ဗဟိုအာရှဒေသ၌ တရုတ်၏ သြဇာချဲ့ထွင်မှု

ဗဟိုအာရှဒေသ၌ တရုတ်၏ သြဇာချဲ့ထွင်မှု
Photo: Reuters
Photo: Reuters
Published 30 May 2023
TRANSLATED - ဖြိုးဟိန်းကျော်

ဂျီ- ၇ ခေါင်းဆောင်များက ဂျပန်နိုင်ငံတွင် ထိပ်သီးအစည်းအဝေးပြုလုပ်ရန် ပြင်ဆင်လျက်ရှိစဉ် တရုတ်သမ္မတ ရှီကျင်းပင်သည် ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ် ကစ္စတန်၊ တာ့ခ်မင်နစ္စတန်နှင့် ဥဇဘတ်ကစ္စတန်တို့ ပါဝင်သော ဗဟိုအာရှနိုင်ငံများမှ ခေါင်းဆောင်များကို လက်ခံတွေ့ဆုံခဲ့သည်။

အမေရိကန်ဦးဆောင်သော လစ်ဘရယ် အခင်းအကျင်းကို အစားထိုးမည့် အခင်းအကျင်းတစ်ရပ်ကို တည်ဆောက်ရန် ကြိုးပမ်းနေသည့် တရုတ်အတွက် ဗဟိုအာရှသည် အလွန်အရေးပါနေသည်။ ထိုအခင်းအကျင်းသစ်တွင် တရုတ်က မုချလွှမ်းမိုးချုပ်ကိုင်သူဖြစ်ပြီး ရုရှားသည် တန်းတူရည်တူ မဟုတ်သည့် မိတ်ဖက်ဖြစ်လာမည်ဖြစ်သည်။

ထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ဘုံရည်မှန်းချက်ချင်းတူညီသော အနာဂတ်နှင့် တရုတ်-ဗဟိုအာရှ အသိုက်အ၀န်း၏ မျှော်မှန်းချက်များကို သမ္မတရှီကျင်းပင်က ထုတ်ဖော်ကြေညာခဲ့သည်။ ထိုမျှော်မှန်းချက် များသည် အပြန်အလှန်ကူညီဖေးမမှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှု၊ အကြွင်းမဲ့လုံခြုံမှုနှင့် အစဉ်တည်တံ့သော ချစ်ကြည်ရင်းနှီးမှုတို့အပေါ် အခြေခံသည်။

အများအားဖြင့် တရုတ်နှင့်ဗဟိုအာရှ နိုင်ငံများ၏ ဆက်ဆံရေးကို လုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရှုထောင့်မှ ရည်ညွှန်းပြောဆိုလေ့ရှိသော်လည်း နိုင်ငံရေးရှုထောင့်အရလည်း ဆက်နွှယ်မှုရှိနေသည်။ မကြာမီက ရှီအန်းမြို့ တွင် ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးတွင် ကြေညာခဲ့သည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ချမှတ်ခဲ့သော အဆိုပြုချက်များက ထိုအချက်ကို ပေါ်လွင်ထင်ရှားစေသည်။

ယင်းအဆိုပြုချက်များတွင် တရုတ်အစိုးရ၀န်ကြီးဌာနများနှင့် ဗဟိုအာရှနိုင်ငံများ၏ အစိုးရ၀န်ကြီးဌာနများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးနှင့် ဗဟိုအာရှ-တရုတ် စီးပွားရေးကောင်စီကဲ့သို့ ယန္တရားများ ဖန်တီးရေးအစရှိသည့်အချက်များ ပါဝင်သည်။ ၎င်းင်းအဆိုပြုချက် အားလုံးသည် ဗဟိုအာရှ၌ တရုတ်၏လွှမ်းမိုးမှု အခန်းကဏ္ဍကို ပိုမိုပီပြင်ခိုင်မာလာ စေဖွယ်ရှိသည်။

အပြန်အလှန်အနေဖြင့် တရုတ်သည် အာဏာရှင်ဆန်သောခေါင်းဆောင် အများစုပါဝင်သော ဗဟိုအာရှ ခေါင်းဆောင်များကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရန် အနောက်နိုင်ငံများ၏ နိုင်ငံရေးနှင့် စီးပွားရေးအရ ဖိအားပေးမှုများမှ အကာအကွယ်ပေးမည်ဖြစ်ပြီး ဗဟိုအာရှနိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲမှုကိုလည်း အကာအကွယ်ပေးမည် ဖြစ်သည်။

 

ထိပ်သီးအစည်းအဝေးမှရရှိသော တိုးတက်ဖြစ်ထွန်းမှုများ

မကြာသေးမီက တရုတ်နှင့် ဗဟိုအာရှနိုင်ငံများ၏ ထိပ်သီးအစည်းအဝေးတွင် သဘောတူညီမှုပေါင်း ၅၄ ခု၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ယန္တရားသစ်နှင့် မူဝါဒလမ်းစဉ် ၁၉ ခု၊ ရှီအန်းကြေညာချက် အပါအ၀င် သက်ဆိုင်ရာနိုင်ငံအားလုံးပါဝင်သည့် စာချုပ်စာတမ်း ၉ ခုတို့ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့် အံ့မခန်းရလဒ်များ ထွက်ပေါ်ခဲ့သည်။ 

ယင်းအဆိုပြုချက်များအနက်မှ အများစုကို လက်တွေ့အကောင်အထည်ဖော်ရာတွင် မရေရာမှုများ ရှိနိုင်သည်ဟု ယူဆသူ များရှိနိုင်သော်လည်း ၎င်းဒေသ၌ တရုတ်၏အရေးပါမှုသည် ယုံမှားသံသယဖြစ်ဖွယ် မရှိ ပေ။

ကုလသမဂ္ဂက ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ တရုတ်နှင့်ဗဟိုအာရှဒေသ ငါးနိုင်ငံအကြား ကုန်သွယ်မှု ပမာဏသည် လွန်ခဲ့သည့် ဆယ်စုနှစ်သုံးခုတွင် အမေရိကန်ဒေါ်လာ သန်း ၄၆၀ မျှသာ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ဘီလျံ ၇၀ အထိ ရှိလာခဲ့ပြီး အဆ ၁၅၀ မြင့်တက်ခဲ့သည်။

သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်မည်ဆိုလျှင် ဆိုဗီယက်ခေတ်နှင့် ဆိုဗီယက်ယူနီယံ ပြိုကွဲသွားပြီးနောက် ပထမဆုံးဆယ်စုနှစ်တို့တွင် ရုရှားသည် ဗဟိုအာရှဒေသ၏ အဓိက မိတ်ဖက်အဖြစ်တည်ရှိခဲ့သည်။ သို့သော် ၂၀၀၅ ခုနှစ်နောက်ပိုင်းတွင် အမေရိကန် ဒေါ်လာ ဘီလျံ ၇၀ နီးပါး ရှိလာသည့် ဗဟိုအာရှဒေသ၌ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုနှင့် ဆောက်လုပ်ရေး ကန်ထရိုက်များ၏ တန်ဖိုးပမာဏကို ရုရှားအနေဖြင့် ယှဉ်နိုင်စွမ်း မရှိ တော့ပေ။

 

ရုရှား၏အခန်းကဏ္ဍကို တရုတ်က လွှဲပြောင်းယူ

တရုတ်ဆီသို့ အရွေ့သည် တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ အကြီးစားစီမံကိန်းဖြစ်သော ရပ်ဝန်းနှင့် ပိုးလမ်းမ (Belt and Road)နှင့် နှိုင်းယှဉ်လျှင် ယူရေးရှန်း စီးပွားရေးသမဂ္ဂဟု အမည်တွင်သော ဒေသတွင်း၌ ရုရှား၏ ပူးပေါင်းပါဝင်မှု စီမံကိန်း၏ အရေးပါမှုလျော့နည်းလာခြင်းကို ထင်ဟပ်စေသည်။ ယင်းအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကို သမ္မတရှီကျင်းပင်က ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ပြီးနောက်ပိုင်း ဗဟိုအာရှဒေသကို တရုတ်နှင့် စီးပွားရေးအရသာမက နိုင်ငံရေးအရလည်း ပိုမိုနီးကပ်လာစေခဲ့သည်။

ရှီအန်းကြေညာချက်တွင် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းကို အသားပေးထည့်သွင်းထားပြီး ယင်းစီမံကိန်းကို အာရှဒေသအလယ်ပိုင်းရှိ နိုင်ငံလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများနှင့် ပီပီပြင်ပြင် ချိတ်ဆက် ထားသည်။

ယင်းထိပ်သီးအစည်းအဝေး၌ တရုတ် -ကာဂျစ္စတန်-ဥဇဘတ်ကစ္စတန် ရထားလမ်း ကွန်ရက် ချိတ်ဆက်ရေး၊ တရုတ်မှ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘတ်ကစ္စတန်အထိ အဝေးပြေးလမ်းများ ချိတ်ဆက်ရေး၊ ကာဇက်စတန်နှင့် တာ့ခ်မင်နစ္စတန်တို့ရှိ ဆိပ်ကမ်းများကိုအသုံးပြုလျက် ကက်စပီယန်ပင် လယ်ဖြတ်ကျော် ကုန်သွယ်ရေးလမ်းကြောင်းများအတွက် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်ရေးအတွက် နိုင်ငံ့ခေါင်းဆောင်များက ထပ်လောင်းကတိပြုခဲ့သည်။

ဗဟိုအာရှတစ်လွှားတွင် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ ကဏ္ဍအပေါ် အာရုံစိုက်လာခြင်းသည် ရုရှားကို ဖယ်ခွာလျက် ဥရောပဆီသို့ ကုန်သွယ်ရေး လမ်းကြောင်းများဖြန့်ခွဲရန် တရုတ်၏ ကြိုးပမ်းမှုများအတွက် ယင်းဒေသက မည်မျှအရေးပါနေသည်ကို မီးမောင်းထိုးပြလျက်ရှိသည်။

 

တရုတ်အနေဖြင့် သီးခြားနိုင်ငံရေး အခင်းအကျင်းအတွက် မိတ်ဖက်များကို ထပ်မံစုစည်းရန် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်ရေးကို ဆက်လက်အသုံးချသွားမည့် သဘောလည်း သက်ရောက်နေသည်။

ယူကရိန်းစစ်ပွဲနှင့် ပတ်သက်ဆက်နွှယ်နေသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ရုရှား၏ မြောက်ပိုင်းစင်္ကြံလမ်းကြောင်း ပိတ်သွားခဲ့သည်။ သို့ဖြစ်ရာ အလယ်ပိုင်းစင်္ကြံဟု ရည်ညွှန်းလေ့ရှိသည့် လမ်းကြောင်းသည် တရုတ်အတွက်သာမက ဂျီ ၇ နိုင်ငံများ အတွက်လည်း ပြန်လည်အရေးပါလာခဲ့သည်။

သို့သော် တူရကီမှအစပြုပြီး ဂျော်ဂျီယာကိုဖြတ်သန်းကာ အာရှအလယ်ပိုင်းအထိ ဖြတ်သန်းသွားသော အလယ်ပိုင်းစင်္ကြံလမ်းကို တစ်ခုတည်းသော အစားထိုးစရာအဖြစ် ရွေးချယ်ရန်အတွက်မူ တရုတ်အတွက် စွန့် စားရာ ကျလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကုန်စည်ဖြတ်သန်းပို့ဆောင်ရာတွင် နယ်စပ်အများအပြားကို ဖြတ်သန်းရပြီး ကားလမ်း၊ ရထားလမ်းနှင့် ရေလမ်းခရီးတို့ဖြင့် အဆင့်ဆင့် ကူးပြောင်းရသည့်အတွက် ၎င်းစင်္ကြံလမ်းသည် ထိရောက်အကျိုးရှိမှု နည်းပါးနေခြင်းကြောင့်ဖြစ်သည်။

 

အာဖဂန်နစ္စတန်၏ အခန်းကဏ္ဍ

ပထ၀ီဝင်နိုင်ငံရေးအရ တန်းတူအရေးပါမှုရှိသော အခြားရွေးချယ်စရာတစ်ခုမှာ ပါကစ္စတန်၏ ဂွာဒါဆိပ်ကမ်းမှတစ်ဆင့် အာဖဂန်နစ္စတန်မှ အာရေဘီယန် ပင်လယ်ဆီသို့ ကူးသန်းပို့ဆောင်ခြင်းပင်ဖြစ်သည်။ အာဖဂန်နစ္စတန်ကို ဖြတ်သန်းမည့် လမ်းကြောင်းသည် တရုတ်အတွက်သာမက ဗဟိုအာရှဒေသအတွက်လည်း ရေရှည်အကျိုးဖြစ်ထွန်းစေလိမ့်မည်ဖြစ်သည်။

ထို့အတူ အာဖဂန်နစ္စတန်၏ တည်ငြိမ်မှုနှင့် လုံခြုံမှုကိုပါ အထောက်အပံ့ပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် ပါကစ္စတန်၌ တာလီဘန်တို့၏ ထကြွသောင်းကျန်းမှု ရလဒ်ကြောင့် လက်ရှိလမ်းကြောင်းဖြစ်သော တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံတစ်လျှောက် ဖြစ်လာဖွယ်ရှိသည့် အန္တရာယ်များကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။

ထိုအခြေအနေကြောင့် တရုတ်နှင့်ဗဟို အာရှမိတ်ဖက်နိုင်ငံများသည် အာဖဂန်နစ္စတန်နှင့် နယ်စပ်ချင်း ထိစပ်နေသည့် ဥဇဘတ်ကစ္စတန်မြို့တစ်မြို့ဖြစ်သာ တာမက်ဇ်ကို သယ်ယူပို့ဆောင်ရေးအတွက် အဆင့်မြှင့် တင်ရန် ကတိက၀တ်ပြုခဲ့သည်။

တရုတ်သည် အာဖဂန်အရေးကိစ္စတွင် တရားဝင်ပါဝင်ပတ်သက်မှုရှိလာပြီး အဆိုပါ ထိပ်သီးအစည်းအဝေး၌ သမ္မတရှီ မိန့်ခွန်း ပြောကြားခဲ့စဉ်ကလည်း အာဖဂန်၏အခန်းကဏ္ဍကို ထည့်သွင်းပြောဆိုခဲ့ခြင်းကြောင့် ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်လာမည့် အလားအလာ ဖြစ်သည်။

အာဖဂန်နှင့်ပတ်သက်၍ သိသာထင်ရှားသော စိုးရိမ်မှုများ ရှိနေသော်လည်း တရုတ်သည် ၎င်း၏စီမံကိန်းတွင် အာဖဂန်ဖြတ်ကျော်ကုန်သွယ်ရေးလမ်းကြောင်းကို ထည့်သွင်းလာဖွယ်ရှိသည်။ တရုတ်သည် ၎င်းတို့၏ တောင်-မြောက် သယ်ယူပို့ဆောင်ရေး စင်္ကြံတွင် ရုရှား၊ အီရန်တို့နှင့် ချိတ်ဆက်ဆောင်ရွက်ရန် တုံ့ဆိုင်းနေဟန် ရှိသည်မှာလည်း ပေါ်လွင်ထင်ရှားနေသည်။

ရုရှားနှင့် အီရန်တို့သည် နိုင်ငံတကာ၏ ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ရင်ဆိုင်ရလျက်ရှိပြီး မကြာသေးမီကလည်း အီရန်နှင့် အဇာဘိုင်ဂျန်တို့အကြား အခြေအနေ တင်းမာနေမှုကြောင့် ယင်းလမ်းကြောင်း ကိုရေရှည်အသုံးပြုနိုင်ပါမည်လောဟူသည့်  သံသယများ ကြီးထွားလာခဲ့သည်။

ဗဟိုအာရှငါးနိုင်ငံ၏ သမ္မတများက တရုတ်က အဆိုပြုသည့် စီမံကိန်းများကို တက်တက်ကြွကြွ ကြိုဆိုခဲ့ခြင်းသည်လည်း ၎င်းတို့အနေဖြင့် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်နေသည်ကို ညွှန် ပြလျက်ရှိသည်။                           

Ref: CNA

Most Read

Most Recent