မွန်ပြည်နယ် သထုံ နှင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ တရားမဝင် နိုင်ငံခြား ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူများအား စက်တင်ဘာလ ၁၅ ရက် က ဖမ်းဆီးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
သထုံမြို့နယ် မရမ်းကုန်းကျေးရွာ ရွာလယ်ပိုင်းနေ မမေရတနာဦး ဆိုသူမှာ ငွေလွှဲလုပ်ငန်း လိုင်စင်မရှိဘဲ တရားမဝင်ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသည့်အတွက် ဖမ်းဆီးခံထားရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “သူက ထိုင်းနိုင်ငံရှိတဲ့ အစ်မဝမ်းကွဲ တော်စပ်သူနဲ့ အခြားသူတွေထံကနေ မြန်မာနိုင်ငံရှိ မိသားစုဝင်များထံကို ငွေလွှဲပြောင်းခြင်းများ ဆောင်ရွက်ခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် ဖမ်းဆီးအရေးယူခြင်း ခံထားရတယ်လို့ သိရတယ်” ဟု ပြောကြားသည်။
အလားတူ ကျိုက်ထိုမြို့ တောင်ပိုင်းရပ်ကွက်နေ မချိုလွင်အေး ဆိုသူမှာလည်း ငွေလွှဲလုပ်ငန်းလိုင်စင်မရှိဘဲ ငွေလွှဲလုပ်ကိုင်နေသည်ဟုဆိုကာ စက်တင်ဘာ ၁၅ ရက်က ဖမ်းဆီးခံခဲ့ရကြောင်း နှင့် ၎င်းတို့နှစ်ဦးအား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ - ၁၇၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။















