ဖြတ်သန်းခဲ့သည့် သမိုင်းအတွေ့အကြုံအရ မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီး တည်ဆောက်မည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
နေပြည်တော် ဇူလိုင် ၃၁ ရက်က ပြု လုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၃)တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှေ့လုပ်ငန်းစဉ်ငါးရပ်အနက် တတိယအချက်ဖြစ်သည့် “စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည် ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်” ဆိုသည့်အချက်နှင့်ပတ်သက်ပြီး ဆောင်ရွက်မှုများကို ပြောကြားလိုကြောင်း၊ မိမိတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်ကို ဦးတည်လျှောက်လှမ်းနေခြင်းဖြစ်ပြီး တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိကြောင်း၊ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပါတီစုံဒီမိုကရေစီစနစ်တို့ကို ယိမ်းယိုင်ပျက်စီးအောင်ပြုလုပ်လာသော မည်သည့်အပြုအမူမျိုးကိုမဆို ဥပဒေနှင့်အညီ ကာကွယ်တားဆီးသွားရမည်ပင်ဖြစ်ကြောင်း ပြောကြားသည်။
ဖြတ်သန်းခဲ့ရသည့်သမိုင်းအတွေ့အကြုံအရ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်သွားရမည်ဖြစ်ခြင်းကြောင့် လွှတ်တော်လမ်းကြောင်းကို မဖြစ်မနေသွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံရေးပါတီများ ပြင်ဆင်ဖွဲ့စည်းရန် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းစေရေး ပြည်သူလူထုနှင့် ဒေသကိုကိုယ်စားပြုသည့်၊ ခိုင်မာသည့် နိုင်ငံရေးပါတီများ ပေါ်ထွန်းလာစေရေးအတွက် ပြဋ္ဌာန်းပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ယခင်တည်ဆဲနိုင်ငံရေးပါတီ ၉၀ အနက်မှ ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့်ကို ပါတီ ၅၀ က လာရောက်လျှောက်ထားခဲ့ပြီး ကျန်ပါတီ ၄၀ မှာ သတ်မှတ်ကာလအတွင်း လာရောက်လျှောက်ထားခြင်းမရှိကြောင်း၊ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ ဇူလိုင် ၃၁ ရက်အထိ နိုင်ငံရေးပါတီအသစ် တည်ထောင်ခွင့် လျှောက်ထားလာသည့် ပါတီ ၁၃ ပါတီရှိကြောင်း၊ ဇူလိုင် ၂၇ ရက်အထိ ယခင်ပါတီဟောင်း ၅၀ အနက်မှ နိုင်ငံရေး ပါတီ ၃၀ ပါတီနှင့် နိုင်ငံရေးပါတီအသစ် လျှောက်ထားသည့် ၁၃ ပါတီအနက်မှ နိုင်ငံရေးပါတီ ငါးပါတီ၊ စုစုပေါင်း ၃၅ ပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံရေးပါတီသစ်တစ်ရပ် တည်ထောင်လိုသူများအနေဖြင့် ပါတီတည်ထောင်ခွင့်ကို နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ ဆက်လက်လျှောက်ထားနိုင်သည်ကို ပြောကြားလိုကြောင်း ၎င်းက ပြောကြားသည်။
တည်ဆဲဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ထောင်ခွင့်ရရှိခဲ့သည့် ပါတီများ၊ ပါတီသစ်အဖြစ် ပေါ်ထွက်လာသည့်ပါတီများမှာ ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ ကျန်ရှိနေသေးကြောင်း၊ ပါတီဟောင်းများအနေဖြင့် ပါတီဝင်အသစ်များ ပါရှိလာသည်ရှိသကဲ့သို့ ပါတီသစ်များအနေဖြင့်လည်းပါတီများ ခိုင်မာတည်တံ့ရေးအပါအဝင် ပါတီ၏မူဝါဒများကို ပြည်သူလူထုမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပါတီဝင်များရရှိရေး၊ ထောက်ခံမှု တိုးတက်လာစေရေး စသည်များအတွက် စည်းရုံးလှုံ့ဆော်ခြင်းများကို ဆောင်ရွက်သွားရဦးမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လွတ်လပ်မှု၊ ခြိမ်းခြောက် အကြပ်ကိုင်မှုများမရှိဘဲ အကြောက်တရားကင်းစွာဖြင့် စည်းရုံးရေးဆောင်ရွက်နိုင်မှု စသည့်အခင်းအကျင်းများ ဖြစ်ပေါ်လာစေရန် မိမိတို့အစိုးရအနေဖြင့် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့အခင်းအကျင်းနှင့် ပါတီများ၏ လိုအပ်သည့် နိုင်ငံရေးလုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန်အတွက် အစိုးရအနေဖြင့် အချိန်ကာလတစ်ခုအထိ လိုအပ်နေဦးမည်လည်း ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။















