မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေသည် ၅၅ ဒသမ ၈ သန်းရှိပြီး အမျိုးသားဦးရေ ၂၆ ဒသမ ၇ သန်းနှင့် အမျိုးသမီးဦးရေ ၂၉ ဒသမ ၁ သန်းရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း က ပြောကြားသည်။
စက်တင်ဘာ ၁၅ ရက်က နေပြည်တော်ရှိ Kumudra Ballroom Hotel Max ၌ ကျင်းပသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း ၂၀၂၃-၂၀၃၂ ၏ လုပ်ငန်းနယ်ပယ် ၁၂ ရပ်အတွက် ရေးဆွဲထားသည့် စီမံချက်လုပ်ငန်းစဉ် (မူကြမ်း) များနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေထုတ်ပြန်စာရင်းတွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေသည် ၅၅ ဒသမ ၈ သန်း ရှိပြီး အမျိုးသားဦးရေသည် ၂၆ ဒသမ ၇ သန်း ဖြစ်၍ အမျိုးသမီးဦးရေသည် ၂၉ ဒသမ ၁ သန်းရှိကြောင်း၊ နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ဖြစ်သည့် မြန်မာအမျိုးသမီးထုကြီး၏ စွမ်းဆောင်ရည်ကို မြှင့်တင်ဆောင်ရွက်ပေး ခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သည့် အင်အားစု ကြီးဖြစ်လာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင် ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ကို ဆက်စပ်ဝန်ကြီးဌာနများ နှင့် အဖွဲ့အစည်းများ၏ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုဖြင့် ရေးဆွဲအကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သြဂုတ်၂၃ ရက်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်နှင့်အညီ ဦးဆောင်ကော်မ တီကို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းထားရှိပြီးဖြစ် ကြောင်း၊ လုပ်ငန်းကော်မတီ ၁၂ ရပ်ကိုလည်း ထပ်မံ ပြင်ဆင်ဖြည့်စွက်ဖွဲ့စည်း၍ ဦးဆောင် ကော်မတီသို့ တင်ပြထားရှိပြီးဖြစ်ကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ၂၀၂၃-၂၀၃၂ ပါ လုပ်ငန်းနယ်ပယ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ရေးဆွဲထားသည့် လုပ်ငန်းစီမံကိန်း များနှင့် ချိတ်ဆက်ကာ ကျား၊ မ ရေးရာ ထည့်သွင်းစဉ်းစားခြင်း (Gender Mainstreaming) ဆောင်ရွက်နိုင်ရန် ဦးဆောင်ကော်မတီဝင်များ၏ လမ်းညွှန်မှုနှင့်အတူ လုပ်ငန်း ကော်မတီအားလုံးက ၀ိုင်းဝန်းပူးပေါင်းရေးဆွဲ ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးများ ဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသာအဆင့် မဟာဗျူဟာစီမံကိန်း ၂၀၂၃-၂၀၃၂ ရေးဆွဲ ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီအသီး သီးက မိမိတို့သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အလိုက် တာဝန်ယူရေးဆွဲထားကြသည့် အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ၂၀၂၃-၂၀၃၂ ၏ လုပ်ငန်းနယ်ပယ် ၁၂ ရပ် စီမံချက်လုပ်ငန်းစဉ် (မူကြမ်း) များနှင့်ပတ်သက်၍ အကြံပြုပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၃၂) ရေး ဆွဲရေးဆိုင်ရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးဆောင်ကော်မတီ အဖွဲ့ ဝင်များဖြစ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမျိုးသမီးများ ဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ရေးဆွဲရေး လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။















