ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဇွန် ၈ ရက် နံနက် ၁၀ နာရီအချိန် အိုးဝေယာဉ် မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး သေဆုံးကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇွန် ၈ ရက် နံနက် ၁၀ နာရီ အချိန်က ကလောမြို့နယ်၊ အောင်ပန်းမြို့ အောင်ပန်း - တောင်ကြီး သွားလမ်း၊ မြတ်မနောရှေ့ အနီးလမ်းတွင် ကားရှောင်တိမ်းရင်း အိုးဝေယာဉ် မတော်တဆ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ဒေါ်တုတ်ဆိုသော အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အောင်ပန်းဆေးရုံ အရေးပေါ်ဌာနအရောက်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ သေဆုံးသူရုပ်ခန္ဓာအား အောင်ပန်းဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။
အဆိုပါအိုးဝေယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်သာရရှိခဲ့ပြီး လိုက်ပါစီးနင်းလာသော အမျိုးသမီးဖြစ်သူမှာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။
ဇွန် ၆ ရက်တွင်လည်း အောင်ပန်းတွင် ဆိုင်ကယ်မတော်တဆထိခိုက်မှု တစ်မှု၊ Canter ယာဉ်စလစ်ဖြစ်ကာ တိမ်းမှောက်မှု တစ်ခုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။















