ဘာစီလိုနာအသင်းက စပိန်ဒိုင်ကော်မတီ ဒုဥက္ကဋ္ဌဟောင်း နီဂရီရာအား လာဘ်ငွေပေးခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ဒိုင်ကော်မတီရုံးခန်းကို စပိန်ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းရှာဖွေ

ဘာစီလိုနာအသင်းက စပိန်ဒိုင်ကော်မတီ ဒုဥက္ကဋ္ဌဟောင်း နီဂရီရာအား လာဘ်ငွေပေးခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ဒိုင်ကော်မတီရုံးခန်းကို စပိန်ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းရှာဖွေ
Photo: Getty Images
Photo: Getty Images
Published 30 September 2023

 

ဘာစီလိုနာအသင်းက စပိန်ဒိုင်ကော်မတီ ဒုဥက္ကဋ္ဌဟောင်း နီဂရီရာအား လာဘ်ငွေပေးခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ မက်ဒရစ်မြို့ရှိ ဒိုင်ကော်မတီရုံးခန်းကို စပိန်ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ဒိုင်ကော်မတီ ဒုဥက္ကဋ္ဌဟောင်း နီဂရီရာကို ငွေပေးအပ်ခဲ့ခြင်းအတွက် ခြစားမှုစွဲချက်များ ရင်ဆိုင်နေရပြီး ယင်းအမှုနှင့်ပတ်သက်၍ စပိန်မြို့ပြအစောင့်တပ်ဖွဲ့က စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) အဆောက်အအုံရှိ ဒိုင်ကော်မတီရုံးခန်းကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ခြင်းဖြစ်သည်။ 

ဗြိတိန်အခြေစိုက် BBC သတင်းဌာန၏ ဖော်ပြမှုအရ ယင်းအမှုကို ကိုင်တွယ်နေသည့် တရားသူကြီးက ဒိုင်ကော်မတီထံမှ အချက်အလက်များ တောင်းဆိုသော်လည်း ပေးပို့လာခြင်းမရှိသောကြောင့် ဝင်ရောက်စီးနင်းရှာဖွေရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ အဆိုပါ စီးနင်းရှာဖွေမှုတွင် တရားသူကြီး ယော်ကွင်းအဂီရီး၏ ညွှန်ကြားမှုအတိုင်း မည်သူ့ကိုမျှ ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ကလည်း ရဲတပ်ဖွဲ့၏ ဝင်ရောက်ရှာဖွေမှုနှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး RFEF ဝန်ထမ်းအားလုံးအနေဖြင့် အာဏာပိုင်များထံမှ သတင်းအချက်အလက်တောင်းခံသည့် အချိန်တိုင်း ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း၊ စုံစမ်းစစ်ဆေးခံရသည့်ဖြစ်ရပ်များကို အမြန်ဆုံးရှင်းလင်းပေးနိုင်ရန် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။ 

အဆိုပါဖြစ်ရပ် မှာ နီဂရီရာပိုင်ဆိုင်သည့်ကုမ္ပဏီကို အခွန်အာဏာပိုင်များက ကနဦးစစ်ဆေးရာမှတစ်ဆင့် ဘာစီလိုနာရှိ အစိုးရရှေ့နေရုံးက မတ်လ အတွင်း ရာဇဝတ်မှုဖြင့် စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာအသင်းသည် နီဂရီရာ ပိုင်ဆိုင်သည့် Dasnil 95 ကုမ္ပဏီကို ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အတွင်း ယူရို ၁ ဒသမ ၄ သန်း၊ နီဂရီရာကိုလည်း ဒိုင်ကော်မတီတွင် တာဝန်ယူဆောင်ရွက်ခဲ့သည့် ၂၀၀၁ မှ ၂၀၁၈ ခုနှစ်အတွင်း ယူရိုခုနစ်သန်း ပေးအပ်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။ 

ဘာစီလိုနာအသင်းကမူ Dasnil 95 ကုမ္ပဏီကို ငွေကြေးပေးအပ်ခြင်းမှာ နည်းပြအဖွဲ့ဝင်များက ဒိုင်လူကြီးများအကြောင်း ရုပ်သံအစီရင်ခံစာပြုလုပ်ရာတွင် လိုအပ်ချက်များအတွက် နည်းပညာပိုင်းဆိုင်ရာ အကြံပေးခြင်းအပေါ် ပေးချေရခြင်းဖြစ်ကြောင်း တုံ့ပြန်ဖြေရှင်းထားသည်။

ယင်းဖြစ်ရပ်အတွက် အစိုးရရှေ့နေရုံးက ဘာစီလိုနာအသင်းအား အားကစားဆိုင်ရာ အကျင့်ပျက်ခြစားမှု၊ စီးပွားရေးဆိုင်ရာ အကျင့်ပျက်ခြစားမှု၊ မှားယွင်းသော စီမံခန့်ခွဲမှုနှင့် စီးပွားရေးဆိုင်ရာ စာရွက်စာတမ်းများ အတုအပပြုလုပ်မှုစွဲချက်များဖြင့် တရားစွဲဆို ထားသည်။ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ကလည်း ဘာစီလိုနာအသင်းကို သီးခြားစုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။