မြန်မာနိုင်ငံရဲ့အနာဂတ်ကို ပုံဖော်ပေးနိုင်စွမ်းရှိနိုင်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပဖို့ အချိန်တစ်နှစ်ကျော်သာ လိုတော့တဲ့ ၂ဝ၁၄ ခုနှစ်အတွင်းမှာ အများမျှော်လင့်ခဲ့သလို အပြောင်းအလဲ အလှုပ်အခတ်တွေဟာ များခဲ့ပြီး အထူးသဖြင့် နိုင်ငံရေးကဏ္ဍမှာ အလှုပ်အခတ် အပြောင်းအလဲတွေ အများကြီး ရှိခဲ့ပါတယ်။
လက်ရှိမှာ အခြေခံဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအစရှိတဲ့ နိုင်ငံရေးနဲ့ ဆက်နွှယ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ၂ဝ၁၄ ခုနှစ်အတွင်း မပြီးပြတ်နိုင်ခဲ့တာကြောင့် လာမယ့်နှစ်မှာ ဆက်လက်အဖြေရှာရမယ့် ကိစ္စရပ်များအဖြစ် ရှိနေပါတယ်။
ဒါ့အပြင် နိုင်ငံတစ်ဝန်း ဖြေရှင်းဖို့ ရှိနေသေးတဲ့ လယ်ယာမြေအငြင်းပွားမှုများ၊ ဆင်းရဲမွဲတေမှု လျော့ကျရေး လုပ်ငန်းစဉ်များ၊ တရားစီရင်ရေး ယိုယွင်းနေမှုအပါအဝင် အရေးပါတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပြင် အထွေထွေ မကျေနပ်မှုများကြောင့် ဆန္ဒထုတ်ဖော်မှုများနဲ့ အခြားပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စိန်ခေါ်မှုများကိုလည်း လာမယ့် ၂ဝ၁၅ မှာ ဆက်လက်ရင်ဆိုင် အဖြေရှာသွားရဖို့ရှိနေတာ ဖြစ်ပါတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီ စံနှုန်း စံထား
နိုင်ငံ့အရေး လေ့လာသူတွေကတော့ လာမယ့်ရွေးကောက်ပွဲများဟာ တရားမျှတလွတ်လပ်ပြီး ဒီမိုကရေစီစံနှုန်းများနဲ့အညီ ပွင့်လင်းမြင်သာမှုရှိအောင် ကျင်းပပေးနိုင်မှသာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများဟာ ရှေ့ကိုခရီးဆက်ဖို့ လမ်းကြောင်းဖြောင့် သွားနိုင်မယ်လို့ ပြောဆိုမှုတွေ ရှိနေခဲ့ပါတယ်။ ရွေးကောက်ပွဲများနဲ့ ပတ်သက်ပြီး လူထုထောက်ခံမှုကို ကာလရှည်ကြာရထားခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကတော့ လာမယ့်ရွေးကောက်ပွဲတွေဟာ ၂ဝ၁ဝ ရွေးကောက်ပွဲတွေထက် ပိုပြီးတော့ အရေးကြီးပြီး နိုင်ငံဟာ တကယ်ပဲ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်နေပြီလားဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲ ဖြစ်တာကြောင့် အရေးကြီးတာ ဖြစ်တယ်လို့ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ကျင်းပခဲ့သော NLD ရဲ့ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြောင်းလဲဘဲနဲ့ တကယ့်ကို စစ်မှန်တဲ့ ဒီမိုကရေစီ စံနှုန်းစံထားတွေနဲ့ ကိုက်ညီအောင် မပြောင်းလဲဘဲနဲ့ နိုင်ငံဟာ ဒီမိုကရေစီလမ်း ကြောင်းပေါ်ကို တကယ်ပဲရောက်နေပြီလို့ ပြောလို့မရဘဲ တကယ့်စစ်မှန်တဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ စစ်မှန်တဲ့နိုင်ငံရေးကို အခြေခံရမှာ ဖြစ်တာကြောင့် နိုင်ငံရေးကိစ္စတွေကို လျစ်လျူရှုပြီးတော့ ဖွံ့ဖြိုးရေးကိစ္စတွေကိုပဲ လုပ်မယ်ဆိုတာ လက်တွေ့မကျပါဘူးလို့ အဲဒီအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပုဂ္ဂလိက သတင်းမီဒီယာတွေ မှာလည်း လာမယ့်ရွေးကောက်ပွဲများနဲ့ ပတ်သက်ပြီး တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာ မှုရှိဖို့လိုအပ်ကြောင်း တိုက်တွန်းရေးသားချက် တွေကိုလည်း ၂ဝ၁၄ ခုနှစ်ကုန်ခါနီးမှာ ခပ်စိပ်စိပ်ပါရှိလာခဲ့တာ တွေ့ရပါတယ်။
လိုအပ်နေတဲ့ အပြောင်းအလဲ
ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ တကယ့်စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ စစ်မှန်တဲ့နိုင်ငံရေးကို အခြေခံရမှာ ဖြစ်တယ်ဆိုတာဟာ ယနေ့နိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပြဿနာများနဲ့ နှိုင်းယှဉ်စဉ်းစားကြည့်ရင် အဖြစ်မှန်များကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့ရက်ပိုင်းက လက်ပံတောင်းတောင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်အတွင်း သက်ဆိုင်ရာအာဏာပိုင်များရဲ့ဖြေရှင်းတဲ့နည်းလမ်းများဟာ ဒီမိုကရေစီစံနှုန်းများဖြင့် လွဲချော်နေတာကြောင့် ဝမ်းနည်းစရာကောင်းတဲ့ လူသေဆုံးရတဲ့အထိ ဖြစ်ပွားခဲ့ရတဲ့ ဖြစ်ရပ်မျိုးတွေဟာ နိုင်ငံရဲ့ဒီမိုကရေစီ အပြောင်းအလဲမှာ စစ်မှန်တဲ့နိုင်ငံရေး အပြောင်းအလဲတွေ လိုအပ်တယ်ဆိုတာကို ပြဆိုနေတာ ဖြစ်ပါတယ်။ ဒါအပြင် မန္တလေးမှာ ကျူးကျော်တဲတွေကို ဘူဒိုဇာဖြင့် ထိုးခြင်းကဲ့သို့ အင်အားသုံး ဖြေရှင်းနည်းတွေကလည်း ဒီမိုကရေစီနည်းလမ်းနဲ့ သဟဇာတမဖြစ်ဘဲ လွဲချော်မှုတွေကို ၂ဝ၁၄ ခုနှစ် နှစ်ကုန်ခါနီး အချိန်အထိ တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီကို အပြည့်အဝကျင့်သုံးဖို့ လိုအပ်ချက်တွေ ရှိနေသမျှတော့ ဒီမိုကရေစီစံနည်းနှုန်းနဲ့ လွဲချော်တဲ့စီမံခန့်ခွဲမှုတွေကို ဆက်လက်တွေ့မြင် နေရဦးမှာ ဖြစ်ပါတယ်။ အဲဒီလို ဒီမိုကရေစီစံနှုန်းများနဲ့ မကိုက်ညီတဲ့ ပြဿနာတွေကို ရှောင်လွှဲနိုင်ဖို့ဆိုရင် လာမယ့် ရွေးကောက်ပွဲများက အရေးပါတဲ့နေရာ မှာရှိနေပါတယ်။ ရွေးကောက်ပွဲများကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးနိုင်မှသာ အများပြည်သူတွေဟာ မိမိတို့လိုလားတဲ့သူ တွေကို လွတ်လပ်စွာ ရွေးချယ်တင်မြောက်နိုင်ခွင့်ကို ဒီမိုကရေစီရပိုင်ခွင့်များနဲ့အညီ ရရှိနိုင်ကြမှာ ဖြစ်ပါတယ်။ အဲဒီလိုရွေးချယ်ခွင့်ရမှာလည်း ရွေးချယ်ခံရသူများက ဒီမိုကရေစီနည်း နာများအတိုင်း ကျင့်သုံးရင်းဖြင့် တိုင်းပြည်ရဲ့ ဒီမိုကရေစီသို့ သွားရာလမ်းကြောင်းကို ဖြောင့် ဖြူးသွားဖို့ အလားအလာတွေ ထွက်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။
မဆိုင်တာ မပြောပါနဲ့
ဒီနေရာမှာ မေးစရာရှိလာနိုင်တာက လာမယ့်ရွေးကောက်ပွဲတွေဟာ အများမျှော်လင့်နေသလို ဒီမိုကရေစီ စံနှုန်းတွေနဲ့အညီ မကျင်းပပေးနိုင်ရင် ဘာဖြစ်လာမလဲဆိုတာ ရှိနိုင်ပါတယ်။ တကယ်လို့ လာမယ့်ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီစံနှုန်းတွေကို ပြည့်ဝစွာ မကျင်းပနိုင်ဘူးဆိုရင် ပထမဆုံး နစ်နာကြမယ့် သူတွေကတော့ နိုင်ငံသားတွေပဲဖြစ်ပါတယ်။ ဒီမိုကရေစီ ရွေးကောက်ပွဲကို မဲပေးရာမှာ ဒီမိုကရေစီစံနှုန်းတွေ မရှိကြဘူးဆိုရင် မဲပေးတဲ့နိုင်ငံသားတွေ နစ်နာကြရမှာဖြစ်ပါတယ်။ နောက်တစ်ခုက နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေပါ။ ရွေးကောက်ပွဲတွေ စံနှုန်းမမီဘူးဆိုရင် ဖြစ်လာနိုင်တာက နိုင်ငံတကာ ဆက်ဆံရေးမှာ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ စီးပွားရေးအရ သက်ရောက်မှုတွေရှိလာနိုင်ပါ တယ်။ ဥပမာအားဖြင့် စီးပွားရေးပိတ်ဆို့တာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရပ်တန့်သွားတာမျိုးတွေ မဖြစ်လာဘူးလို့ တထစ်ချမပြောနိုင်ပါဘူး။ အဲဒီလို အခြေအနေတွေ ဖြစ်ပေါ်လာရင် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေမှာဖြစ်ပြီး အဲဒီကတစ်ဆင့်နိုင်ငံ သားတွေအပေါ်လည်း သက်ရောက်မှုတွေရှိ လာစေနိုင်ပါတယ်။ ဒီနေ့အချိန်မှာ နိုင်ငံတကာက နိုင်ငံရေးရှုထောင့်၊ စီးပွားရေးရှု ထောင့်ကနေ လာမယ့်ရွေးကောက်ပွဲများက ဖြစ်ပေါ်လာ မယ့် အခြေအနေတွေကို စောင့်ကြည့်နေကြတာမို့ရွေးကောက်ပွဲများဟာ ဒီမိုကရေစီစံနှုန်းများနဲ့ ဘယ်လောက်ညီညီ ကျင်းပနိုင်ခဲ့သလဲ ဆိုတာက ရွေးကောက် ပွဲများပြီးချိန် မြန်မာနိုင်ငံနဲ့ အနာဂတ်ဆက်ဆံရေးကို ဘယ်လိုလုပ်ကြမလဲဆိုတာ ဆုံးဖြတ်သွားကြဖို့ ရှိနေကြပါတယ်။ ဒါကြောင့်မို့ လည်း ၂ဝ၁၄ ကုန်ခါနီးလာတဲ့အချိန်မှာ နိုင်ငံအများအပြားက မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲများကို ဒီမိုကရေစီစံနှုန်းများနဲ့အညီ ကျင်းပဖို့အတွက် တိုက်တွန်းပြောကြားမှုတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများ ကျင်းပပေးဖို့ တာဝန်ရှိသော ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ယူထား သူများအနေနဲ့ ကော်မရှင်တာဝန်နဲ့ မသက် ဆိုင်တဲ့အကြောင်း ကိစ္စတွေကို ပြောကြားခြင်း (ကော်မရှင်ဥက္ကဋ္ဌရဲ့ဆူပူလာရင် အာဏသိမ်းမှာပဲလို့ ပြောကြားခြင်း) မျိုးတွေကို လုပ်ဆောင် ခြင်းမပြုဘဲ ရွေးကောက်ပွဲများ ဒီမိုကရေစီစံနှုန်းများနဲ့အညီ ကျင်းပနိုင်ရေးကိုသာ အဓိက ကြိုးပမ်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။
အစစ်အမှန်
ဒီလိုလာမယ့်နှစ်ထဲမှာ အရေးကြီးတဲ့ ရွေးကောက်ပွဲတွေရှိနေသလို ၂ဝ၁၄ ခုနှစ်မှာ မပြီးပြတ်ခဲ့တဲ့ ဖြေရှင်းစရာ ကိစ္စများဟာလည်း လာမယ့် ၂ဝ၁၅ ခုနှစ်အတွင်းမှာ ဖြေရှင်း စရာပြဿနာများအဖြစ် ဆက်လက်ရှိနေဦး မှာဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့သလို လယ်ယာမြေအငြင်းပွားမှုများ၊ ဆင်းရဲမွဲတေ မှုလျှော့ကျရေး လုပ်ငန်းစဉ်များ၊ တရားရေးစီ ရင်ရေး ယိုယွင်းနေမှုများအပြင် အထွေထွေ မကျေနပ်မှုများကြောင့် ဆန္ဒထုတ်ဖော်မှုများ နဲ့ အခြားပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စိန်ခေါ်မှုများအပါအဝင် စီးပွားရေးတိုးတက် ဖို့အတွက် စိန်ခေါ်မှုများဟာလည်း နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။ သို့ပေမဲ့လည်း ဒီလိုစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ဆိုရာမှာ အဲဒီပြဿနာများဟာ တကွဲတပြား ရှိနေတာမဟုတ်ဘဲ တစ်ခုနဲ့တစ်ခုဟာ ချိတ်ဆက်နေကြတာကို မြင်အောင်ကြည့်ဖို့ အရေးကြီးပါတယ်။ နိုင်ငံ ရေးမတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာရင် စီးပွား ရေးကိုလည်း အကျိုးသက်ရောက်မှုရှိစေနိုင်သလို စီးပွားရေး မပြေလည်မှုများကတစ်ဆင့် တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍကို ရိုက်ခတ်မှု ရှိလာစေနိုင်တာကြောင့် ပြဿနာရဲ့ အဓိကရင်းမြစ်ကို ရှာဖွေနိုင်ဖို့ လိုအပ်ပါတယ်။ လက်ရှိနိုင်ငံမှာ အရေးတကြီး ဖြေရှင်းရမယ့် ပြဿနာအများ စုကိုကြည့်ရင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု များနဲ့ အဓိကချိတ်ဆက်မှုရှိနေတာ တွေ့ ရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များမှာဆိုရင် နိုင်ငံရေးအရ ဖြေရှင်းနိုင်မှုဟာ ပြေလည်မှုရရှိ ဖို့ အဓိကအချက်ဖြစ်တယ်လို့ ယူဆမှုတွေရှိနေတာကြောင့် နိုင်ငံရေးအရ ဖြေရှင်းရမယ့် ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းနိုင်မှသာ ရှေ့ကိုဆက်နိုင်မယ်လို့ ငြိမ်းချမ်းရေး လေ့လာသူတွေက ပြောဆိုမှု တွေ ရှိခဲ့ပါတယ်။ ယနေ့ပြောဆိုနေကြသော ပြည်နယ်တွေဟာ ဖွံ့ဖြိုးမှု နောက်ကျနေတယ်ဆိုတဲ့ အရာတွေဟာလည်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှု အလားအလာတွေနဲ့ ဆက်စပ်နေတာကြောင့် စီးပွားရေးဖွံ့ဖြိုးမှုလို့ ဆိုနေကြပေမယ့် နောက်ဆုံးအရင်းစစ်တော့ နိုင်ငံရေး ပြန်လည်သင့်မြတ်ရေးကသာ အဓိကဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုတွေဟာ အစစ်အမှန်ဖြစ်ဖို့ အထူးလိုအပ်ပါတယ်။ နောက်ပြန်မလှည့်တဲ့ ရှေ့သို့ဦးတည်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့ လိုအပ်သလို ပြုပြင်ပြောင်းလဲမှုတွေဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေကြောင်းကိုလည်း လာမယ့်ရွေးကောက်ပွဲများနဲ့ သက်သေပြပေးဖို့ အများက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
တကယ်တမ်း စဉ်းစားကြည့်ရင်တော့ ပေးထားချက်ကိုက မှားနေတဲ့ပုစ္ဆာတစ်ပုဒ်ကို ဘယ်လိုနည်းနဲ့တွက်တွက် ပေးထားချက်ကိုက လွဲနေတဲ့အတွက် ထွက်လာတဲ့ အဖြေကလည်း အမှားကြီးပဲ ထွက်နေမှာဖြစ်ပါတယ်။ ဟိုဘက်ကလှည့်တွက်ပြလိုက် ဒီဘက်ကလှည့် တွက်ပြလိုက် လုပ်နေပေမယ့်လည်း အဖြေအမှားကြီး ထွက်မှာပဲဆိုတာ အားလုံးက သိနေကြတဲ့အချိန်မှာ ပုစ္ဆာကိုပြင်ဖို့တာဝန်ရှိသူတွေက တာဝန်ယူပြီး ပြင်ကြဖို့ လိုပါလိမ့်မယ်။ ဒီအတွက် လာမယ့်ရွေးကောက်ပွဲတွေကို အားလုံးပါဝင်နိုင်သော အခင်းအကျင်းနဲ့ ဒီမိုကရေစီစံနှုန်းများနဲ့ ကိုက်ညီပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများ အဖြစ် မဖြစ်မနေကျင်းပပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးအရ မဖြစ်မနေ အပြောင်းအလဲလုပ်ဖို့ လိုအပ်နေချိန်မှာ ပုစ္ဆာအမှားတွေကို မဖန်တီးဘဲ တာဝန်ရှိသူတွေက တာဝန်ယူကြဖို့ လိုအပ်သလို နိုင်ငံရဲ့ရှေ့ခရီးအတွက် တာဝန်ရှိနေတဲ့ သူတွေဟာလည်း တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို အချိန်မဆိုင်း ရွေးချယ်ပြီး ဆွေးနွေးအဖြေရှာ ဆောင်ရွက်သင့်ပါတယ်။ ဒါမှသာ ၂ဝ၁၄ ခုနှစ် အတွင်းမှာ မဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာတွေကို လာမယ့် ၂ဝ၁၅ ခုနှစ်မှာ ဖြေရှင်းနိုင်ဖို့လမ်းစများ ပေါ်ထွက်လာပြီး အများပြည်သူများ မျှော်လင့်နေတဲ့ ဒီမိုကရေစီနိုင်ငံ တစ်ခုအဖြစ် ပေါ်ထွက်လာပြီး နိုင်ငံသားများ အတွက်လည်း ဒီမိုကရေစီ အခွင့်အရေးများ အပြည့်အဝ ရရှိလာနိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။