ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ကန့်သတ်ချက်မထားဘဲ ဆွေးနွေးနေသလို ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်လျှင် ပြင်ဆင်မည်ဟု ပြောခဲ့ပြီးဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ကန့်သတ်ချက်မထားဘဲ ဆွေးနွေးနေသလို ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်လျှင် ပြင်ဆင်မည်ဟု ပြောခဲ့ပြီးဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 23 August 2023

ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ကန့်သတ်ချက်မထားဘဲ ဆွေးနွေးနေသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်လျှင် ပြင်ဆင်မည်ဟု ပြောခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

သြဂုတ် ၂၂ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများအား တပ်မတော်မှ ဖြေလျော့မှုများဖြင့် ဖိတ်ခေါ်ထားမှုကို လာရောက်ဆွေးနွေးခြင်း မရှိသေးသည့် အဖွဲ့အစည်းများကို မည်သို့ ပြောလိုပါသလဲဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်းထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ခုနက ပြောတဲ့အထဲမှာပေါ့၊ မှန်ပါတယ်၊ ကန့်သတ်ချက်မထားဘဲ ဆွေးနွေးမယ်။ အခုလည်း ကျွန်တော်တို့ ကန့်သတ်ချက်မထားဘဲ ဆွေးနွေးနေတာပဲဖြစ်တယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ကတော့ သူတို့ကို အမြဲတမ်းတိုက်တွန်းတာဖြစ်ပါတယ်။ ဒို့တာဝန်အရေးသုံးပါးကို ဦးတည်ဖို့ဆိုတာတော့ အမြဲတမ်း တိုက်တွန်း ပါတယ်။ ခုနကပြောသလို အခြေခံဥပဒေပေါ့၊ ဒါပြည်နယ်တွေနဲ့ပတ်သက်တဲ့ ဥပဒေတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အခုလောလောဆယ်အထိမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မကျော်လွန်စေဘဲလို့ပဲ သုံးနှုန်းပါတယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတောင်မှ လိုအပ်ရင် ပြင်ပါမယ်လို့ ကျွန်တော်တို့ ပြောခဲ့ပြီးသားဖြစ်ပါတယ်။ ဒီကဏ္ဍကို စတင်ပြီးတော့ ဆောင်ရွက်တာဆိုလည်း အားလုံးသိပြီးသားဖြစ်ပါမယ်။ ဒါငြိမ်းချမ်းရေး ညီလာခံမှာပဲ တိုင်းရင်းသားတွေ ပုဒ်မ ၂၆၁ နဲ့ပတ်သက်ပြီး ပြောကြတာရှိတယ်။ ပြည်နယ်ဝန်ကြီးချုပ်တွေကို ကိုယ့်ပြည်နယ်ကပဲ ခန့်အပ်ပေးနိုင်ဖို့ပေါ့၊ သမ္မတက ခန့်အပ်တာ မဟုတ်ဘဲနဲ့။ ပထမဦးဆုံး ထောက်ခံခဲ့တဲ့သူက တပ်မတော်ပဲဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အခုနိုင်ငံတော်ဝန်ကြီးချုပ်ပဲ ဖြစ်ပါတယ်’’ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသားများအတွက် အထက်ပါကဲ့သို့ စတင်၍ လမ်းဖွင့်ပေးခဲ့သလို လက်ရှိ အချိန်တွင်လည်း ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်းနှင့် NCA နှင့်ပတ်သက်၍ အမျိုးမျိုးပြောဆိုမှုများရှိနေသည့် အပေါ်တွင်လည်း NCA သည် တိုင်းရင်းသားလက်နက်ကိုင်များက အဆိုပြုပြီး ၎င်းတို့ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး NCA သည် ဘယ်လိုပဲပြောပြော၊ NCA နဲ့ပတ်သက်ပြီး မျိုးစုံပြောနေတာရှိတယ်။ NCA သည် အကျုံးမဝင်ဘူးတို့၊ တစ်ချို့ ခေါင်းဆောင်တွေ၊ တစ်ချို့ EAO အဖွဲ့က လူတွေဆိုရင် NCA ရဲ့ အခန်း(၁)ကို ချေဖျက်လိုက်တာဖြစ်တယ်တို့၊ ဘာညာတို့ ပြောတာပေါ့။ NCA အခန်း(၁)လည်း ဖတ်ကြည့်ပါဦး၊ ၁၁ ပိုဒ်ပဲ ပါပါတယ်။ ၁၁ ပိုဒ်လုံး ကြေကြေညက်ညက် ဖတ်ကြည့်ပါဦး။ ကြေကြေညက်ညက် ဖတ်ကြည့်ရင် သူပြောတဲ့စကားက အဓိပာယ်ရှိ၊ မရှိဆိုတာ သိမှာ ဖြစ်ပါတယ်။ တစ်ချို့ကြလည်း အဲ့လိုမျိုး မဖတ်တော့ဘူးပေါ့၊ မဖတ်တော့ ပြောတာပဲ ဟုတ်နိုးနိုးထင်တာပေါ့။ ဘာမှမဆိုင်ဘူး၊ ပြောတဲ့ဟာနဲ့၊ တခြားစီဘဲ။ တပ်မတော်အစိုးရတက်လာတာသည် မဲမသမာမှုကြောင့် တက်လာတာပဲ။ ဒါ ရွေးကောက်ပွဲမှာ အေးဆေး ပြီးသွားရင် ဘာမှဖြစ်လာစရာ အကြောင်းမရှိဘူး။ ဒါ စေ့စပ်ညှိနှိုင်းဖို့လည်း ပြောတယ်။ မဖြစ်လာတာပဲ။ မဖြစ်လာတဲ့အတွက်ကြောင့်မလို့ ဒါတွေဖြစ်လာတာပဲ ဖြစ်တယ်။ ဒီကိစ္စနဲ့ ဘာမှမပတ်သက်ဘူး။ NCA ဆိုတာသည် စမြစ်ဖျားခံကတည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက အဆိုပြုပြီး သူတို့ ရေးဆွဲခဲ့တာပဲ ဖြစ်တယ်။ ရေးဆွဲခဲ့ပြီးမှ ညီလာခံတွေ လုပ်တယ်။ တောထဲမှာ ကျွန်တော်တို့၊ တောထဲမှာဆိုတာ EAO အဖွဲ့တွေ ရှိတဲ့နေရာမှာ ညီလာခံတွေလုပ်တယ်။ လုပ်ပြီးမှ အကြေအလည် ဆွေးနွေးပြီးမှ ဖြစ်လာတာပါ’’ ဟု ပြောကြားသည်။

NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သူများသည် အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းနှင့် EAO အဖွဲ့များ ဖြစ်ပြီး တပ်မတော်အနေနနှင့် NCA လမ်းကြောင်းနှင့်ပတ်သက်ပြီး အမြဲတမ်းထိန်းသိမ်းဆောင်ရွက်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ အဲ့ထဲမှာ အဲ့လို ပြောနေတာသည် NCA လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့ထဲမှာ ဒီလိုပြောနေတာသည် ဒီတစ်ဖွဲ့ပဲ ရှိပါတယ်။ ဒီတစ်ဖွဲ့၊ နောက်တစ်ဖွဲ့ပေါ့၊ အလွန်ဆုံးရှိရင်၊ ဒါပါပဲ။ ကျန်တဲ့အဖွဲ့တွေ ပြောတာလည်း မရှိပါဘူး။ အဲ့တာတော့ သူ့သဘောပေါ့။ ကျွန်တော်တို့ သဘောမှ မဟုတ်တာ။ သို့သော် အဲ့အဖွဲ့ထဲမှာကိုပဲ၊ အဲ့လိုပြောတဲ့ အဖွဲ့ထဲမှာကိုပဲ အစိုးရနဲ့ ဆွေးနွေးလိုတဲ့အဖွဲ့တွေ၊ အစိုးရနဲ့ပဲ ငြိမ်းချမ်းရေး၊ သူတို့ဒေသဖွံ့ဖြိုးရေးအတွက် လုပ်လိုတဲ့ အဖွဲ့တွေ ရှိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့အနေနဲ့ကတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင် NCA လမ်းကြောင်းနဲ့ပတ်သက်လာရင် တပ်မတော်အနေနဲ့ အမြဲတမ်း ထိန်းသိမ်းဆောင်ရွက်ပါတယ်။ ခုနကပြောတဲ့ အနည်းစု၊ အများစု ကြည့်ရပါတယ်။ ၁၀ ဖွဲ့ရှိတဲ့အထဲမှာ NCA လက်မှတ်ရေးထိုးပြီး လာမဆွေးနွေးတာသည် သုံးဖွဲ့ပဲ ရှိပါတယ်။ သုံးဖွဲ့ပဲ ရှိတဲ့အတွက်ကြောင့်မလို့ ဒီသုံးဖွဲ့အနေနဲ့လည်း ဆက်ဆံရေး လုပ်နေတာတွေ၊ မထိုးရသေးတဲ့အဖွဲ့ သုံးဖွဲ့လည်း လာဆွေးနွေးနေတာ ရှိတယ်။ ဒါကြောင့်မလို့ တစ်ဖက်ကလည်း ဒီလိုထိန်းသိမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တစ်ဖက်တွင်လည်း ပြည်သူ့အသက်အိုးအိမ်စည်းစိမ်များအား ထိခိုက်ပါက လုံခြုံရေးအရ ဆောင်ရွက်သင့် သည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ပြည်သူ့အသက်အိုးအိမ်စည်းစိမ် ထိခိုက်တယ်ဆိုရင် လုံခြုံရေးအရ ဆောင်ရွက်တဲ့၊ ဆောင်ရွက်သင့်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာလည်း ဒါ သွားပြီးတော့ တိုက်ခိုက်လိုက်ပြီဆိုရင်တော့ ဒါသည် မလုပ်သင့်ဘူးဆိုတဲ့ဟာ၊ ဒါသည် တပ်မတော်က ချိုးဖောက်တယ်ဆိုတဲ့ဟာမျိုး အမြဲတမ်း ပြောနေတာပဲ ရှိပါတယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ကတော့ ဆောင်ရွက်ရမယ့် လုံခြုံရေးလုပ်ငန်းတွေ၊ ဆောင်ရွက်ရမယ့် ကာကွယ်ရေးလုပ်ငန်းတွေကိုတော့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ပြောကြားသည်။