်ဖွဲ့ချင်း အနေဖြင့် လက်မှတ်ထိုးရန် အစိုးရက သဘောထားပေးထားကြောင်း၊ သိရသည်။

Most Read

Most Recent