(၁)ဆရာဦးဝင်းတင်သည် ၁၉၈၈ သြဂုတ်လ ဒီမိုကရေစီ အရေးတော်ပုံကြီး မတိုင်မီက မေလထုတ် အတွေးအမြင် စာစောင်တွင် ‘ကဏန်း မျက်စိ’ အမည်ရှိ ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့သည်။ ထိုဆောင်းပါးမှာ မည်မျှပင် ဂုဏ်သိက္ခာကြီးမား အင်အားစွမ်းရည်ကြီးမားသည့် အရာပင်ဖြစ်စေ ပျော့ကွက်ဟာကွက် ရှိတတ်ကြောင်းကို ရေးသားထားခြင်း ဖြစ်သည်။ ဆရာက ထိုဆောင်းပါးတွင် ကဏန်းကောင်ကို ‘သံချပ်ကာ စစ်ယာဉ်နှင့် တူသည်ဟူ၍ ခိုင်းနှိုင်းရဖွယ် ရှိလောက်အောင် အင်အားခိုင်ဖြီးသော အကောင်ဖြစ်သည်’ ဟု ဖော်ပြထားသည်။ ကဏန်း၏ အခွံသည် သတ္တဝါနှင့် မမျှအောင် မာကျောပြီး ထူထဲသော အခွံဖြစ်ကြောင်း နူးညံ့ပျော့ပျောင်းသော ဝမ်းဗိုက်သားနေရာတွင်ပင် ငါးကြင်းမြီးကွက် အကြေးခွံထက် ပိုမိုမာကျော ထူထဲသော အခွံများ အချပ်အချပ်ထပ်လျက် ဖုံးကာထားသောကြောင့် ကဏန်းတွင် အသားပေါ်သည့်နေရာ အလျှင်းမရှိဟု ဆိုရမလောက်ဖြစ်သည်ဟု ရေးသားထားသည်။ ထို့ကြောင့် ထိုကဏန်းသည် အခွံအအုပ် အကာအကွယ်တို့ကြောင့် အလွယ်တကူ မသေနိုင်ဟု အထင်ရှိနိုင်သော်လည်း ခြင်ကဲ့သို့ သေးငယ်သော အကောင်ကလေးက ကိုက်လိုက်လျှင် သေနိုင်သည်ဟု ဆိုသည်ကို ရေးသားထားသည်။ ကဏန်းကို ခြင်က မည်သည့်နေရာအား ကိုက်မည်နည်းဟု မေးစရာရှိသည်။ ကဏန်းတွင် သံချပ်ကာ စစ်ယာဉ်နှင့်တူသည့် သတ္တဝါနှင့် မမျှအောင် မာကျောပြီး ထူထဲသော အခွံရှိနေသော်ငြား ခြင်ကိုက်၍ရသော နေရာက ရှိနေသည်။ ယင်းမှာ ကဏန်း၏မျက်စိ ဖြစ်နေသည်။ သူ၏ အမြင်အာရုံကို ဖြစ်ပေါ်စေသော မရှိမဖြစ် ဖြစ်နေသည့် မျက်စိကပင် ကဏန်း၏ သေကွင်းသေကွက် ဖြစ်နေသည်။ ကဏန်း၏ မျက်စိသည် မှိတ်၍မရ ပိတ်၍မရ မျက်လုံးအိမ်အတွင်း လျှိုးဝင်၍လည်းမရ အမြဲ အပြူးသား ရှိနေသည်။ ထိုမျက်စိကို ခြင်ကိုက်သည့်အခါ ကဏန်းသည် သေရတော့သည်။ ယင်းကို ဆရာက သမိန်ဗရမ်းနှင့် ဂါမဏိတို့၏ စီးချင်းထိုးပွဲတွင် ဂါမဏိ၏ ဓားမပေါက် လှံမပေါက် မီးမပေါက် အကာအကွယ်ဖြစ်သော သံကွန်ချာ ချပ်ဝတ်တန်ဆာ လက်မောင်းချိုင်းကြားက လှံတစ်ဖျားစာအလွတ်ကို သမိန်ဗရမ်း၏ လှံချက်ထိပုံနှင့် လည်းကောင်း၊ ခေါမစာဆိုကြီး အီလိယက်၏ မော်ကွန်းကဗျာကြီးမှ မိခင်ဖြစ်သူ ပင်လယ်နတ်သမီးက မွေးကင်းစအရွယ်တွင် စတိုက်မြစ်ထဲ ရေနစ်ကာ တစ်ကိုယ်လုံး စိုစွပ်စေပြီး ဓားလှံကျည်မီး ပြီးငြိမ်းလုံခြုံစေ သူရဲကောင်း အာချီလိ၏ မိခင် လက်တစ်ကိုင်စာ လွတ်သွားသော ခြေဖနောင့် မြားစိုက်သေရပုံကိုလည်းကောင်း စသည် ထင်ရှားသည့် ဖြစ်ရပ်များဖြင့် တင်ပြပြီး လူ့အဖွဲ့အစည်းများ လက်နက်ကိုင် နိုင်ငံတော်ကြီးများ မင်းဧကရာဇ်မင်းများ စစ်သူကြီးများ စစ်သူရဲကောင်းများ ပုဂ္ဂိုလ်ကျော်များ လျှောကျ နောက်ဆုံးရှိရသည့် အဖြစ်ကြုံရပုံကို ရေးသားပြီး မကြာမီ လပိုင်းအတွင်းမှာပင် နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်ကျော် အခိုင်အမာ တည်ဆောက်ထားခဲ့သည့် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီကြီးသည် ပြိုကွဲ နောက်ဆုံး ရှိချေသည်အဖြစ်နှင့် ကြုံတွေ့ရလေသည်။ ဆရာသည် ထိုအဖြစ်ကို ကြိုများတွက်ထားလေသလားဟု ထင်စရာပင် ဖြစ်နေသည်။ ကဏန်းမျက်စိ ဂါမဏိချိုင်းကြား အာချိလိဖနောင့်တို့မှာ မည်သည့်အဖွဲ့အစည်း ပုဂ္ဂိုလ်တွင်မဆို ရှိတတ်သောကြောင့် ထာဝရ တည်မြဲနေစေရန် ကြိုးစားနေသူများနှင့် ထာဝရတည်မြဲနေမည်ဟု အထင်ရှိနေသူများအတွက် သင်ခန်းစာယူစရာပင် ဖြစ်သည်။(၂)၁၁.၁၂.၂၀၁၄ နေ့ထုတ် Daily Eleven သတင်းစာတွင် စင်ကာပူမှ ရန်ကုန်သို့ ပျံသန်းလာသော MAI လေယာဉ်တစ်စင်း အမြင့်ပေ ၄၀၀၀ ခန့်မှ ပျံသန်းနေစဉ် ငှက်တစ်ကောင်နှင့် တိုက်မိရာမှ လေယာဉ်ထိပ်ပိုင်း တစ်ပေပတ်လည်ခန့် ပေါက်ပြဲမှုဖြစ်သွားကြောင်း ဖော်ပြထားသည့်သတင်းကို ဖတ်လိုက်ရသည့်အခါ လွန်ခဲ့သော ၂၅ နှစ်ကျော်ခန့်က ဆရာဦးဝင်းတင် ရေးသားခဲ့သည့် ဆောင်းပါးကို သတိရလိုက်သည်။ သာမန်အားဖြင့် လေယာဉ်တစ်စင်းနှင့် ငှက်တစ်ကောင်မှာ အရွယ်အားဖြင့် အလွန်ကွာခြားလှသည်။ စွမ်းအားချင်းကလည်း ယှဉ်မရအောင် ရှိနေသည်။ ငှက်တစ်ကောင်ကြောင့် လေယာဉ်တစ်စင်း ပျက်စီးရမည်ဟူသော အခြေအနေမှာ မဖြစ်နိုင်သော အခြေအနေပင် ဖြစ်သည်။ သို့သော် ငှက်တစ်ကောင်ကြောင့် လေယာဉ်မှာ ပျက်စီးခဲ့ပြီဖြစ်သည်။ သို့သော် အကြီးအကျယ်ကား မဟုတ်။ အကယ်၍ လေယာဉ်နှင့် တိုက်မိသည်မှာ
အချို့သော အဖွဲ့အစည်း ပုဂ္ဂိုလ်တို့မှာ မိမိတို့ ထာဝရ တည်ရှိခိုင်မြဲရေးကို တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ ကြိုးစားဆောင်ရွက်နေကြသည်။ ကြိုတင် အစီအမံများကိုလည်း စနစ်တကျချမှတ် လက်ဦးမှု ရယူကြပြီးသားလည်း ဖြစ် . . . . .
ငှက်အုပ်သာ ဖြစ်ခဲ့သော် လေယာဉ်ပျက်စီးမှု ထို့ထက်ကြီးမည်ဟု ခန့်မှန်းရတော့မည် ဖြစ်သည်။ ထို့အပြင် လေယာဉ်နှင့် ငှက်တို့သည် မျက်နှာချင်းဆိုင် အရှိန်အဟုန်ဖြင့် ပျံသန်းနေကြသော အခြေအနေလည်း ဖြစ်နေသည်။ ရပ်နေသော လေယာဉ်အား ငှက်က ဝင်တိုက်မိလျင်သော် လည်းကောင်း၊ နားနေသောငှက်အား ပျံသန်းနေသော လေယာဉ်က ဝင်တိုက်မိလျှင်သော် လည်းကောင်း လေယာဉ်မှာ ပျက်စီးမည် မဟုတ်ဘဲ ငှက်သာလျှင် သေဆုံးသွားမည်ဖြစ်သည်။ သို့သော် အင်အားကြီးသော လေယာဉ်ပျံသည် သူ့ထက် အဆမတန် အင်အားငယ်သော ငှက်ကြောင့် အခြေအနေတစ်ခုတွင် ပျက်စီးခဲ့ရသည်။ ထိုအဖြစ်အပျက်တွင် အခြေအနေကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ ရပ်နေသော လေယာဉ်အား ငှက်က ဝင်တိုက်မိသည့် အခြေအနေ နားနေသောငှက်အား ပျံသန်းနေသော လေယာဉ်က ဝင်တိုက်မိသည့် အခြေအနေတို့တွင်မူ ပျက်စီးမည်မှာ လေယာဉ်မဟုတ်ဘဲ ငှက်သာ ဖြစ်သွားမည်ဖြစ်သည်။(၃)ယခုအခါတွင် အချို့သော အဖွဲ့အစည်း ပုဂ္ဂိုလ်တို့မှာ မိမိတို့ ထာဝရ တည်ရှိခိုင်မြဲရေးကို တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ ကြိုးစားဆောင်ရွက်နေကြသည်။ ကြိုတင် အစီအမံများကိုလည်း စနစ်တကျချမှတ် လက်ဦးမှု ရယူကြပြီးသားလည်း ဖြစ်သည်။ ကဏန်းကဲ့သို့ ကျောနှင့်ဝမ်းပါ သံမဏိဝတ်ရုံ ရှိနေကြသူတို့ကလည်း အရာရာကို ထာဝရချုပ်ကိုင် ထားလိုကြသည်။ သူတို့သည် ကဏန်းမျက်စိကိုသော် လည်းကောင်း၊ ဂါမဏိချိုင်းကြားကိုသော် လည်းကောင်း၊ အာချိလိဖနောင့်ကိုသော် လည်းကောင်း ထည့်သွင်းစဉ်းစားမိကြပုံကား မပေါ်။ သို့သော် အခြေအနေမှာ ရပ်နေသော လေယာဉ်နှင့် ပျံသန်းနေသော ငှက်၊ နားနေသော ငှက်နှင့် ပျံသန်းနေသော လေယာဉ် အခြေအနေမျိုး ရောက်နေသောကြောင့်သော် လည်းကောင်း သို့မဟုတ် ထိုသို့ဖြစ်အောင် ဖန်တီးယူထားသောကြောင့်သော် လည်းကောင်း ဖြစ်နေသလားဟု တွေးထင်စရာ ဖြစ်နေသည်။ မည်မျှပင် အင်အားကြီးမားသော အဖွဲ့အစည်းပင် ဖြစ်စေကာမူ ကဏန်းမျက်စိ၊ ဂါမဏိချိုင်းကြား၊ အာချိလိဖနောင့်ကတော့ ရှိနေတတ်သည်သာ ဖြစ်သည်။ ထို့အပြင် ပျံသန်းနေသောငှက်နှင့် လေယာဉ်ပျံတို့ မျက်နှာချင်းဆိုင်တွေ့ခြင်းမျိုးလည်း ပေါ်ထွက်လာတတ်သည်ကို သတိထား စောင့်ကြည့်ရပေဦးမည်။