ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မြေပြင်တွင် စစ်အင်ဂျင်နီယာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသည့် သူ့ခင်ပွန်းဖြစ်သူ မီဟိုင်လိုသည် သူ့မွေးနေ့တွင် သူ့ကို ဆက်သွယ်ခြင်း မရှိခဲ့သည့် ယခုနှစ် ဇန်နဝါရီလတွင် အိုလာဆွစ်ရှစ်သည် အဆိုးရွားဆုံးအခြေအနေအတွက် ပူပင်သောကရောက်ခဲ့ရသည်။
အသက် ၄၀ အရွယ် ၀ါရင့်ရှေ့နေတစ်ဦးအတွက် ယင်းအချိန်က ရက်အနည်းငယ်ကြာ အဆက်အသွယ်ပြတ်တောက်နေမှုသည် ပုံမှန်အခြေအနေတစ်ခု မဟုတ်သော်လည်း ဆွစ်ရှစ်ကမူ သူ့ခင်ပွန်းသည် သက်ရှိထင်ရှားရှိနေသေးပါက ဇန်နဝါရီ ၁၄ ရက်တွင် တစ်နည်းမဟုတ် တစ်နည်းဖြင့် သူ့ကို ဆက်သွယ်လာလိမ့်မည်ကို သူသိထားသည်။
“ကျွန်မကို ဂုဏ်ပြုဖို့အတွက် ဖုန်းဆက်တာ ဒါမှမဟုတ် တစ်ခြားနည်းလမ်းတစ်ခုခုနဲ့ ဆက်သွယ်လိမ့်မယ်ဆိုတာ ကျိန်းသေပေါက် တွက်ထားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မအရမ်းဆိုးတဲ့ အိပ်မက်ဆိုးတစ်ခု မက်ခဲ့မိပါတယ်။ အဲဒါကြောင့် တစ်ခုခုတော့ ဖြစ်ပြီဆိုတာ ကျွန်မကြိုသိခဲ့ပါတယ်။ ဇန်နဝါရီ ၁၅ ရက်ကျတော့ သူ ဆုံးသွားပြီဆိုတာ ကျွန်မသိခဲ့ရပါတယ်”ဟု အနက်ရောင် ဝတ်စုံဝတ်ဆင်ထားပြီး အသက် နှစ်နှစ်အရွယ်သားဖြစ်သူ ဗစ်တာကို ချီထားသည့် ဆွစ်ရှစ်က ကိယက်ဗ်မြို့တော်တွင် အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
ရုရှား၏ ကျူးကျော်မှု တစ်နှစ်ကျော်ကြာမြင့်လာချိန်တွင် ဆွစ်ရှစ်သည် စစ်ပွဲအတွင်း ခင်ပွန်းသည်များကို ဆုံးရှုံးခဲ့ရသည့် မုဆိုးမများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး ရုရှား၏ကျူးကျော်မှုကို တွန်းလှန်တိုက်ခိုက်မည့် ယူကရိန်း၏ ဆုံးဖြတ်ချက်ကြောင့် ဆုံးရှုံးမှုများကို ဆက်လက် ရေတွက်ရဖွယ်ရှိနေသည်။
ယူကရိန်း-ရုရှားစစ်ပွဲတွင် နှစ်ဖက်စလုံးက ကျဆုံးခဲ့သည့် စစ်သားအရေအတွက် အတိအကျကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိသော်လည်း မကြာသေးမီက ပေါက်ကြားခဲ့သည့် အမေရိကန်ထောက်လှမ်းရေး အချက်အလက်များတွင်မူ ယူကရိန်းစစ်မှုထမ်း ၁၇,၅၀၀ ထက်မနည်း သေဆုံးခဲ့သည်ဟု ဖော်ပြခဲ့သည်။
သူ့ခင်ပွန်းသည် အရှေ့ပိုင်းဒိုးနက်ဒေသရှိ ဆိုလီဒါမြို့ကို ခုခံကာကွယ်ချိန်တွင် ကျဆုံးခဲ့ပြီးနောက် ဆွစ်ရှစ်သည် လူမှုမီဒီယာတစ်ခုတွင် ဖွဲ့စည်းထားသည့် “စစ်ပွဲကြောင့် မုဆိုးမဖြစ်ခဲ့ရသူများအုပ်စု” ထဲကို ဝင်ရောက်ခဲ့သည်။ ထိုအချိန်မှစပြီး ယင်းအုပ်စုထဲသို့ ဝင်ရောက်သည့် အဖွဲ့ဝင်အရေအတွက်မှာ နှစ်ဆအထိ များပြားလာခဲ့သည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လက ယူကရိန်း သမ္မတဗိုလိုဒီမာဇယ်လန်စကီးသည် စစ်ပွဲအတွင်း ကျဆုံးခဲ့သူများ၏ ကျန်ရစ်သူ မုဆိုးမများနှင့် ၎င်းတို့၏ ကလေးများကို ဂုဏ်ပြုအခမ်းအနားတစ်ခုတွင် လက်ခံတွေ့ဆုံခဲ့ပြီး နိုင်ငံအတွက် အသက်စွန့်မှုသည် အချည်းနှီးစွန့်လွှတ်မှုမဟုတ်ကြောင်း ကျန်ရစ်သူ မိသားစုဝင်များကို ပြောကြားခဲ့သည်။
“သူတို့ဟာ စစ်မြေပြင်မှာ ထာဝရ ဆက်ရှိနေမှာပါ။ သူတို့ဟာ သူတို့ဆွေမျိုးတွေရဲ့ မှတ်ဉာဏ်ထဲမှာ ရှင်သန်နေပါတယ်”ဟု ဇယ်လန်စကီးက အမျိုးသမီးများနှင့် ၎င်းတို့၏ ကလေးများနှင့် တစ်ဦးချင်းစီတွေ့ဆုံပြီး ဂုဏ်ပြုနှုတ်ဆက်ချိန်တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် နွေဦးရာသီက ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် ဆိပ်ကမ်းမြို့ဖြစ်သည့် မာရီယူပိုးလ်မြို့တွင် မွေးဖွားခဲ့သည့် အသက် ၃၀ အရွယ် ဆွစ်ရှစ်က သူသည် သူ့ခင်ပွန်းသေဆုံးခဲ့သည့်အကြောင်းကို မကြာခဏ သတိရမိသည်ဟု ပြောကြားခဲ့သည်။
“အချိန်တိုင်းပါပဲ။ ကျွန်မခေါင်းထဲမှာရော ကျွန်မပါးစပ်ကပါ အသံထွက်ပြီးတော့ရော သူ့ကို သတိရကြောင်း ပြောမိခဲ့ပါတယ်။ ကျွန်မ စည်သွတ်ဘူးတစ်ဘူးကို မဖောက်နိုင်ဘဲ ဖြစ်နေတဲ့အချိန်မှာ ကျွန်မစိတ်ပျက် လက်ပျက်နဲ့ ငိုမိပါတယ်။ ပြီးတော့ မီရှာရေ ငါဒီစည်သွတ်ဘူးကိုတောင် မဖောက်နိုင်တော့ဘူးလို့ အော်ဟစ်ငိုကြွေလိုက်ရင် ချက်ချင်းဆိုသလိုပဲ စည်သွတ်ဘူးက ဖွင့်လို့ရသွားပါတယ်”ဟု ဆွစ်ရှစ်က ပြောကြားခဲ့သည်။
အသက် ၄၁ နှစ်အရွယ် ဒါရီယာ မာဇာကမူ သူ့ခင်ပွန်းဖြစ်သူသည် ရုရှားက ထောက်ပံ့ပေးထားသည့် ခွဲထွက်ရေးဝါဒီများနှင့် ပြင်းထန်သည့် စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် သွေးအလူးလူးဖြင့် သေဆုံးနေသည့်ပုံကို ရုရှားမီဒီယာများက ထုတ်ပြန်သည့်ဓာတ်ပုံများထဲတွင် မြင်တွေ့ခဲ့ရာမှ ခင်ပွန်းဖြစ်သူ သေဆုံးကြောင်း သိရှိခဲ့ရသည်ဟု ဆိုသည်။
သူ့ခင်ပွန်းသည် ချီတက်ဝင်ရောက်လာသည့် ရုရှားလိုလားသည့် တပ်ဖွဲ့များကို ရင်ဆိုင်ရာတွင် ယူကရိန်းစစ်သားများ ပြန်လည်ဆုတ်ခွာခဲ့ရသည့် ၂၀၁၄ ခုနှစ် သြဂုတ်လတွင် ယူကရိန်းအတွက် ဆိုးရွားပြီး ထိခိုက်ကျဆုံးမှု များပြားသည့် တိုက်ပွဲတစ်ခုဖြစ်သည့် အီလိုဗစ်မြို့မှ ဆုတ်ခွာချိန်တွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။
“အချိန်က ကုစားမပေးနိုင်ပါဘူး။ ဒီအခြေအနေနဲ့ အသားကျအောင်နေရမှာပါပဲ။ ဒါကို လက်ခံရမှာပါ။ ဒီအခြေအနေနဲ့ ဆက်လက်ရှင်သန်ဖို့ ကြိုးစားရမှာပါ။ အဲဒီနောက်မှာတော့ နာကျင်မှုဟာ ရှင့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပါလိမ့်မယ်” ဟု မာဇာက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။
သူတို့ နှစ်ဦးသည် ၂၀၀၆ ခုနှစ်က ကမ်းခြေတစ်ခုတွင် တွေ့ဆုံခဲ့ပြီးနောက် မေတ္တာမျှခဲ့ကြကာ ၂၀၁၀ ပြည့်နှစ်တွင် ခါဆန်မြို့တွင် လက်ထပ်ခဲ့ကြသည်။ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ရုရှားတပ်ဖွဲ့များ ဝင်ရောက်လာချိန်တွင် မာဇာသည် ခါဆန်မြို့မှ ထွက်ပြေးတိမ်း ရှောင်ခဲ့ပြီး လက်ရှိတွင် သူ့မွေးရပ်မြို့သည် ရုရှားတပ်ဖွဲ့များ၏ သိမ်းပိုက်မှုကို ခံထားရသည်။
သူနှင့် သူ့ခင်ပွန်းဖြစ်သူ ပါဗလို ( ၃၀ နှစ်)အကြား နောက်ဆုံးအကြိမ် စကားပြောဆိုခဲ့ချိန်က ခင်ပွန်းဖြစ်သူက သူသည် စိတ်လေးနေကြောင်းနှင့် အခြေအနေသည် မရေရာကြောင်း ပြောကြားခဲ့သည်ဟု မာဇာကဆိုသည်။
“ဘာတွေပဲ ဖြစ်လာပါစေ ပျော်ပျော်နေသွားမယ်လို့ ငါ့ကို ကတိပေးပါ ဆိုပြီး သူက ကျွန်မကို ပြောခဲ့ပါတယ်”ဟု မာဇာက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
“အဲဒီအမျိုးသားတွေဟာ ကျွန်မတို့ အသက်ရှင်ဖို့ သူ့တို့ရဲ့ အသက်တွေကို ပေးဆပ်နေပါတယ်”ဟု မာဇာက ယူကရိန်းစစ်မှုထမ်းများကို ရည်ညွှန်းပြောကြားခဲ့သည်။
ယင်းအခြအနေများသည် ရုရှားကျူးကျော်မှုအတွင်း ခင်ပွန်းကိုဆုံးရှုံးခဲ့ရသည့် အော့ဆာနာဘော်ကွန်အမည်ရှိ အမျိုးသမီးအတွက် စစ်ပွဲကြောင့် ခင်ပွန်းဆုံးရှုံးခဲ့ရသည့် မုဆိုးမများကို ထောက်ပံ့ပေးသည့် “We Have to Live” အမည်ရှိ အဖွဲ့အစည်းကို ထူထောင်ရန် တွန်းအားတစ်ခုဖြစ်စေခဲ့ပြီး ယင်းအဖွဲ့သည် ဆွစ်ရှစ် ဝင်ရောက်ခဲ့သည့် အဖွဲ့ဖြစ်သည်။
အစိုးရက ငွေကြေးနှင့် စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုများ ကမ်းလှမ်းခဲ့ပြီး ထိုထက်ပိုသည့် ထောက်ပံ့မှုများပေးရန် သူ့အနေဖြင့် အလိုရှိခဲ့သည်ဟု ဘော်ကွန်က ပြောကြားခဲ့သည်။
“မိန်းကလေးတွေရဲ့ မျက်နှာပေါ်မှာ ကြီးမားတဲ့ နာကျင်မှုတွေ ရှိနေပါတယ်။ အဲဒီအခြေအနေကြောင့် ရူးသွားနိုင်ပါတယ်”ဟု ၎င်းကဆိုသည်။
၎င်းတို့အဖွဲ့အစည်းသည် မုဆိုးမများအတွက် ငွေကြေးရှာဖွေစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့ခြင်းတို့ ပြုလုပ်ပေးနေသည်ဟု ဆိုသည်။
မီဟိုင်လို သေဆုံးခဲ့ပြီးနောက် လအနည်းငယ်ကြာသည်အထိ ဆွစ်ရှစ်က သူ့ခင်ပွန်း၏ စွန့်လွှတ်အနစ်နာခံမှုသည် ထိုက်တန်မှုရှိ မရှိကို စဉ်းစားတွေးတောမိတိုင်း ငိုကြွေးရသည်ဟု ပြောကြားခဲ့သည်။
“ကျွန်မနဲ့ ဗစ်တာအတွက် စစ်တိုက်ထွက်ခဲ့တာလို့ သူက ကျွန်မကို ပြောခဲ့ပါတယ်” ဟု ဆွစ်ရှစ်က ပြောကြားခဲ့ပြီး ယူကရိန်းအနေနှင့် ရွေးချယ်စရာမရှိဘဲ ပြန်လည်ခုခံတိုက်ခိုက်ကာ အနိုင်ယူရမည်ဟု သူ့ခင်ပွန်းက ယုံကြည်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“ဒါပေမဲ့ သူ့အနေနဲ့ ကျွန်မကို ဘေးရန်ကင်းကင်းနဲ့ အဆင်ပြေပြေနေစေချင်တယ်ဆိုရင် ကျွန်မဘေးမှာ သူ ရှိနေဖို့ လိုအပ်ပါတယ်။ အခုတော့ ကျွန်မဟာ ဒီအခြေအနေကြောင့် စိတ်လှုပ်ရှားထိခိုက်လွယ်တဲ့ ပြဿနာနဲ့ ကြုံတွေ့နေရပါတယ်”ဟု ဆွစ်ရှစ်က ပြောကြားခဲ့သည်။
Ref: AFP










