စိတ်ကူးထဲက အိမ်

စိတ်ကူးထဲက အိမ်
Published 31 December 2014
ညီအောင်ညီ

“ခုတလောမှာ... ငါမက်တဲ့... အိပ်မက်တွေ... အရမ်းထူးဆန်းတယ်။ မြက်ခင်းနဲ့... ခြံဝင်းနဲ့ အိမ်လေးကို... တို့နှစ်ယောက်ပိုင်သတဲ့။ ပိုက်ဆံလေးတွေ စုချင်တယ်... လကုန်တိုင်း ဆုတောင်းဆဲကွယ်။ တို့နှစ်ယောက် အတွက်...အိမ်လိုချင်တယ်...”
ကိုမောင်မောင်ဇော်လတ်ရဲ့ သံစဉ်စာသားတွေနဲ့ ကိုအငဲရဲ့ခံစားမှုအပြည့်ပါတဲ့  “အိမ်” ဆိုတဲ့သီချင်းက ရင်ထဲကို ထိုးဖောက်ဝင်သွားခဲ့တယ်။ ခြေလှမ်းတွေလည်း ရပ်တန့်သွားခဲ့တယ်။ “အိမ်” တဲ့။ စကားလုံးတွေ အများကြီးမရှိခဲ့ဘူး။ ဒါပေမဲ့ လိုက်လေပြေးလေ မျှော်လင့်လေ ဖြစ်မလာလေဆိုတဲ့ အရာတွေထဲမှာ “အိမ်” ဆိုတာ ပါဝင်နေခဲ့တယ်။
“မင်းဘယ်သူနဲ့နေလဲ သူငယ်ချင်း” အဆောင်ငှားနေတယ်။ အခန်းငှားနေတယ်။ အိမ်ငှားနေတယ်ဆိုတဲ့ အဖြေတွေက ခပ်များများ။ အဆင်ပြေလား၊ နေစရိတ်ကရတာနဲ့ရော ကာမိရဲ့လား။ “အင်း” အသက်မပါတဲ့ အဖြေတွေ။ ဒီလိုပါပဲ ကြည့်ရှင်းရတာပေါ့။ အဖြေတွေက အားရစရာ ဘာတစ်ခုမျှမရှိ။ ဒီတော့ ကိုယ်ချင်းစာစိတ်နဲ့ ဆက်မမေးဖြစ်တော့။
ခမ်းနားထည်ဝါသည်ဖြစ်စေ၊ မထည်ဝါသည်ဖြစ်စေ ကိုယ်ပိုင်အိမ်ဆိုတာ အားလုံးရဲ့ အိပ်မက်လေးပါ။ ကိုယ်ပိုင်အိမ်နဲ့ နေချင်ကြတာ လူသားအားလုံးရဲ့ ဆန္ဒတွေပါ။ ဒါပေမဲ့ ကိုယ်ပိုင်အိမ်တစ်လုံးရဖို့ ဒီခေတ် ဒီစနစ်တွေ ထဲမှာတော့ မလွယ်ဘူး။ အဲဒီတော့ ကျောတစ်ခင်းစာအတွက်၊ ကိုယ့်မိသားစု လုံခြုံဖို့အတွက် ကိုယ်ရတဲ့လစာ လုပ်ခတွေထဲက တန်သည်ဖြစ်ဖြစ်၊ မတန်သည်ဖြစ်ဖြစ် တဒင်္ဂအတွက် ဖြေရှင်းလိုက်ရတာတော့ အမှန်ပင်။ ဒီလိုနဲ့ အသက်တွေ ကြီးလာခဲ့သူတွေလည်း ဒုနဲ့ဒေးပင်။
စားရေးအတွက် အဆင်ပြေသလို ဖြစ်သလိုစားလို့ရသလို ဝတ်ရေးဆိုတာလည်း အတိုင်းအတာ တစ်ခုအထိတော့ ခြိုးခြံ၍ဝတ်လို့ရပေမယ့် နေရေးအတွက်တော့ ဖြစ်သလိုနေ၍မဖြစ်၊ ကျန်းမာရေး လူမှုရေးတွေက ရှိနေသည်။ အဲဒီအတွက် အခြေတကျဖြစ်ဖြစ်၊ တစ်ခဏဖြစ်ဖြစ် နားခိုရာ၊ အိပ်စက်ရာ၊ လုံခြုံမှုရှိရာ အိမ်လေးကို ကျွန်တော်တို့ ရှာကြရတော့တာပါပဲ။
ဒီနေ့ခေတ် ပတ်ချာလည်ရိုက်နေတဲ့ နေရေး၊ စားရေးတွေက ဆားရောင်းတဲ့ အဘွားအိုပုံပြင်လို ဖြစ်နေခဲ့တယ်။ ဒီပုံပြင်လေးကို သူငယ်ချင်း စာရေးဆရာမ တစ်ယောက်က ပြောပြဖူးတယ်။ ရယ်စရာလို့ ထင်ရပေမယ့် ကျွန်တော်တို့ ဘဝတွေနဲ့ နီးစပ်နေခဲ့တယ်။ အဘွားအို တစ်ယောက်က ဟိုဘက်ရွာကနေ ဆားငါးမူးဖိုး ဝယ်လာပြီး ဒီဘက်ရွာမှာ ငါးမူးနဲ့ ပြန်ရောင်းတယ်တဲ့။ အကြောင်းစုံသိတဲ့ လူတစ်ယောက်က အဘွားအိုကို မေးပါလေရော။ “အဘွားဝယ်လာတာလည်း ငါးမူး၊ ပြန်ရောင်းတော့လည်း ငါးမူး၊ အဘွားအတွက် ဘယ်မှာလဲ အမြတ်။ အဘွားအတွက် ဘာတွေထူးလာလို့လဲ” တဲ့။ အဘွားအိုက ခပ်ပြတ်ပြတ်ပဲ ဖြေလိုက်တယ်။ “လမ်းမှာ လျက်ရတာ အမြတ်ပေါ့” တဲ့။
အဲဒီပုံပြင်လို သေသေချာချာ တွေးကြည့်လိုက်တော့ ရလာတဲ့လစာ လုပ်ခလေးတွေကို နေရေးစားရေးထဲမှာ ပြန်ထည့်ကြရ။ တစ်ခါတလေကျရင် လောက်တောင် မလောက်တဲ့ အခြေအနေတွေရှိနေသေး။ အတက်သာရှိ အကျမရှိတဲ့ ကုန်ဈေးနှုန်းတွေကြားမှာ ဗျာများနေကြရတာပါ။ ဆားရောင်းတဲ့ အဘွားအိုထက်တောင် အခြေအနေက ဆိုးတတ်ပါသေးတယ်။ လက်တွေ့ဘဝမှာ ကိုယ်ပိုင်အိမ်နဲ့ အလှမ်းကွာနေကြပေမယ့် အိပ်မက်တွေထဲမှာ စိတ်ကူးတွေထဲမှာ နေချင်စရာအိမ်လေးတွေ၊ နားခိုစရာ အိမ်လေးတွေဆိုတာ အသီးသီး ရှိနေခဲ့ကြတယ်။ အဲဒီအိမ်လေးတွေကို ဘယ်သူက ဖော်ဆောင်ပေးမလဲပေါ့။ ဒါပေမဲ့ လက်တွေ့မှာတော့ အိမ်ဈေးအကြောင်း စဉ်းစားလိုက်ရင် ရူးသွပ်သွားနိုင်တယ်။ ဒီတော့ လုပ်သလိုမဖြစ်သရွေ့ ဖြစ်သလိုသာ နေကြရတော့တာပါပဲ။
ဒီနေ့ခေတ်မှာ ရုတ်တရက်ပေါ်လာခဲ့တဲ့ တန်ဖိုးနည်းအိမ်ရာ ဆိုတာကိုလည်း ချဉ်းကပ်နိုင်တဲ့ လူတန်းစားထက် မချဉ်းကပ်နိုင်တဲ့ လူတန်းစားတွေက ပိုများပါတယ်။ သာမန်လူတစ်ယောက်အတွက် လက်ထဲမှာ သိန်း  ၅ဝ ရှိဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပါ။ အဲဒီတော့ အဆောင်ငှားတဲ့ ယဉ်ကျေးမှု၊ အိမ်ငှား၊ တိုက်ခန်းငှားတဲ့ ယဉ်ကျေးမှုတွေထဲမှာ တဝဲဝဲလည်ပါပဲ။ နေစရာမရှိလို့ အိမ်ငှားချင်ရင်တောင် ပွဲစားကို တစ်လစာပေးရတယ်ဆိုတဲ့ အောင့်သက်သက် ယဉ်ကျေးမှုကြီးကလည်း အိမ်ငှားလောကမှာ ကြီးထွားလို့ နေဆဲပါ။ ဒါပေမဲ့ မငြင်းဆန်ဝံ့ကြပါဘူး။ နေကြရတာပါပဲ။
ငှက်ကလေးတွေမှာလည်း အသိုက်ကိုယ်စီနဲ့ပါ။ အချိန်တန်ရင် အိပ်တန်းပြန်ဖို့အတွက် နေရာလေးတွေ ကိုယ်စီရှိတတ်ကြပါတယ်။ လူသားဆိုတဲ့ သူတွေမှာ နေစရာအိမ်၊ နားစရာအိမ်ဆိုတာ အရေးပါတဲ့ ဘဝရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ ကမ္ဘာတစ်ဝန်းကို အသာထား ကျွန်တော်တို့နိုင်ငံထဲမှာ အိမ်ဆိုတဲ့ နားခိုရာနဲ့ အလှမ်းဝေးနေတဲ့သူတွေ အများကြီးပါ။ အငှားအိမ်ဆိုတဲ့အမည်၊ အိမ်ငှားဘဝဆိုတဲ့ ပညတ်တွေနဲ့ နေနေရသူတွေ အများကြီးပါ။ အကြောင်းအမျိုးမျိုးကြောင့် အိမ်ခြေမဲ့၊ အိမ်ရာမဲ့နေတဲ့ သူတွေလည်း အများကြီးပါ။
အချိန်တန်ရင် ကိုယ့်အိမ်လေးကို ပြန်ချင်ကြပါတယ်။ ဒါတို့ရဲ့အိမ်လို့ ပြောချင်ကြပါတယ်။ ကိုယ်ပိုင်အိမ်လေးမှာ ကိုယ်ချစ်တဲ့ ဇနီး၊ သားသမီး၊ ကိုယ့်မိဘ၊ ကိုယ့်ဆွေမျိုးတွေနဲ့ နေချင်ကြတာပါပဲ။ အဲဒီအရာတွေက “အတ္တ” ဆိုတာထက် “ဆန္ဒ” လို့ပြောရရင် ပိုမှန်ပါလိမ့်မယ်။ အဲဒီဆန္ဒတွေနဲ့ ကြိုးစားလုပ်ကိုင်ရှာဖွေ ရုန်းကန်နေကြရတာပါ။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံသား အခြေခံလူတန်းစားတွေ အတွက်တော့ အိမ်တစ်လုံးရဖို့ဆိုတာ ရခဲတဲ့ “ဒုလ္လဘတရား” တစ်ခုလို့တောင် ပြောရမလို ဖြစ်နေခဲ့တယ်။
သက်ဆိုင်ရာ အစိုးရအနေနဲ့လည်း အိမ်မရှိတဲ့သူတွေ၊ အိမ်ငှားနေရတဲ့ သူတွေကို အဂတိမပါတိကျစွာနဲ့ စစ်တမ်းတစ်ခုကောက်ပြီး ရေရှည်အဆင်ပြေမယ့် နည်းလမ်းကောင်းလေးတွေ၊ ကိုယ်ပိုင်အိမ်တစ်လုံးရနိုင်မယ့် အခွင့်အရေးလေးတွေကို အကောင်အထည် ဖော်ပေးစေချင်ပါတယ်။ ငွေကြေးချိန်ခွင်လျှာ၊ ဝင်ငွေထွက်ငွေ မညီမျှတဲ့အခါမှာ မောင်ပိုနေမြဲ၊ ကျားနေမြဲအဖြစ်နဲ့ပဲ ဘဝတွေက ရှိနေခဲ့တယ်။ အစိုးရကောင်း တစ်ရပ်အနေနဲ့တော့ အဲဒီအရာတွေကို ဖြေရှင်းပေးဖို့ လွန်စွာလိုအပ်ပါတယ်။
ကိုယ်ပိုင်အိမ် မရှိသေးတဲ့သူတွေ အတွက်တော့ “အိမ်တစ်လုံးဆိုတာ” သူတို့ရဲ့အနာဂတ် အိပ်မက်ပါပဲ။ ဘဝသစ်ထူထောင်သူတွေ အတွက် အိမ်တစ်လုံးဆိုတာ သူတို့ရဲ့ အနာဂတ် အိပ်မက်ပါပဲ။ အိမ်ရာမဲ့သူတွေအတွက် နားခိုရာအိမ်ဆိုတာ သူတို့ရဲ့ အနာဂတ်အိပ်မက်တွေပါ။ သူတို့ရဲ့အိပ်မက်တွေဟာ အိပ်မက်နဲ့တင် အဆုံးမသတ်စေချင်ပါဘူး။ စိတ်ကူးတွေနဲ့တင် အဆုံးမသတ်စေချင်ပါဘူး။ လက်တွေ့ဘဝမှာ အိမ်နဲ့ အမြန်ဆုံး နီးစပ်စေချင်ပါတယ်။
နိုင်ငံသားတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းဖို့၊ အကျိုးစီးပွား ကာကွယ်ပေးဖို့ဆိုတာ အဲဒီနိုင်ငံရဲ့ အစိုးရနဲ့ အုပ်ချုပ်သူတွေ အပေါ်မှာ များစွာမူတည်ပါတယ်။ လိုအပ်ချက်တွေ များစွာထဲက လိုအပ်ချက်တစ်ခုဖြစ်တဲ့ ပြည်သူတွေရဲ့ ကိုယ်ပိုင်အိမ်လေးတွေ ဖြစ်လာစေဖို့ မရဲတရဲ မျှော်လင့်နေမိခဲ့တယ်။ အိမ်ရာမဲ့တွေ အတည်အကျဖြစ်စေဖို့ မျှော်လင့်မိတယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် လူတိုင်း လိုချင်တဲ့ အိမ်ကလေးတွေ အမြန်ဆုံးရရှိပါစေလို့ ဆုတောင်းလိုက်ပါတယ်။
 

Most Read

Most Recent