တက္ကစီအငှားယာဉ်များစီးပါက အခြေခံစျေးနှုန်းအဖြစ် တစ်ကီလိုမီတာလျှင် ၆၀၀ ကျပ် သတ်မှတ်

တက္ကစီအငှားယာဉ်များစီးပါက အခြေခံစျေးနှုန်းအဖြစ် တစ်ကီလိုမီတာလျှင် ၆၀၀ ကျပ် သတ်မှတ်
ရန်ကုန်မြို့ရှိ တက္ကစီခရီးသည်တင် အငှားယာဉ်များအား တွေ့ရစဉ်
ရန်ကုန်မြို့ရှိ တက္ကစီခရီးသည်တင် အငှားယာဉ်များအား တွေ့ရစဉ်
Published 27 June 2023

တက္ကစီအငှားယာဉ်များစီးပါက အခြေခံစျေးနှုန်းအဖြစ် တစ်ကီလိုမီတာလျှင် ၆၀၀ ကျပ်သတ်မှတ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ဇွန် ၂၇ ရက်တွင် ပြောကြားသည်။

ထိုသို့ သတ်မှတ်ခြင်းမှာ ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် မော်တော်ယာဉ်ဥပဒေအရ သတ်မှတ်ခြင်းဖြစ်ပြီး ရန်ကုန်စီးတီးတက္ကစီအသင်းက တင်ပြသည့်အတိုင်း သင့်တင့်မျှတသည့် စျေးနှုန်းတစ်ခုအဖြစ် ဇွန် ၂၃ ရက်တွင် စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ ကီလိုသတ်မှတ်တာပါ။ စတက်တာနဲ့ ၁၅၀၀ ။ တစ်ကီလိုသွားတိုင်းသွားတိုင်းကို ၆၀၀ သတ်မှတ်တာပါ။ ကျွန်တော်တို့ ရန်ကုန်စီးတီးတက္ကစီအသင်းကနေပြီး ကျွန်တော်တို့ကိုတင်ပြတယ်လေ။ အဲအတိုင်း YRTC ကနေပြီး ကျွန်တော်တို့ ကြေညာတာကတော့ ၂၃ ရက်နေ့မှ ကြေညာတာ။ အဓိကတော့ ကျွန်တော်တို့ ခရီးသည်တွေကို ယာဉ်မောင်းတွေက တောင်းချင်သလိုတောင်း အဲလိုဟာမျိုးမဖြစ်အောင်လို့ သင့်တင့်မျှတတဲ့ စျေးနှုန်းတစ်ခုအနေနဲသတ်မှတ်တာပါ။ အခုကစျေးနှုန်းသတ်မှတ်တာပါ။ ခရီးသည်တွေအတွက် အခြေခံနှုန်းတစ်ခုအနေနဲ့ ဒါက အရင်တုန်းကဘာမှမရှိဘူးလေ။ကျွန်တော်တို့ ဒါက ၂၀၁၅ ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့ ပုဂ္ဂလိက မော်တော်ယာဉ်ဥပဒေအရ ဒါသတ်မှတ်လို့ရတယ်လို့ ပြဌာန်းထားတယ်။ အဲဒီဥပဒေနဲ့အညီပေါ့။ အခုက အဲလိုအခြေခံနှုန်းထားသတ်မှတ်တာမျိုးမရှိတော့ တက္ကစီမောင်းတဲ့ဆရာတွေက သူတို့က ကြည့်ပြီးတော့ တောင်းကြတယ်လေ။ ဒါကဒီလိုမျိုးသတ်မှတ်လိုက်တော့ ခရီးသည်တွေကလည်း ကိုယ်သွားမဲ့ ခရီးကိုဘယ်လောက်ရှိလဲခန့်မှန်းတွက်ပြီးတော့ စျေးဆစ်လို့ရတယ်လေ။ အဲဒီလိုမျိုးမသတ်မှတ်တော့ အက်ပလီကေးရှင်းသမားတွေကလည်း သူတို့ သတ်မှတ်ချင်သလိုသတ်မှတ်ကြတယ်လေ။ စီးတီးတက္ကစီအသင်းကနေပြီးတော့ တွက်ချက်ပြီးတော့ တင်ပြတာပါ” ဟု ဦးလျန်ကျင့်မန်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး နည်းဥပဒေ( ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်) (၂၈)(င) တွင် ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်များ ကြီးကြပ်မှုကော်မတီသည် အငှါးယာဉ် Taxi များအားလုံး မီတာဖြင့်အသုံးပြုနိုင်ရေး ၊ ခေတ်မီနည်းစနစ်များ တပ်ဆင်အသုံးပြုနိုင်ရေး အောင်မြင်အောင် ဆောင်ရွက်ရမည်ဟု ဖော်ပြထားပြီး နည်းဥပဒေ(၂၈)(ည)တွင်လည်း အငှါးယာဉ် Taxi များ၏ ငှါးရမ်းခနှုန်းထားများ ၊ မီတာနှုန်းများသတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းတို့ကို တိုင်းဒေသကြီးမော်တော်ယာဉ်များ ကြီးကြပ်မှုကော်မတီသို့ တင်ပြသတ်မှတ်ရမည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

“ တက္ကစီပေါ်မှာ ကီလိုမီတာ သတ်မှတ်တာရှိတယ်လေ။ မီတာသတ်မှတ်မယ်ဆိုရင် မီတာသီးခြား တပ်ချင်လည်းရတယ်။ ဒါပေမဲ့အဲဒီမီတာစျေးနှုန်းက ဒေါ်လာနဲ့တွက်ရင်များတာပေါ့ ၁၀ သိန်းပတ်ဝန်းကျင် ၁၀ သိန်းအထက်လောက်မှာ ရှိတယ်။ အဲဒီဟာကို တပ်မှကြည့်လို့ရတာမဟုတ်ပါဘူး။ ကိုယ်ဘယ်လောက်သွားသလဲ ။ တစ်ကီလိုသွားသလား။ အဲကီလိုမှာလုပ်လို့ရတယ်လေ။ စျေးနှုန်းကို။ ကားဆီမှာ မီတာဘယ်လောက်သွားတာ ဒိုင်ခွက်ထဲမှာ ကြည့်လို့ရတယ်လေ။ဒိုင်ခွက်မှာမှတ်တမ်းရှိတယ်လေ။ ပြီးတော့ ကိုယ်သွားတဲ့ခရီးကို မှန်းပြီးတော့ပြောလို့ရတယ်။ ဆူးလေကနေ ရှစ်မိုင်ဆို ၁၃ ကီလိုမီတာရှိတယ်လေ။ အဲလောက်ဆို ဘယ်လောက်ကျမလဲ အဲလောက်ဆိုတွက်လို့ရတယ်လေ။ အခုက အခြေခံနှုန်းတစ်ခုသတ်မှတ်တာ ။ ခရီးသည်တွေလည်း ဒီဟာကိုသိမယ်။ ယာဉ်မောင်းတွေကလည်း ဒီဟာကိုသိမယ်။ အက်ပလီကေးရှင်းသမားတွေလည်း ဒါကိုလိုက်နာလို့ရှိရင် ပြီးပြီလေ။အောင်မြင်ဖို့ဆို အဲလိုလုပ်ရမယ်။ မဖြစ်မနေလိုက်နာဖို့ ကျွန်တော်တို့က လုပ်တာပဲ။ မဖြစ်မနေလိုက်နာစေချင်တယ် ဒါ ကျွန်တော်တို့ စည်းရုံးရေးသဘောအရလုပ်တယ်။ မဖြစ်မနေလိုက်နာရမှာပေါ့။ အဲအတိုင်းလိုက်နာရမယ်လေ ” ဟု (YRTC) ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် တက္ကစီအငှားယာဉ်အရေအတွက်မှာ စုစုပေါင်း ၆၀၀၀၀ (ခြောက်သောင်း)ကျော်ရှိကြောင်း သိရသည်။

Most Read

Most Recent