■ မန်ယူ ၀-၁ ဂျူဗင်တပ်စ်
အင်္ဂါညရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေထဲက မန်ယူအသင်းနဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ ပွဲစဉ်မှာတော့ ဂျူဗင်တပ်စ်အသင်းက (၁-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
စီရော်နယ်လ်ဒိုနဲ့ ပေါ့ဘာတို့ရဲ့ အသင်းဟောင်းတွေနဲ့ တွေ့ဆုံပွဲဖြစ်တာကြောင့် လူစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ ဒီပွဲမှာ နှစ်သင်းစလုံး လူစုံပါဝင်ခဲ့တာပါ။
မန်ယူအသင်းဟာ ဒီနေ့ပွဲမှာ (၄-၂-၃-၁)နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ လူကာကူကို အထောင်ထားကာ မာတာကို နံပါတ် (၁၀)နေရာထားပြီး တောင်ပံနှစ်ဖက်မှာတော့ ရပ်ရှ်ဖို့ဒ်နဲ့ မာစီယဲလ်တို့ကို အသုံးပြုခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းကတော့ (၄-၃-၃)ပုံစံနဲ့ ပွဲထွက်လာပြီး တိုက်စစ်မှာ ပွဲပယ်ပြစ်ဒဏ်ပြန်လည်လွတ်မြောက်လာတဲ့ စီရော်နယ်လ်ဒိုကို ဒီဘားလား၊ ကွာဒရာဒိုနဲ့ တွဲဖက်ပေးခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ပွဲစကတည်းက အိမ်ရှင် မန်ယူအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားခဲ့ပါတယ်။ မန်ယူအသင်းကတော့ ဂျူဗင်တပ်စ်ရဲ့ တိုက်စစ်ကိုပဲ အဓိကထိန်းနေခဲ့ရပြီး တန်ပြန်တိုက်စစ်ကနေ ဂျူဗင်တပ်စ်ဘက်ကို ထိုးဖောက်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှာ စီရော်နယ်လ်ဒို၊ ဒီဘားလားနဲ့ ကွာဒရာဒိုတို့က နေရာစုံရွေ့လျားကစားခဲ့တာတွေ့ရပြီး အထူးသဖြင့် ဒီဘားလားက ဂိုးသွင်းခွင့်တွေ ပိုရခဲ့ပါတယ်။
ပွဲချိန် (၁၇)မိနစ်တော့ ဂျူဗင်တပ်စ်အသင်း အဖွင့်ဂိုးရခဲ့ပါတယ်။ ညာတောင်ပံကနေ စီရော်နယ်လ်ဒို ထိုးပေးတာကို ကွာဒရာဒိုပိတ်ဖို့ ကြိုးစားရာမှာ စမောလင်းဖျက်ထုတ်နိုင်ခဲ့ပေမယ့် ဧရိယာထဲမှာ အသင့်စောင့်နေတဲ့ ဒီဘားလားဆီကို ရောက်သွားခဲ့ပြီး ဒီဘားလားက ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ အပိုင်ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာလည်း ဂျူဗင်တပ်စ်အသင်းကပဲ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဆက်လက်ဖိကစားခဲ့ပြီး ပွဲချိန် (၃၇)မိနစ်မှာ စီရော်နယ်လ်ဒိုရဲ့ ဖရီးကစ်ကန်ချက်ကို ဒီဟေးယား ပုတ်ထုတ်ခဲ့ရပြီး ပြန်ထွက်လာတဲ့ဘောလုံးကို မာတွီဒီကန်သွင်းရာမှာလည်း ဒီဟေးယားကပဲ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာ မန်ယူဘက်က ပြစ်ဒဏ်ဘောကို ပေါ့ဘာခေါင်းတိုက်တာ တစ်ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းက (၁-၀)ဂိုးနဲ့ အနိုင်ရနေခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့ ပွဲဟာ အပြန်အလှန်ရှိခဲ့ပြီး မန်ယူအသင်းကလည်း ပထမပိုင်းကထက် ပိုကောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူအသင်းဟာ တိုက်စစ်ပိုင်း ချိန်ဆက်မှုအားနည်းခဲ့ပါတယ်။ ဒုတိယပိုင်းပြန်စပြီး သိပ်မကြာခင်မှာ ဂျူဗင်တပ်စ်ဘက်က စီရော်နယ်လ်ဒို ဂိုးဧရိယာအပြင်က ကန်ခွင့်တစ်ကြိမ်ရခဲ့ပေမယ့် ဒီဟေးယားက လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့ မန်ယူတို့ သက်သာရာရခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ မန်ယူအသင်းကလည်း ချေပဂိုးရဖို့ တင်ကစားခဲ့တာကြောင့် ပွဲဟာကြည့်ကောင်းခဲ့ပြီး နှစ်သင်းစလုံး အခွင့်အရေးတွေ ရခဲ့ပါတယ်။ အထူးသဖြင့် မန်ယူအသင်းက အခွင့်အရေးတွေ ပိုရခဲ့တာ ဖြစ်ပါတယ်။
ပွဲချိန် (၇၅)မိနစ်မှာ ပေါ့ဘာရဲ့ ကန်ချက်ဟာ ဂျူဗင်တပ်စ်နောက်ခံလူနဲ့ထိပြီး လမ်းကြောင်းပြောင်းကာ တိုင်ထိခဲ့လို့ မန်ယူတို့ ကံဆိုးခဲ့ရပါတယ်။ ကျန်ပွဲချိန်တွေမှာလည်း နှစ်သင်းစလုံးဂိုးရဖို့ ကြိုးစားခဲ့ရပေမယ့် အဆုံးသတ်မသေချာတာရယ်၊ နောက်တန်းနဲ့ ဂိုးသမားတွေ ကောင်းနေတာရယ် ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ ပွဲအပြီးမှာ ဂျူဗင်တပ်စ်အသင်းက အဝေးကွင်းမှာ (၁-၀)ဂိုးနဲ့နိုင်ပြီး နောက်တစ်ဆင့်တက်ဖို့ပါ အခြေအနေကောင်းသွားခဲ့ပါတယ်။
■ ယနေ့ကစားသည့် ပွဲစဉ်များ ရလဒ်
ချန်ပီယံလိဂ်အုပ်စုအဆင့်
AEK အေသင် ၀-၂ ဘိုင်ယန်မြူးနစ်
ယန်းဘွိုင်းစ် ၁-၁ ဗလင်စီယာ
အေဂျက်စ် ၁-၀ ဘင်ဖီကာ
ဟော်ဖန်ဟင်မ် ၃-၃ လိုင်ယွန်
ရှက်တာဒိုးနက် ၀-၃ မန်စီးတီး
ရိုးမား ၃-၀ CSKA မော်စကို
ရီးယဲလ်မက်ဒရစ် ၂-၁ ဗစ်တိုးရီးယားပါလ်ဇန်
မန်ယူ ၀-၁ ဂျူဗင်တပ်စ်
လိဂ်ချန်ပီယံရှစ်
မစ်ဒယ်ဘရော့ ၀-၀ ရော့သာဟမ်
မီဝေါလ် ၂-၁ ဝီဂန်
နောဝစ်ချ် ၂-၁ အက်စတွန်ဗီလာ
QPR ၃-၀ ရှက်ဖီးဝင်းစ်ဒေး
ရှက်ဖီးယူနိုက်တက် ၁-၁ စတုတ်စီးတီး
ဆွမ်ဆီး ၃-၁ ဘလက်ဘန်း
ဘာမင်ဂမ် ၂-၁ ရက်ဒင်း