■ နှစ်ကျော်အိုးများ သုံးစွဲနေသည်ကို တွေ့ရှိရပါက CNG ဓာတ်ငွေ့ရောင်းချမှုအပြီးတိုင် ရပ်ဆိုင်းမည်ဟု စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်
CNG ယာဉ်ပိုင်ဆိုင်သူများ နှစ်ပတ်လည်စစ်ဆေးခြင်းနှင့် ဆလင်ဒါအိုး စစ်ဆေးခံယူခြင်းများ ပြုလုပ်ရန်နှင့် နှစ်ကျော်အိုးများ သုံးစွဲနေသည်ကို တွေ့ရှိရပါက CNG ဓာတ်ငွေ့ရောင်းချမှုအပြီးတိုင် ရပ်ဆိုင်းမည်ဟု စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဖိအားမြှင့်သဘာဝဓာတ်ငွေ့ (CNG- Compressed Natural Gas) သည် သဘာဝဓာတ်ငွေ့ကို ဆလင်ဒါအိုးများအတွင်း မြင့်မားသောဖိအားဖြင့် ဖိသိပ်မောင်းသွင်းထားသောကြောင့် အိုးများမှ ကြံ့ခိုင်မှုမရှိခြင်း၊ ဘားများမလုံခြင်း၊ ပိုက်များကြံ့ခိုင်မှုမရှိခြင်းတို့ကြောင့် ပြင်ပသို့ ဓာတ်ငွေ့ယိုစိမ့်ပါက မီးလောင်ပေါက်ကွဲပြီး သုံးစွဲသူများ ထိခိုက် ပျက်စီးနိုင်ပြီးအန္တရာယ်ရှိပါသဖြင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန် CNG မော်တော်ယာဉ်များကို နှစ်စဉ် နှစ်ပတ်လည် (Annual Inspection) စစ်ဆေးခြင်းကို မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ ဌာနက အထူးအလေးထား စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး စစ်ဆေးမှုအောင်မြင်သော ယာဉ်များကိုသာ CNG အသုံးပြုခွင့်စာအုပ်နှင့် ကတ်ဆက်လက်ခွင့်ပြုပေးလျက်ရှိသည်ဟု ဝန်ကြီးဌာနကဆိုသည်။
စတင်ထုတ်လုပ်သည့် ခုနှစ်မှစ၍ ငါးနှစ်ပြည့်ပြီးသော CNG ဆလင်ဒါအိုးများအား ပထမအကြိမ် စစ်ဆေးခြင်း၊ ဒုတိယငါးနှစ်ပြည့်လျှင် ဒုတိယအကြိမ် ထပ်မံဖိအားခံနိုင်မှု စစ်ဆေးခြင်းများကိုလည်း CNG မော်တော် ဗုံးသဘာဝဓာတ်ငွေ့ဌာနကစနစ်တကျစက်ကိရိယာများဖြင့် စမ်းသပ်စစ်ဆေးပေးလျက်ရှိကြောင်း၊ CNG အိုး သက်တမ်း (၁၅)နှစ် ကျော်လွန်သည့်အိုးများအတွက် ထုတ်လုပ်သည့် နိုင်ငံ/ အရည်အသွေး အာမခံမှုပေါ် မူတည်၍ သီးခြားထပ်မံစစ်ဆေးကာ သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း အိုးအများစုကို ပယ်ဖျက် ( Reject) စာရင်း သတ်မှတ် ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
CNG မော်တော်ယာဉ်ပိုင်ဆိုင်သူများအနေဖြင့် နှစ်ပတ်လည်စစ်ဆေးခြင်းနှင့် ဆလင်ဒါအိုး စစ်ဆေးခံယူခြင်းများကို ဧပြီ ၃၀ ရက်အတွင်း CNG ဌာနသို့ လာရောက်ဆက်သွယ် စစ်ဆေးခံယူကာ CNG ဝယ်ယူခွင့် စာအုပ်နှင့် ကတ်သစ်ထုတ်ယူခြင်းများကို လာရောက်ဆောင်ရွက်ကြရန် ဝန်ကြီးဌာနက တိုက်တွန်းထားသည်။
လာရောက်စစ်ဆေးခံယူခြင်းမရှိသည့် နှစ်ပြည့်သက်တမ်း ငါးနှစ်ကျော်လွန်သည့် မော်တော်ယာဉ် များကို မေ ၁ ရက်မှစ၍ CNG ယာဉ်စာရင်းမှ (အပြီးအပိုင်) ပယ်ဖျက်သွားမည်ဖြစ်ပြီး နှစ်ပတ်လည် စစ်ဆေးခြင်းခံယူမှု (၅) နှစ်အောက် ဖြစ်သည့် မော်တော်ယာဉ်များအနေဖြင့် ၂ဝ၂၆ ခုနှစ်၊ မေလ (၁) ရက်မှစ၍ (၁) နှစ်ကျော်လွန်ပါက CNG ဝယ်ယူခွင့် (၃) လ၊ (၂) နှစ်ကျော်လွန်ပါက CNG ဝယ်ယူခွင့် (၆) လ၊ (၃) နှစ် ကျော်လွန်ပါက CNG ဝယ်ယူခွင့် (၉) လ နှင့် (၄) နှစ်ကျော်လွန်ပါက CNG ဝယ်ယူခွင့် (၁) နှစ် အဖြစ် ပြစ်ဒဏ် များသတ်မှတ်ပြီး ဓာတ်ငွေ့ရောင်းချပေးမှုကို ရပ်ဆိုင်းခြင်းခံရမည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယင်းကြောင့် CNG မော်တော်ယာဉ်ပိုင်ရှင်များ အနေဖြင့် အများပြည်သူလုံခြုံဘေးကင်းရေးအတွက် ဌာနက ဆောင်ရွက်သည့် နှစ်ပတ်လည် စစ်ဆေးခြင်းများကို မဖြစ်မနေ စစ်ဆေးမှုခံယူသွားပါရန်နှင့် သတ်မှတ် စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ နှစ်ကျော်အိုးများကိုသုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိရပါက CNG ယာဉ်အဖြစ် ဓာတ်ငွေ့ရောင်းချမှုကို အပြီးတိုင် ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း၊ ယင်းကြောင့် CNG ယာဉ်ပိုင်ရှင်များအနေဖြင့် ဘေးကင်းလုံခြုံမှုစစ်ဆေးခြင်း အစီအစဉ်များကို အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်းဆိုင်များကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပလိပ်နှင့် မကွေးတိုင်းဒေသကြီး ချောက်မြို့နှင့် ရေနံချောင်းမြို့တို့တွင် CNG အရောင်းဆိုင်များဖွင့်လှစ်ကာ သဘာဝ ဓာတ်ငွေ့သုံးမော်တော်ယာဉ်များကို ဈေးနှုန်းချိုသာစွာဖြင့် ပိတ်ရက်မရှိ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။














