စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်း၏အနာဂတ် အဓိကတိုက်စစ်မှူးအဖြစ် မန်စီးတီးအသင်းမှ နော်ဝေကြယ်ပွင့်တိုက်စစ်မှူး ဟော်လန်းကို အဓိကပစ်မှတ်ထားနေပြီး ၎င်းအားခေါ်ယူရန် အစီအစဉ်များရေးဆွဲထားကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။
အသက် (၂၂)နှစ်အရွယ်သာရှိသေးသည့် ဟော်လန်းသည် ပြီးခဲ့သည့် နွေရာသီက ဒေါ့မွန်အသင်းမှ မန်စီးတီးအသင်းသို့ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မန်စီးတီးအသင်းအတွက် ပထမဆုံးရာသီတွင်ပင် ပြိုင်ပွဲစုံ၌ စံချိန်တင်သွင်းဂိုး (၄၇) ဂိုးအထိသွင်းယူပေးထားနိုင်သူဖြစ်သည်။
ရီးယဲလ်အသင်းသည် ဘန်ဇီမာအလွန်တွင် အသင်း၏တိုက်စစ်အတွက် ထိပ်တန်းအဆင့်ကစားသမားတစ်ဦးကိုသာ တိုက်ရိုက်အစားထိုးရန်ဆန္ဒရှိနေပြီး ဟော်လန်းအတွက် ယူရိုသန်း (၂၂၀)အထိ အသုံးပြု စီစဉ်ထားကြောင်းသိရသည်။
ထို့ပြင် မန်စီးတီးနှင့် ဟော်လန်းတို့ချုပ်ဆိုထားသည့် အသင်းမှလျော်ကြေးဖြင့်ထွက်ခွာခွင့်စာချုပ်မှာ ၂၀၂၄ နွေရာသီတွင် စတင်အသက်ဝင်မည်ဖြစ်သောကြောင့် ကစားသမားသာ ရီးယဲလ်သို့ပြောင်းရွှေ့ရန် ဆန္ဒရှိပါက မန်စီးတီးအနေဖြင့် တားဆီးနိုင်ရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း သိရသည်။















