နစကဒုတိယဥက္ကဌက အာဆီယံအဖွဲ့ဝင် ငါးနိုင်ငံမှလေတပ် ဦးစီးချုပ်များအားတွေ့ဆုံခဲ့ပြီး သန်းခေါင်းစာရင်းကောက်ယူရေးနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြား

နစကဒုတိယဥက္ကဌက အာဆီယံအဖွဲ့ဝင် ငါးနိုင်ငံမှလေတပ် ဦးစီးချုပ်များအားတွေ့ဆုံခဲ့ပြီး သန်းခေါင်းစာရင်းကောက်ယူရေးနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြား
Published 15 September 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် စက်တင်ဘာ ၁၄ ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၂၀)ကြိမ်မြောက်အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံ 20th AACC သို့တက်ရောက်ခဲ့သည့် အာဆီယံလေတပ် ဦးစီးချုပ်များအား လက်ခံတွေ့ ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နစက ဒုတိယဥက္ကဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်၍ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်၊ အမျိုးသားရေးရည်မှန်းချက်(၂)ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက် နေသည့် အခြေအနေများ၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း စမ်းသပ် ကောက်ယူမှု အခြေအနေနှင့် (၁၀)နှစ်တစ်ကြိမ် ဆောင်ရွက်ရမည့် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူရေးဆိုင်ရာ ပြင်ဆင်ဆောင်ရွက်နေမှုများ၊ လွတ်လပ်ပြီးတရားမျှတသော (Free and Fair) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုဆောင်ရွက်နေသည့် အခြေ အနေများ၊  အာဆီယံတပ်မတော်များအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ် များအား ဦးစွာဆွေးနွေးပြောကြားပြီး (၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး ကျင်းပပြုလုပ်နိုင်ခဲ့မှုအပေါ် အောင်မြင်ပြီးမြောက်ခဲ့မှု အခြေအနေများအား သုံးသပ်ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် အာဆီယံလေတပ်ဦးစီးချုပ်များက နိုင်ငံအလိုက် တစ်ဦးချင်း မိတ်ဆက် ကြပြီး မြန်မာနိုင်ငံအတွင်းရှိ အထင်ကရ နေရာများသို့သွားရောက်၍ လေ့လာလည်ပတ်ခဲ့မှု၊ ဧည့်ဝတ်ကျေပွန်မှုနှင့်  အစည်းအဝေးကိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုများကို ဆွေးနွေး တင်ပြခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ စစ်ဦးစီအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်  နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘရူနိုင်းနိုင်ငံ လေတပ်ဦးစီးချုပ် Brigadier General (u) Dato Seri Pahlawan Mohammad Sharif Bin Dato Paduka Haji Ibrahim ၊ ကမ္ဘောဒီးယားနိုင်ငံ လေတပ်ဦးစီးချုပ် General Soeung SAMNANG ၊  လာအိုနိုင်ငံလေတပ်ဦးစီးချုပ် Brigadier General  Khamlek SENGPH ACHANH ၊ ထိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot ၊ ဗီယက်နမ် နိုင်ငံလေတပ်ဦးစီးချုပ် Lieutenant General Nguyen Van Hien နှှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။

အလားတူ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၀)ကြိမ်မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များအစည်းအဝေး 20th ASEAN Air Chiefs Conference (20th AACC )ကို တက်ရောက်လာကြသည့် လေတပ်ဦးစီးချုပ်များဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ သည် စက်တင်ဘာ ၁၄ ရက်နံနက်ပိုင်းတွင် သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွားရောက်၍ သူရဲကောင်း ဗိမာန်အတွင်းရှိ အထိမ်းအမှတ်‌ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းများဖြင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်စွန့်လွှတ်ခဲ့ကြသူများအား အလေးပြုကြပြီး ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ပြီး မွန်းလွဲပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် ပြင်ဦးလွင်မြို့သို့သွားရောက်၍ အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းရှိ လိပ်ပြာပြတိုက်နှင့် ဥယျာဉ်အတွင်း လှည့်လည် ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကာ ထိုမှတစ်ဆင့် ပြင်ဦးလွင်မြို့တွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။

Most Read

Most Recent