ရွေးချယ်ခံ ကိုယ်စားလှယ် ၁၁၅ ဦး ကတိသစ္စာပြု၍ စည်ပင်သာယာရေး ကော်မတီဝင်များအဖြစ် စတင် တာဝန်ထမ်းဆောင်

ရွေးချယ်ခံ ကိုယ်စားလှယ် ၁၁၅ ဦး ကတိသစ္စာပြု၍ စည်ပင်သာယာရေး ကော်မတီဝင်များအဖြစ် စတင် တာဝန်ထမ်းဆောင်
Published 6 January 2015
ကျော်ထင်

ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများတွင် ရွေးချယ်ခံခဲ့ရသည့် ကိုယ်စားလှယ် ၁၁၅ ဦးအား ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့တော် ခန်းမတွင် ကတိသစ္စာပြုပြီး ကော်မတီဝင်များအဖြစ် စတင်တာဝန်ထမ်းဆောင်ခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများတွင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၉၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်တွင် လေးဦး၊ ခရိုင်စည်ပင်သာယာရေး ကော်မတီ အဆင့်တွင် ၁၂၅ ဦးနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီအဆင့်တွင် ၉၉ ဦး စုစုပေါင်း ၁၁၅ ဦးရွေးချယ်ခဲ့ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့် လေးဦးတွင် အရှေ့ပိုင်းခရိုင် ကိုယ်စားပြုအဖြစ် ဦးဌေးအောင် (Sakura)၊ အနောက်ပိုင်းခရိုင် ကိုယ်စားပြုအဖြစ် ဦးခင်လှိုင် (ဇောတိက)၊ တောင်ပိုင်းခရိုင် ကိုယ်စားပြုအဖြစ် ဒေါက်တာအေးမင်းနှင့် မြောက်ပိုင်းခရိုင် ကိုယ်စားပြုအဖြစ် ဦးခင်မောင်တင့်တို့ ပါဝင်ခဲ့သည်။ရွေးချယ်ခံရသည့် ကိုယ်စားလှယ်များသည် “စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် ရွေးကောက်ခံရပြီး ဖြစ်သဖြင့် နိုင်ငံတော်၏ တည်ဆဲဥပဒေများကို လေးစားလိုက်နာပါမည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပါမည်။ ထို့ပြင် ယခု ကျွနု်ပ် တာဝန်ထမ်းဆောင်မည်ဖြစ်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအပေါ် သစ္စာရှိစွာဖြင့် ကော်မတီ၏ တာဝန်ဝတ္တရားများကို ရိုးသားဖြောင့်မတ် မှန်ကန်စွာ ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပေးအပ်သော တာဝန်များကို ကိုယ်စွမ်းရှိသရွေ့၊ ဉာဏ်စွမ်းရှိသရွေ့ ထမ်းဆောင်ပါမည်ဖြစ်ကြောင်း” ကတိသစ္စာ ပြုခဲ့သည်။“စည်ပင်သာယာရေး ကော်မတီဝင်တွေ အနေနဲ့ အစပထမမှာ ပြဿနာ၊ အခက်အခဲများ၊ စိန်ခေါ်မှုများနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒီအခက်အခဲတွေကို မိမိကို အပ်နှင်းထားတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်များအတိုင်း တာဝန်ယူ၊ တာဝန်ခံမှုများ ရှိစွာဖြင့် အကောင်းဆုံးကြိုးစား ဖြေရှင်းဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက ယင်းအခမ်းအနားတွင် ပြောကြားသည်။“စည်းကမ်းကျနတဲ့ ကောင်းမွန်တဲ့ ရန်ကုန်မြို့တော်ကြီး ဖြစ်ချင်တာပေါ့။ ဖြစ်ချင်တိုင်းလည်း တစ်ဖက်ကို လှည့်မကြည့်ဘဲ လုပ်လို့မရဘူး။ လမ်းဘေးဈေးသည်တွေကိုရော သင့်တော်တဲ့ နေရာချထားပေးမှုတွေ လုပ်ချင်တယ်။ သူတို့ရဲ့ စားဝတ်နေရေးကို ကြည့်ရှုစောင့်ရှောက်ချင်တယ်။ တစ်ချိန်တည်းမှာပဲ ကျန်းမာတဲ့ ရန်ကုန်မြို့ကြီးဖြစ်အောင် ကျွန်တော်တို့ လုပ်ချင်တယ်။ အဲဒီလို လုပ်တဲ့အခါ ဘဏ္ဍာငွေ အခက်အခဲတွေ ရှိကောင်း ရှိပါလိမ့်မယ်။ လိုအပ်ရင် ပြည်သူလူထု အကူအညီ၊ နိုင်ငံခြား အကူအညီ မျိုးစုံ၊ ကျွန်တော်တု့ိ ကိုယ်တိုင်လည်း ဆောင်ရွက်မယ်။ ကျွန်တော်တို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် လုပ်မယ်ဆိုရင် ရန်ကုန်မြို့တော်ကြီးက တဖြည်းဖြည်း ကျန်းမာသန့်ရှင်း ဖွံ့ဖြိုးတဲ့ မြို့တော်ကြီး ဖြစ်လာမှာပါ။ စည်းစည်းလုံးလုံးနဲ့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှု၊ နားလည်မှုပေးပါ။ တစ်ဖက်ကလည်း ယုံကြည်နိုင်အောင်၊ နားလည်နိုင်အောင် ကြိုးစားပါ့မယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဖြစ်လာသည့် ဒေါက်တာအေးမင်းက ပြောကြားသည်။အဆိုပါ ကော်မတီဝင်များသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ကော်မတီဝင်များ၏ ခံစားခွင့်များ၊ လစာနှင့် စရိတ်များ၊ အခြားသင့်လျော်သည့် အဆောင်အယောင်များကိုလည်း ပေးအပ်နိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောကြားသည်။ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်သည် လစာငွေ ကျပ်သုံးသိန်းနှစ်သောင်း၊ ခရိုင်စည်ပင်သာယာရေး ကော်မတီဝင်သည် ကျပ်နှစ်သိန်းနှစ်သောင်းနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်သည် ကျပ်တစ်သိန်းနှစ်သောင်း ခံစားခွင့် ရရှိမည်ဖြစ်ပြီး ယခု ကော်မတီဝင်များသည် စုစုပေါင်း တစ်နှစ်နှင့် သုံးလခန့် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။