ယခင်အစိုးရလက်ထက်က စက်ရုံစီမံကိန်းရပ်တန့်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ မေလ ၃၁ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်ရုံ၏ သံရည်ကျိုအလုပ်ရုံ (၁) အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ဦးစွာစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က စက်ရုံစီမံကိန်း ပြန်လည်အကောင်အထည်ဖော်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြမှုများအပေါ် နစကဥက္ကဋ္ဌက မိမိတို့နိုင်ငံတွင် သံနှင့် သံမဏိ လိုအပ်ချက်အနေဖြင့် နှစ်စဉ် တန်ချိန် နှစ်သန်းခန့်ရှိပြီး ပြည်ပငွေများစွာသုံးစွဲနေရကြောင်း၊ ထို့ကြောင့် ယခင်အစိုး ရလက်ထက်က ရပ်တန့်ခဲ့သည့်စက်ရုံအား ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သံမဏိထုတ်လုပ်ရေးအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် နေရာများကို မြေပြင်ကွင်းဆင်း သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကိုလည်း စဉ်းစားဆောင်ရွက် ထားရန်လိုကြောင်း၊ စက်ရုံအနေဖြင့် လက်ရှိအချိန်တွင် သံရည်ကျိုအလုပ်ရုံ Melt Shop-1 ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး စီမံကိန်းတစ်ခုလုံး အပြည့်အဝလည်ပတ်နိုင်ရေး အဆင့်အလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
ထို့ပြင် မိမိတို့နိုင်ငံ၏ သံနှင့်သံမဏိလိုအပ်ချက်ကို ယခုစက်ရုံနှင့် ပင်းပက်စက်ရုံတို့မှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ သံမဏိထုတ်လုပ်ရေးလုပ်ငန်းအတွက် လိုအပ်သည့် လူသားအရင်းအမြစ်ကောင်းများ ရရှိရေးအတွက်လည်း ဆောင်ရွက်သွားရန်နှင့် မွေးထုတ်သွားရန်လိုကြောင်း၊ ဝန်ထမ်းများ၏ နေထိုင်စားသောက်မှု အဆင်ပြေစေရေး အတွက်လည်း စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ နောင်အနာဂတ်တွင် စက်ရုံသို့ ပို့ဆောင်မည့် ကုန်ကြမ်းများ၊ စက်ရုံမှထွက်ရှိလာသည့် သံနှင့်သံမဏိပစ္စည်းများကို လျှပ်စစ်ရထားအသုံးပြု၍ သယ်ယူပို့ဆောင်ဖြန့်ဖြူးနိုင်ရေးအတွက်လည်း ရေရှည်ကို မျှော်တွေး၍ တွက်ချက်ဆောင်ရွက်ထားရှိရန် လိုကြောင်းဖြင့် မှာကြားပြီး စီမံကိန်းတစ်ခုလုံး အပြည့်အဝ လည်ပတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် သံမဏိစက်ရုံအတွင်း သံရည် ကျိုအလုပ်ရုံ၊ Melt Shop-1 သို့ ရောက်ရှိပြီး Melt Shop-1 ပြန်လည်စတင်ခြင်း ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် နစဥက္ကဋ္ဌက Melt Shop-1 သံရည်ကျိုခြင်းနှင့် လေးထောင့်သံမဏိတုံး Billet ထုတ်လုပ်ခြင်းလုပ်ငန်းအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
ယင်းနောက် Melt Shop-1 အတွင်း လျှပ်စစ်သံရည်ကျိုဌာန၌ သံရည်ကျိုလုပ်ငန်းများဆောင်ရွက်နေမှု၊ စဉ်ဆက်မပြတ်သံ ရည်ကျိုပုံလောင်းဌာနမှ ကိုးမီတာအရှည်ရှိ သံမဏိလေးထောင့်တုံး (Steel Billet) များ ထုတ်လုပ်နေမှုကို တစ်ခုချင်းအသေးစိတ် ကြည့်ရှုစစ်ဆေးရာ ဌာနအလိုက် တာဝန်ရှိ သူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နစကဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ကာ Melt Shop-1 အတွင်း လျှပ်စစ်သံရည် ကျိုဌာနမှ ၂၀၂၃ ခုနှစ်၊ မတ် ၂၄ ရက်တွင် ထုတ်လုပ်ခဲ့သည့် သံမဏိလေးထောင့်တုံး Bille အပေါ်တွင် နစကဥက္ကဋ္ဌက မှတ်တမ်း တင်လက်မှတ်ရေးထိုးခြင်း၊ စက်ရုံဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်း၊ စက်ရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်ပပညာရှင်များအား သစ်သီးခြင်း ပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့သည်။
ထို့ပြင် နစကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် Melt Shop-2 သို့ ရောက်ရှိပြီး စက် ပစ္စည်းများ တပ်ဆင်နေမှု အခြေအနေများ ကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၇ ရက်တွင် စတင်ထုတ်လုပ်ခဲ့သည့် သံမဏိ ပြားများကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
အဆိုပါ သံမဏိစက်ရုံ (မြင်းခြံ) သည် မြင်းခြံမြို့နယ်၊ ဆားခါးကျေးရွာအနီးတွင် တည်ရှိပြီး ၂၀၀၄ ခုနှစ်တွင် စတင်စာချုပ်ချုပ်ဆို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် Melt Shop-2 အလုပ်ရုံမှ သံမဏိပြားတန်ချိန် ၂၀၀၀ ကို စတင်ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ သံမဏိ စက်ရုံ (မြင်းခြံ) အနေဖြင့် တည်ဆောက်နေဆဲကာလအတွင်း စက်ပစ္စည်းများ ရာခိုင်နှုန်း ၉၀ ကျော် ရောက်ရှိနေပြီဖြစ်သော်လည်း ၂၀၁၇ ခုနှစ် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၁) ရက်မြောက် နေ့ အစည်းအဝေးဆုံးဖြတ်ချက်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီ (၇/၂၀၁၇) ကြိမ်မြောက် အစည်းအဝေးဆုံး ဖြတ်ချက်များအရ စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ရပ်တန့် ခဲ့ကြောင်း၊၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်မှစ၍ စီမံကိန်းရပ်ဆိုင်းခဲ့ရစဉ် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကျပ်သန်းပေါင်း ၄၀၃၉၃၂ ဒသမ ၈၈၂ ရှိပြီဖြစ်ပြီး စီမံကိန်းပြီးစီးမှုရာခိုင်နှုန်းအနေဖြင့် ၆၆ ဒသမ ၅၂ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း၊ ထိုသို့ စီမံကိန်းရပ်တန့်ခဲ့ရမှုကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးခဲ့ရပြီး စီမံကိန်းချေးငွေများကိုလည်း နိုင်ငံတော်အနေဖြင့် ဆက်လက်ပေးဆပ်ခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
သံမဏိထုတ်လုပ်မှုလုပ်ငန်းသည် နိုင်ငံအတွက် အရေးကြီးလိုအပ်ချက်ပင်ဖြစ်ပြီး သံနှင့် သံမဏိထုတ်လုပ်ရေး စီမံကိန်းများ အောင်မြင်ပြီးစီးပါက ပြည်ပမှ သံနှင့်သံမဏိ တင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ပြီး ပြည်ပစျေးနှုန်းထက် သက်သာစွာဖြင့်အသုံးပြု နိုင်မည်ဖြစ်သဖြင့် နစကအစိုးရတာဝန်ယူ သည့်အချိန်တွင် ၂၀၂၁ ခုနှစ် သြဂုတ်လ၌ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/ ၂၀၂၁) အစည်းအဝေးဆုံး ဖြတ်ချက်အရ သံမဏိစက်ရုံစီမံကိန်းများကို ပြန်လည်စိစစ်၍ လုပ်ငန်းများပြန်လည်စတင် လည်ပတ်နိုင်ရေးဆောင်ရွက်ခဲ့ကြောင်း၊ သံမဏိစက်ရုံ(မြင်းခြံ)သို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်၌ နစကဥက္ကဋ္ဌ သွားရောက်စစ်ဆေးခဲ့ပြီး စက်ရုံစီမံကိန်းများအား စနစ်တကျဖြင့် အပိုင်းလိုက်တည်ဆောက်ရန် မှာကြားခဲ့သဖြင့် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် သံရည်ကျိုအလုပ်ရုံ၊ Phase -1 (Melt Shop-1) ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ဏ့ေျန-၁ အ ပြည့်အဝလုပ်ငန်းလည်ပတ်ချိန်တွင် Phase -2 (Melt Shop-2) အား လုပ်ငန်းလည်ပတ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်းတစ်ခုလုံး အပြည့်အဝလည်ပတ်နိုင်ရေး အဆင့်အလိုက် ဆက်လက် အကောင်အထည်ဖော်မည်ဖြစ်သည်။















