“နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူ လုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တာ။ မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။ အဲတော့ နောင်ကို ဆူဆူပူပူ လုပ်မယ်ဆိုရင်တော့ တပ်ကို သုံးလို့ရှိရင်တော့ အဲဒါ ဆူတဲ့သူတွေ မသက်သာဘူးသာ မှတ်ပေတော့” ဟူ၍ ၂၃-၇-၁၉၈၈ နေ့တွင် ထိုစဉ်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းက မိန့်ခွန်းပြောကြားနေစဉ်
(၁)ကျွန်တော်တို့ အသက်ငယ်ငယ်တုန်းက ဆိုရင် တစ်နှစ်တစ်နှစ် ကူးပြောင်းဖို့အတွက် အရမ်းကြာတယ်လို့ ထင်တယ်။ နှစ်သစ်ကူး ရောက်သွားမယ်။ သင်္ကြန် ရောက်လာမယ်။ အဲဒါတွေကို အချိန်တွေကို စောင့်ရတယ်။ အခု အသက်ကြီးလာတဲ့ အခါကျတော့ တစ်နှစ်တစ်နှစ်ကုန်တာ အရမ်းမြန်ပါတယ်။ သွားခရီးက ကြာတယ်။ အပြန်ခရီးက မြန်တယ်။ ဒါ လူဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချိန်တွေဟာ ကုန်လို့ကုန်မှန်း မသိ ကျွန်တော်တို့ ဘဝတွေ ကုန်သွားတယ်။ အခုလည်း ၂၀၁၅ မကြာခင်ပဲ ရောက်လာတော့မယ်။(၂)ဘာလိုလိုနဲ့ ကျွန်တော့်အဖေဆုံးတာ နှစ်နှစ်ပြည့်သွားပြီ။ နှစ်နှစ်ဆိုတာ မနေ့တစ်နေ့ကလိုပဲ ကျွန်တော်က ထင်တယ်။ ကျွန်တော်အဖေ့ ဆုံးခါနီး အချိန်ကို အခုထက်ထိ သတိရနေတုန်းပဲ။ ဒီနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှာ ကျွန်တော့်အဖေဆုံးတာ နှစ်နှစ်ပြည့်ပြီ။ အဲဒီအချိန်မှာ ကျွန်တော်တို့ နှစ်တိုင်း မနှစ်ကတော့ တစ်နှစ်ပြည့်တဲ့ အချိန်မှာ တိပိဋကတ်ကျောင်းမှာ ဆွမ်းကပ်တယ်။ ဒီနှစ်ကျတော့လည်း အဲဒီကျောင်းမှာပဲ ဆွမ်းကပ်တယ်။ ဒါပေမဲ့ ဒီဆွမ်းကပ်တဲ့ အချိန်မှာ ကျွန်တော်က မိသားစုနဲ့အတူ အလှူအတန်း လုပ်နေတဲ့ အချိန်မှာ မရှိနိုင်ဘူး။ နေပြည်တော်မှာ တရားရုံး ရင်ဆိုင်နေရတယ်။ အဲဒီအချိန်တွေမှာ အဖေ့ကို ပိုပြီးတော့ သတိရစေတဲ့ အကြောင်းအရင်းတွေ ဖြစ်စေတယ်။ ကျွန်တော်တို့အဖေရဲ့ နောက်ဆုံးအချိန်မှာ ကျွန်တော်က အဖေဆေးကုတဲ့ စင်ကာပူဆေးရုံကို လိုက်သွားတော့ ၄ နာရီခွဲမှာ လေယာဉ်ဆိုက်တယ်။ အဖေဆုံးတော့ ၆ နာရီခွဲ ၇ နာရီ။ အဖေက ကျွန်တော့်ကို စောင့်နေခဲ့ပုံရတယ်။ ဆုံးခါနီးမှာလည်း အဖေက ကျွန်တော့်ကို စကားတစ်ခုပြောဖို့ စိုးရိမ်တဲ့ အကြည့်နဲ့ ကြည့်နေတယ်။ စကားတစ်ခုပြောဖို့ အားတွေ စိုက်နေတယ်။ နောက်တော့မှ သူ့ဟာသူ တရားမှတ်ပြီးတော့ သူ့ဟာသူ ဆုံးသွားတယ်။ အဖေ ဘာပြောချင်သလဲ၊ အဖေပြောချင်တဲ့ စကားကို ကျွန်တော် နားမလည်လိုက်ဘူး။ ဒါပေမဲ့ သေချာတာကတော့ အဖေဟာ ကျွန်တော့်ကို တစ်ခုခုပြောဖို့ အာရုံစိုက်နေတယ်ဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော့်အပေါ်မှာ အဖေ တစ်ခုခု စိုးရိမ်နေတယ်။ ဒီလို စိုးရိမ်စရာ အကြောင်းအရင်းကလည်း ကျွန်တော်တို့မှာ ရှိနေတယ်။အဖေမဆုံးခင် တစ်လ၊ နှစ်လ အလိုလောက်မှာ အဖေနဲ့ ကျွန်တော် နှစ်ယောက်တည်း စကားအေးအေးဆေးဆေး ပြောဖြစ်တယ်။ အဖေက မေးတယ်။ မင်းဘယ်လို ဆက်လုပ်မလဲ။ မင်းမှာ အန္တရာယ်တွေလည်း ရှိလာပြီ။ အဖေက သူ့ရဲ့ နောက်ဆုံးအချိန်ကို သူ့ဟာသူ ကြိုသိပုံရတယ်။ ဒါပေမဲ့ သူသေမယ်လို့၊ သူ့ရောဂါကြီးတယ်လို့ ဘယ်တော့မှ ဝန်မခံဘူး။ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ဖို့အတွက် သူဆန္ဒရှိတယ်။ကျွန်တော် ဘယ်လိုနည်းတွေနဲ့ ရှေ့ခရီးဆက်မလဲ။ ကျွန်တော်တို့ ဘဝမှာ ၂၀၁၅ ဟာ Turning Point ပဲ။ တိုင်းပြည်အတွက်လည်း အရေးကြီးဆုံး အချိန်ပါ။ ဒါကြောင့် ၂၀၁၅ မှာ ကျွန်တော်ဟာ ဘယ်လိုအခက်အခဲတွေနဲ့ပဲ ကြုံကြုံ ကျွန်တော်ရင်ဆိုင်ဖို့ အသင့်ရှိနေပြီ။ ကျွန်တော်ဟာ တာဝန်ရှိတဲ့ လူတစ်ယောက် ဖြစ်နေပြီ။ တာဝန်ရှိတဲ့ လူတစ်ယောက် အနေနဲ့ တိုင်းပြည်အတွက် ကျွန်တော် အရင်ကလို ရှောင်လို့မရဘူး။ အဲဒါ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ပဲလို့ အဖေ့ကို ပြောလိုက်တယ်။အဲဒီတော့ အဖေက ကျွန်တော့်ကို မင်း အသက် ၅၀ ရှိပြီ။ မင်းလည်း မငယ်တော့ဘူးလို့လည်း မပြောဘူး။ မင်းဟာ နှလုံးရောဂါ ရှိတယ်။ မင်း ထောင်ကျသွားရင် ထောင်ထဲမှာပဲ အသက်သေသွားနိုင်တယ်လို့လည်း မပြောဘူး။ မင်းကလေးတွေက သိပ်ငယ်သေးတယ်။ မင်းကလည်း ချမ်းသာနေပြီ။ မင်းအနေနဲ့ အေးအေးဆေးဆေးပဲ နေသင့်ပြီလို့လည်း မပြောပါဘူး။ ကျွန်တော်က ဆုံးဖြတ်ပြီးပြီဆိုရင် ဘယ်တော့မှ ပြန်မပြင်တတ်ဘူးဆိုတာ အဖေ သိနေပါတယ်။ ၂၀၁၅ အပြောင်းအလဲဟာ ကျွန်တော်တို့ရဲ့ နောက်ဆုံးအခွင့်အရေးအဖြစ် ဒါကို လက်လွှတ်ခံမှာ မဟုတ်ဘူးဆိုတာ အဖေသိတယ်။ ဒါကြောင့် အဖေက ကျွန်တော့်ကို တစ်ခွန်းပဲ ပြောပါတယ်။ သား ဒုက္ခတွေ ဘယ်လိုပဲတွေ့တွေ့ မင်းတရားနဲ့နေနိုင်အောင် ကျင့်ကြံပါ။ သတိကို အမြဲတမ်း ထားပါ။ မင်း ပစ္စုပ္ပန် တည့်တည့်မှာ နေနိုင်ရင် ဒုက္ခတွေဟာ သက်သာတတ်တယ်။ ပစ္စုပ္ပန် တည့်တည့်မှ ရှုနိုင်ဖို့ ကြိုးစားပါ။ ဒါဟာ အဖေက ကျွန်တော့်ကို နောက်ဆုံးပေးခဲ့တဲ့ စကားလက်ဆောင်ပါ။ အခုအချိန်ထိ အမှတ်ရနေပါတယ်။ ဒီလို အခက်အခဲတွေ တွေ့နေတဲ့ အချိန်မှာ ကျွန်တော်အဖေ့ရဲ့ ဒီစကားကို အမြဲတမ်း သတိရနေမိပါတယ်။(၃)ကျွန်တော့် ဆုံးဖြတ်ချက်က ခိုင်မာပါတယ်။ ၂၀၁၅ ဟာ ကျွန်တော်တို့အတွက်၊ နောက်ဆုံး တိုင်းပြည်အတွက်၊ နောက်လာမယ့် ကျွန်တော်တို့ သားသမီး မျိုးဆက်တွေအတွက် နောက်ဆုံးအခွင့်အလမ်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Generation ဟာ X Generation ပါ။ အသက် ၄၅ နှစ်ကနေ အသက် ၇၀ ကျော်အထိ။ ဒေါ်အောင်ဆန်းစုကြည် အထိပေါ့။ အာဏာရှင် ဦးနေဝင်း အာဏာမသိမ်းခင်မှာ တချို့က မွေးခဲ့တယ်။ တချို့က အာဏာရှင် ဦးနေဝင်း လက်အောက်မှာ မွေးတယ်။ အဲဒီလက်အောက်မှာ ကြီးပြင်းလာကြရတယ်။ ကျွန်တော်တို့ဟာ အာဏာရှင်စနစ်ကြောင့် တိုင်းပြည် ဘယ်လို ပျက်သုဉ်းခဲ့ရတယ်။ အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ တိုင်းပြည်ကြီး တိုးတက်အောင် လုပ်ဆောင်ဖို့ ကျွန်တော်တို့ Generation ဟာ အားရှိသမျှ အာရုံအလုံအလောက် စိုက်ခဲ့ရတယ်။ ပေးဆပ်မှုတွေ အများကြီး လုပ်ခဲ့ရတယ်။ အခုထက်ထိလည်း ပေးဆပ်နေရတုန်းပဲ။ ကျွန်တော်တို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ နိုင်ငံရေး အတွေ့အကြုံတွေ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျွန်တော်တို့မျိုးဆက်ရဲ့ နိုင်ငံရေး အတွေ့အကြုံတွေကို နောက်မျိုးဆက်ကို ပေးနိုင်ဖို့ ၂၀၁၅ ဟာ နောက်ဆုံးအခွင့်အရေးပဲ ဖြစ်တယ်။နောက်တစ်ခုက Y Generation။ Y Generation က အသက် ၂၀၊ ၂၅ ကနေ ၄၅ နှစ်အထိ အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုအောက်မှာ၊ နောက်တန်းကျတဲ့ ပညာရေးအောက်မှာ ကြီးပြင်းရတယ်။ နိုင်ငံတကာကိုသွားပြီး အလုပ်လုပ်ကြရတယ်။ နိုင်ငံရေး အသိပညာ နိမ့်ကျခဲ့ရတယ်။ အဲဒီ Generation ဟာ မကြာခင် အချိန်အတွင်းမှာ သူတို့ရဲ့ အကောင်းဆုံးအချိန်တွေ ရောက်ရှိလာတော့မှာပါ။ ဒါပေမဲ့ သူတို့ကိုယ်တိုင် နိုင်ငံရေးအသိပညာ နိမ့်ပါးတဲ့အတွက် Fighting Spirit ကတော့ အခြား Generation တွေထက် နိမ့်နေတယ်။ဒါပေမဲ့ သူတို့ဟာ အခုချိန်မှာ မျက်စိပွင့်နားပွင့် ဖြစ်လာပြီ။ မကြာသေးခင်က ဖွင့်လာခဲ့တဲ့ မီဒီယာလွတ်လပ်ခွင့်နဲ့ အတူ၊ အိုင်တီစနစ်နဲ့ အတူ ဒီ Generation မကြာခင်မှာ မျက်စိပွင့်လာတော့မှာပါ။ ဒီ Generation ရဲ့ အားတွေ ရင့်မှည့်ချိန် ရောက်လာပြီ။ နောက်တစ်ခုက အသက် ၂၀ အောက် ကျွန်တော့်သားတွေရဲ့ Thumb Generation ပေါ့။ ဒီ Z လို့လည်းခေါ်တဲ့ Generation ဟာ Fighting Spirit နဲ့အတူ နိုးထဖို့အတွက် အခွင့်ကောင်းကို ရောက်ရှိလာပြီ။ အဲဒီတော့ ဒီ Generation သုံးခုလုံးရဲ့ ဆုံမှတ်ဟာ ၂၀၁၅ ဖြစ်တယ်။ ၂၀၁၅ မှာသာ ကျွန်တော်တို့ တိုင်းပြည်ကို အေးအေးချမ်းချမ်းနဲ့ မပြောင်းလဲနိုင်ခဲ့ဘူးဆိုရင် တိုင်းပြည်ဟာ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲမယ့်ဘေး။ အဆိုးရွားဆုံး အာဏာရှင်စနစ်နဲ့ ကြုံတွေ့ရဖို့ ရှိလာပြီ။ မကြာခင်မှာ အာဏာရှင်လက်သစ်တွေ မွေးထုတ်တော့မယ်။ အာဏာရှင်စနစ်ရဲ့ အဆိုးဆုံးဒဏ်တွေကို ကျွန်တော်တို့ ခံရတော့မယ်။ ဒါကြောင့်မို့လို့ ၂၀၁၅ ဟာ ကျွန်တော်တို့အတွက် အများကြီး အရေးကြီးပါတယ်။
၂၀၁၅ နဲ့ ပတ်သက်ပြီး သမ္မတကြီးကို ပြောချင်တာကတော့ ကောင်းလာခဲ့တဲ့ သမိုင်းကြောင်းကို ထောက်ရှုပြီး ဦးနေဝင်းလို သမိုင်းဆိုး လုပ်မသွားဖို့ပါဘဲ။ တိုင်းပြည် ဆင်းရဲမွဲတေပြီး မတရားမှု မျိုးစုံကို ခံစားနေရတဲ့ ပြည်သူတွေ၊ အနာဂတ် ပျောက်နေတဲ့ မျိုးဆက်တွေ ကျွန်တော်တို့ အားလုံးဟာ ထောင့်ကျဉ်းလေးထဲမှာ ချောင်ပိတ်မိနေပါပြီ။ ပြည်သူတွေ မျှော်လင့်ချက်မဲ့အောင် ထပ်မလုပ်ဖို့၊ မတရားမှုတွေကို ရပ်တန်းကရပ်ဖို့ သမ္မတကြီး သတိပြုမိ စေလိုပါတယ် . . . . .
၂၀၁၅ မှာ အင်ဒိုနီးရှားနိုင်ငံလို အေးအေးချမ်းချမ်းမျိုးနဲ့ ပြောင်းလဲသွားမလား။ ဘာလို့လဲဆိုတော့ အာဏာရှင်စနစ်၊ စစ်တပ်အာဏာရှင် စနစ်ကနေ အေးအေးချမ်းချမ်းနဲ့ အသွင်ကူးပြောင်းတဲ့ နိုင်ငံဟာ တခြားနိုင်ငံတွေထက် တိုးတက်မှုနှုန်း မြန်ဆန်ပြီးတော့ ပိုပြီး ခေတ်မီနိုင်ငံဖြစ်ဖို့ အခွင့်အလမ်း ရှိတယ်။ ဒါဟာ တခြား ကွန်မြူနစ်နိုင်ငံတွေထက် ပိုပြီးတော့ မြန်ဆန်တယ်။ ဒါမျိုးကို ဘယ်လိုတွေ့နိုင်မလဲဆိုရင် အင်ဒိုနီးရှားနိုင်ငံနဲ့ တောင်ကိုးရီးယားနိုင်ငံလို့ပဲ ပြောရမှာပါ။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ ဒီအခွင့်အလမ်းတွေ ရှိနေတယ်။ ဒီ အခွင့်အလမ်းမျိုးကို ၂၀၁၁ နဲ့ ၂၀၁၂ မှာ ရခဲ့ဖူးတယ်။ ဒါပေမဲ့ အခု နောက်ပြန်သွားနေတယ်။ ၂၀၁၅ မှာ အာဏာရှင်လက်သစ် ဖြစ်လာနိုင်တဲ့ လူတွေဟာ အာဏာကို လက်မလွှတ်နိုင်ဇောနဲ့ နည်းမျိုးစုံ ကြံစည်နေကြတယ်။ တိုင်းပြည်ကို မီးဟုန်းဟုန်းတောက်အောင်၊ တိုင်းပြည်ရဲ့ အနာဂတ်တွေ ပျက်သုဉ်းအောင်၊ လူငယ်တွေရဲ့ အနာဂတ်တွေ အားလုံးပျက်သုဉ်းအောင် ကြံဆောင်နေကြတယ်။ သူတို့ဟာ ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ညစ်ပတ်ဖို့ ကြိုးစားနေတယ်။ ရွှေ့ဆိုင်းဖို့ ကြိုးစားနေတယ်။ ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ညစ်ပတ်ရွှေ့ဆိုင်းလို့ မရဘူးဆိုရင် မငြိမ်မသက်မှုတွေ ဖန်တီးပြီးတော့ စစ်တပ်ကို အာဏာသိမ်းအောင်။ စစ်တပ်ကို အာဏာလွှဲအောင် ကြံကြလိမ့်မယ်။ ဒီအင်အား လက်တစ်ဆုပ်စာ လူတစ်စုကြောင့် ကျွန်တော်တို့တိုင်းပြည် မီးဟုန်းဟုန်း အတောက်မခံနိုင်ဘူး။(၄)ကျွန်တော့်အနေနဲ့ တာဝန်ရှိတဲ့ ဂျာနယ်လစ်တစ်ဦး အနေနဲ့ လူထုနဲ့ တိုင်းပြည်ကို အမှန်တွေ သတိပေးဖို့ ရှိပါတယ်။ ကျွန်တော်ဟာ သိသင့်သိထိုက်တာတွေကို ပြောဖို့ တာဝန်ရှိတယ်။ ကျွန်တော့်အနေနဲ့ ယုံကြည်ခိုင်မာလောက်တဲ့ Source တွေ၊ ယုံကြည်ခိုင်မာလောက်တဲ့ သတင်းတွေအရ-နံပါတ် ၁ အချက် ဒီလို တိုင်းပြည် မီးဟုန်းဟုန်းတောက်ပြီး နောက်ထပ်အာဏာရှင် လက်သစ်တွေ ဖန်တီးတဲ့ အထဲမှာ ယခင်အစိုးရဟောင်းတွေဖြစ်တဲ့ အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ ဦးမောင်အေးတို့ မပါဝင်ဘူး။နံပါတ် ၂ အချက် အခုလက်ရှိ တပ်မတော်မှာ ထမ်းဆောင်နေတဲ့ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်ခေါင်းဆောင်တွေ အများစု မပါဝင်ဘူး။နံပါတ် ၃ အချက် လက်ရှိအာဏာရ ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီက ခေါင်းဆောင်ဟောင်းတွေ ခေါင်းဆောင်တွေ မပါဝင်ဘူး။တပ်မတော် အနေနဲ့ကတော့ အင်ဒိုနီးရှားအတိုင်း စနစ်တကျ စွန့်ခွာဖို့ သူတို့ ပြင်ဆင်နေတယ်။ ဒီအကြောင်းကလည်း ဦးသန်းရွှေရဲ့ Exit Strategy အရ သွားခဲ့တဲ့ လမ်းကြောင်း။ဒီနည်းအတိုင်းပဲ ပြည်ခိုင်ဖြိုးပါတီကလည်း ရွေးကောက်ပွဲနိုင်အောင် လုပ်မယ်။ သူတို့ အနည်းငယ်တော့ အသာရအောင် လုပ်တော့ လုပ်ဆောင်မယ်။ ဒါပေမဲ့ မနိုင်ရင်လည်း အမျိုးသားညွန့်ပေါင်း အစိုးရ ဖွဲ့စည်းဖို့ ပြင်ဆင်နေတယ်။ အဲဒီအတွက် တိုင်းပြည် မီးဟုန်းဟုန်းတောက်မယ့် အရေးကို သူတို့ လုပ်သွားမှာ မဟုတ်ဘူး။ အဲဒီတော့ တပ်မတော်အနေနဲ့ကလဲ သူတို့ ရပ်တည်ချက်အတိုင်းပဲ ၂၅ ရာခိုင်နှုန်း၊ တိုင်းပြည်ကို မီးဟုန်းဟုန်းတောက်မယ့် အရေးကို တပ်မတော်ကလည်း လုပ်မှာ မဟုတ်ဘူး။နောက်တစ်ချက်က လက်တစ်ဆုပ်စာ လူတစ်စုက သူတို့ရဲ့ မတရားလုပ်ထားတာတွေ ပေါ်လွင်မှာကြောက်လို့ နောက်ထပ် အာဏာရှင်စနစ်ကို အသက်သွင်းဖို့ ကြိုးစားနေပါတယ်။ ဒါဟာ ဦးနေဝင်းလုပ်ခဲ့တဲ့ ပုံစံမျိုးပဲ ဖြစ်တယ်။ ၁၉၈၈ ခုနှစ်မှာ ဦးနေဝင်းဟာ ရိုးရိုးတန်းတန်း အာဏာကို ရွေးကောက်ပွဲကတစ်ဆင့် လွှဲလို့ရလျက်သားနဲ့ စစ်တပ်က ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူးလို့ စိန်ခေါ်ပြီး တိုင်းပြည်ရဲ့ ဇာတ်ခုံပေါ်ကနေ ဆင်းသွားတာ။ ရိုးရိုးတန်းတန်း မဆင်းဘဲ တိုင်းပြည်ကို ခြိမ်းခြောက်ပြီး ဆင်းသွားတာ။ ဆင်းရုံပဲ မဟုတ်ဘဲနဲ့ သူ့အနာဂတ် စိတ်မချမှာ စိုးတဲ့အတွက် ပြောပြီးသားစကားကို ပြင်ပြီး သားသတ်သမား ဦးစိန်လွင်ကို ပြည်သူကို နှိပ်ကွပ်ဖို့အတွက် သမ္မတအဖြစ် ခန့်ထားပေးခဲ့တယ်။ ဦးစိန်လွင်နဲ့ ဒေါက်တာမောင်မောင် အစိုးရတွေ ပြုတ်ကျပြီးတဲ့ အခါမှာလည်း သူဟာ သူ့ရဲ့တပည့် ဗိုလ်မှူးကြီးခင်ညွန့်ကတစ်ဆင့် ဗိုလ်ချုပ်ကြီးစောမောင်ကို အသုံးချပြီး စစ်တပ်ကို အာဏာသိမ်းစေခဲ့တယ်။ နောက်ဆုံးတော့ ဗိုလ်ချုပ်ကြီးစောမောင်ဟာ သူ့ရဲ့ ကံကြမ္မာအရ နောက်ဆုံး သူလည်း ဇာတ်သိမ်းမလှဘူး။ နာမည်ပျက်နဲ့ ဇာတ်သိမ်းရတယ်။ ဒီလို ၁၉၈၈ အဖြစ်မျိုး ၂၀၁၅ မှာ လုံး၀ အဖြစ်မခံနိုင်ပါဘူး။(၅)၂၀၁၅ ရဲ့ အဓိက ဖြစ်သင့်ဖြစ်ထိုက်တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး ပြင်နိုင်သလောက်ပြင်ပြီး သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲကတစ်ဆင့် အရပ်သား အစိုးရတစ်ရပ် ပေါ်ထွန်းရေးပဲ ဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာဆိုပေမယ့် အဓိက,က နိုင်ငံရေးပြဿနာပဲ ဖြစ်ပါတယ်။ မပြင်ချင်တဲ့သူက ဘာကြောင့် မပြင်နိုင်သေးတာ ရှင်းပြဖို့ လိုသလို၊ ၄၃၆ မပြင်ဘဲနဲ့ ပြင်လို့ရတဲ့ အချို့ကိစ္စတွေ ဥပမာ ၂၅ ရာခိုင်နှုန်းတွေကို ၂၀၂၀ မှာ ၂၀ ရာခိုင်နှုန်း လျှော့ချမယ် ဆိုတာမျိုးကို ဆွေးနွေးညှိနှိုင်းဖို့ လိုပါတယ်။၂၀၁၅ အတွက် အဓိက ရည်မှန်းချက်ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲက တစ်ဆင့် အရပ်သားအစိုးရတစ်ရပ် ပေါ်ထွန်းဖို့ပဲ ဖြစ်ပါတယ်။ ဒါမှသာ အင်ဒိုနီးရှား၊ တောင်ကိုရီးယားတို့လို မှန်ကန်တဲ့ အပြောင်းအလဲကို လမ်းပွင့်သွားစေမှာ ဖြစ်ပါတယ်။(၆)ကျွန်တော်က ထိပ်တိုက်တိုးချင်တဲ့သူမျိုး မဟုတ်သလို အာဃာတကြီးတဲ့လူလည်း မဟုတ်ပါဘူး။ နိုင်ငံရေး၊ စီးပွားရေး မျှော်မှန်းချက် ကြီးကြီးမားမား ထားနေတဲ့သူလည်း မဟုတ်ပါဘူး။ကျွန်တော်က သူရဲကောင်းတစ်ယောက် မဟုတ်သလို သူရဲကောင်း ဖြစ်ချင်နေတဲ့သူလည်း မဟုတ်ပါဘူး။ သတ္တိရှင်တစ်ယောက် မဟုတ်သလို အကြောက်တရား ကင်းတဲ့သူလည်း မဟုတ်ပါဘူး။ဒါပေမဲ့ ကျွန်တော်က ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချပြီးတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျွန်တော့် ဆုံးဖြတ်ချက်တွေအတွက် တာဝန်ယူပါတယ်။ ၂၀၁၅ အပြောင်းအလဲအတွက် ဘယ်ဖိအားမဆို ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်။၂၀၁၅ နဲ့ ပတ်သက်ပြီး သမ္မတကြီးကို ပြောချင်တာကတော့ ကောင်းလာခဲ့တဲ့ သမိုင်းကြောင်းကို ထောက်ရှုပြီး ဦးနေဝင်းလို သမိုင်းဆိုး လုပ်မသွားဖို့ပါဘဲ။ တိုင်းပြည် ဆင်းရဲမွဲတေပြီး မတရားမှု မျိုးစုံကို ခံစားနေရတဲ့ ပြည်သူတွေ၊ အနာဂတ် ပျောက်နေတဲ့ မျိုးဆက်တွေ ကျွန်တော်တို့ အားလုံးဟာ ထောင့်ကျဉ်းလေးထဲမှာ ချောင်ပိတ်မိနေပါပြီ။ ပြည်သူတွေ မျှော်လင့်ချက်မဲ့အောင် ထပ်မလုပ်ဖို့၊ မတရားမှုတွေကို ရပ်တန်းကရပ်ဖို့ သမ္မတကြီး သတိပြုမိ စေလိုပါတယ်။နောက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုလည်း ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကံကြမ္မာမျိုး မဖြစ်အောင် မိမိရဲ့ ဉာဏ်ဝီရိယနဲ့ တိုင်းပြည်ရဲ့ Power Politics ကနေ ကင်းကင်းရှင်းရှင်းနေဖို့ တိုင်းပြည်ရဲ့ နိုင်ငံရေး စီးပွားရေး တည်ငြိမ်အောင်ထိန်းဖို့ လူထုဆန္ဒနဲ့အညီ လိုက်လျောသင့်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အချို့ကို လိုက်လျောဖို့ ၂၀၁၅ မှာ တိုက်တွန်းပါတယ်။ပြည်သူလူထု အနေနဲ့လည်း ၂၀၁၅ အပြောင်းအလဲအတွက် ဘာမဆို ရင်ဆိုင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချနိုင်ကြပါစေ...။