"သားတော်ရဘုရား" သည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ၈၄ လမ်း၊ ၁၀၃C လမ်းနှင့် ၁၀၃D လမ်းကြားတွင် တည်ရှိပါသည်။
အမရပူရမြို့တည် ဘိုးတော်ဘုရား၏ကြင်ယာတော် တောင်နန်းမဟေသီ တောင်ရွှေရေးဆောင်မိဖုရားကြီးသီရိမဟာမင်္ဂလာဒေဝီ၏ သားတော်သည် မိမိခေတ္တစံမြန်းရာ အိမ်တော်ရာနေရာ၌ နိဗ္ဗာန်ကိုရည်မှန်းပြီး စေတီတည်ခဲ့ကြောင်း၊ မူလက သားတော်ရာစေတီဟု ခေါ်တွင်ရာမှ ကြာသောအခါ သားတော်ရဘုရားဟု အမည်တွင်ခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနဦးစီးဌာနမှ သိရသည်။
အခြားသမိုင်းအထောက်အထားတစ်ခုမှာ သရေခေတ္တရာခေတ် သာသနာသက္ကရာဇ် ၁၀၃ ခုနှစ် ဒွတ္တဘောင်မင်းကြီးနှင့် မိဖုရားစောမြဝတီတို့ တည်ထားခဲ့သည်ဟုဆိုသည်။ မောကိုးပြည်ထောင်ကို အစိုးရသော ရှမ်းစော်ဘွားကြီး စောဟုံဖသည် မိန်းမမြတ်ဂုဏ်အင်္ဂါနှင့် ပြည့်စုံသော သမီးတော်စောမြဝတီကို သရေခေတ္တရာပြည့်မင်း ဒွတ္တဘောင်မင်းအား ဆက်သရာ လွန်စွာမြတ်နိုးသဖြင့် အကောက်ကြံလိုသော အခြားမိဖုရားများက စောမြဝတီ၏ နဝရတ်ကိုးပါးစီခြယ်ထားသော နားတောင်းမှာ ဓာတ်တော်များကွန့်မြူးသည်ကို စောမြဝတီသည် စုန်းမဖြစ်သည်ဟု ဘုရင်ကြီးအား ကုန်းချောလျှောက်တင်ရာ ယုံကြည်သဖြင့် စောမြဝတီကို မင်းနေပြည်တော်မှ နှင်ထုတ်တော်မူသည်။ စောမြဝတီသည် အခြွေအရံများနှင့် ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်ရာ ယခု သားတော်ရဘုရား တည်ရှိရာဒေသရောက်လျှင် မင်းကြီးကို စွဲ၍ပါသော ပဋိသန္ဓေကြောင့် သားတော်တစ်ပါးဖွားမြင်သည်။ ထိုအကြောင်းကို မင်းကြီးကြားသိ၍ စစ်သည်တော်တို့နှင့် ကြွချီလာပြီးနောက် စောမြဝတီနားတောင်းတော်နှင့် လက်ဝတ်ရတနာများ ဌာပနာတော်မူကာ ထိုနေရာတွင် ယာယီတဲနန်းဆောက်လုပ်၍ ဘုရားတည်တော်မူသည်။ ဘွဲ့တော်ကို “သားတော်ရဘုရား” ဟု သမုတ်တော်မူသည်ဟု ဆိုသော်လည်း တိကျခိုင်မာသော အထောက်အထားကိုမူ သုတေသနပြုဆဲဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီး ဌာန ရှေးဟောင်းသုတေသနဦးစီးဌာနမှ ဆက်လက်သိရသည်။
စေတီတော်ကြီး၏ လိုဏ်မုခ်ခံကွမ်းတောင်ပေါက်ထားသော စေတီတစ်ဆူဖြစ်ပြီး အတွင်းမဏ္ဍိုင်ပါပြီး ညောင်ရမ်းခေတ်စကျင်ရုပ်ပွားတော်လေးဆူကိန်းဝပ်စံပယ်လျက်ရှိကြောင်း၊ ဖိနပ်တော်တွင် ထောင့်ခြင်္သေ့ ၄ ကောင်နှင့် ကွမ်းတောင်အခြေတွင် မနုသီဟ ၄ ကောင်ပါရှိ တည်ဆောက်ထားကြောင်း၊ စေတီ၏ ကွမ်းတောင်မှာ မြေညီမဟုတ်ဘဲ သရက်ကင်းလှေ ကားဖြင့် အနည်းငယ်တက်ရသည်။ အရှေ့အနောက်တွင် ဓမ္မသာလာဆောင်များ ပါဝင်သကဲ့သို့ အနောက် တောင်ထောင့်မှလွဲပြီး ကျန်ထောင့်များတွင် စေတီများပါဝင်သည်။ မြောက်ဘက်ခြမ်းရှိ ထောင့်စေတီနှစ်ဆူအပြင်နံရံတွင် ရတနာပုံဒုတိယနန်းစံသီပေါမင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၂၄၁ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်နေ့ အခါတော် အမြောက်သံနှင့်အတူ တစ်ပြိုင်နက်ပြုပြင်စေသည်။ စေတီတော် ၆၉ ဆူ အပါအဝင်ဖြစ်ကြောင်း ကြီးကြပ်သူအမည်နှင့်တကွရေးထိုးထားသည့် မဟာရံတံတိုင်းကြီးပါဝင်ပြီး အဝင်မုခ် ၄ ခုရှိကာ အပြင်၌ခြင်္သေ့ကြီး ၂ ကောင်စီရှိသည်။















