ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ စက်တင်ဘာ ၉ ရက်တစ်ရက်တည်း ယာဉ်မတော်တဆမှု နှစ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါယာဉ်များပေါ်တွင်ပါရှိသူ ၁၆ ဦးအနက် ဒဏ်ရာရရှိသူ ၁၁ ဦးတွင် သုံးဦးစိုးရိမ်ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။
ယာဉ်မတော်တဆမှုဖြစ်စဉ်မှာ စက်တင်ဘာ ၉ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁၀/၂) နှင့် (၁၁၀/၃)ကြားတွင် Toyota Corolla Van (ခဲရောင်ယာဉ်)သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဘယ်ရီယာတုံးအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းအရ ၁၁၅ မိုင်အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား အမျိုးသမီးခြောက်ဦးအနက် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မိန်းကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့အား ၁၁၅ မိုင် အမြန်လမ်းကြက်ခြေနီအသင်းပိုင်သူနာတင်ယာဉ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
ထို့နည်းတူ စက်တင်ဘာ ၉ ရက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ နေပြည်တော်-ရန်ကုန်ဘက်ခြမ်း၊ မိုင်တိုင်အမှတ် (၆၁/၁) နှင့် (၆၁/၂)ကြားတွင် ရပ်ထားသော Nissan AD VAN(အဖြူရောင်)ယာဉ်အား နေပြည်တော်မှ ရန်ကုန်သို့မောင်းနှင်လာသော HIJET(အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းအရ ဉသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် Nissan AD VAN(အဖြူရောင်)ယာဉ်ပေါ်ပါ အမျိုးသား အမျိုးသမီး ခုနှစ်ဦးအနက် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ မိန်းကလေးငယ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် HIJET(အဖြူရောင်)ယာဉ်ပေါ်ပါ အမျိုးသားသုံးဦးအနက် တစ်ဦးထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့အား အမြန်လမ်းရဲတပ်ဖွဲ့ပိုင် 192 သူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။















