KNU ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ရွေးချယ်ခံရ

KNU ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ရွေးချယ်ခံရ
Published 3 May 2023

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို ရွေးချယ်လိုက်ကြောင်း သတင်းရရှိသည်။

၁၇ ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ညီလာခံမှ KNU ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ပဒိုစောကွယ်ထူးဝင်းအနေဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ညီလာခံတွင် ဥက္ကဋ္ဌအဖြစ် လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခံရသူလည်းဖြစ်သည်။

၁၇ ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ညီလာခံကို ဧပြီ ၂၄ ရက်က စတင်၍ KNU ထိန်းချုပ်နယ်မြေတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ကျင်းပရာတွင် ခရိုင်၊ တပ်မဟာ (၇) ခုမှ ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး ကိုယ်စားလှယ် ၅၆ ဦးက ဝင်ရောက် အရွေးခံခဲ့ခြင်းလည်းဖြစ်ကြောင်း သတင်းရရှိသည်။

ထို့နောက် လျှို့ဝှက်မဲပေးစနစ်ဖြင့် ဥက္ကဋ္ဌကို ရွေးချယ်ရာတွင် ပဒိုစောကွယ်ထူးဝင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ယခင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးဆေးဖိုးအနေဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ညီလာခံကို တက်ရောက်ခဲ့သော်လည်း ဥက္ကဋ္ဌအဖြစ် ဝင်ရောက်ရွေးချယ်မခံခဲ့ကြောင်း သိရသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားဟောင်းဖြစ်သည့် ပဒိုစောကွယ်ထူးဝင်းသည် ကရင်အမျိုးသားအစည်းအရုံး (KNU)  ဘိတ်/ထားဝယ်ခရိုင်မှတစ်ဆင့် ဗဟိုအဆင့်သို့ ရောက်ရှိလာသူဖြစ်ကြောင်း ကရင်အမျိုးသားမီဒီယာတွင် ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဥက္ကဋ္ဌများအဖြစ် စောစံဖိုးသင်၊ စောဘဦးကြီး၊ စကောလယ်တော၊ စောဟံတာသာမွေး၊ မန်းဘဇန်၊ စောဘိုမြ၊ စောဘသင်စိန်၊ စောတာမလာဘောနှင့် စောမူတူးစေးဖိုးတို့ တာဝန်ယူခဲ့ကြောင်း ကရင်အမျိုးသားမီဒီယာ၏ သတင်းက ဆိုသည်။

Most Read

Most Recent