မန်ယူ - အဲဗာတန် (မြန်မာစံတော်ချိန် ဧပြီလ ၈ ရက် ည ၆:၀၀ နာရီ)
တန်းဆင်းဇုန်ရုန်းအားကို မန်ယူနိုက်တက် ခက်ခက်ခဲခဲ ရင်ဆိုင်ရဦးမယ်။ အဲဗာတန်က အရမ်းအားကောင်းတဲ့အသင်း မဟုတ်ပေမယ့် နောက်ပိုင်းပွဲတွေမှာ သိသိသာသာ ရလဒ်တွေ တိုးတက်လာတယ်။ နောက်ဆုံး (၄)ပွဲမှာ (၁) ပွဲနိုင်၊ (၃)ပွဲသရေကစားခဲ့တယ်။ အဲဗာတန် အမှတ်ယူခဲ့တဲ့ (၄)ပွဲစလုံးက အမှတ်အသည်းအသန်လိုအပ်နေတဲ့ အသင်းတွေချည်းပဲဖြစ်ပြီး နော်တင်ဟမ်က တန်းဆင်းဇုန်ပြိုင်ဘက်ဖြစ်သလို ဘရန့်ဖို့ဒ်၊ ချယ်လ်ဆီး၊ စပါးတို့ကလည်း ဥရောပဝင်ခွင့်အတွက် ရည်မှန်းနေတဲ့ အသင်းတွေဖြစ်တယ်။ မန်ယူအသင်းထက် Current Form ပိုကောင်းပြီး မန်ယူက နောက်ပိုင်းပွဲတွေမှာ ရလဒ်ပိုင်း ပိုကျဆင်းနေတယ်။ တိုက်စစ်ပိုင်းက ဂိုးသွင်းနှုန်းကျနေသလို၊ ခံစစ်ကလည်း ဂိုးတွေ ပေးနေရတယ်။ ဒါပေမဲ့ အိမ်ကွင်းဖြစ်နေလို့ မန်ယူအနိုင်ကစားဖို့တော့ ကြိုးစားမှာပါ။ ၁-၀၊ ၂-၁ လောက်ပဲ ဖြစ်မယ်။
အက်စတွန်ဗီလာ - နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် ဧပြီလ ၈ ရက် ည ၈:၃၀ နာရီ)
အက်စတွန်ဗီလာရဲ့ လက်ရှိရလဒ်ပိုင်းက တော်တော်လေး အားကောင်းနေပြီး အသင်းကြီးတစ်သင်းအနေအထားဖြစ်နေတယ်။ အူနိုင်းအမ်မရီလက်ထက်ကတည်းက တိုးတက်လာပြီး ဥရောပဝင်ခွင့်ကို မျှော်လင့်လို့ရတဲ့အနေအထားလည်းဖြစ်လာတယ်။ ဒီပွဲလည်း ဗီလာပဲ နိုင်မယ်။
ဘရန့်ဖို့ဒ် - နယူးကာဆယ် (မြန်မာစံတော်ချိန် ဧပြီလ ၈ ရက် ည ၈:၃၀ နာရီ)
စိတ်ဝင်စားစရာကောင်းတဲ့ ပွဲဖြစ်ပြီး နှစ်သင်းစလုံးက ခြေစွမ်းရော၊ စိတ်ဓာတ်ပါ ကောင်းမွန်တယ်။ မာကျောမှုရှိပြီး ထိထိ ရောက်ရောက် ကစားတတ်တဲ့အသင်းတွေလည်းဖြစ်တယ်။ လက်ရှိခြေစွမ်းအရ နယူးကာဆယ်သာနေပေမယ့် ဘရန့်ဖို့ဒ်က ပိုကောင်းတဲ့အသင်းတွေ၊ ပိုအလေးသာနေတဲ့အသင်းတွေကို အကြိမ်ပေါင်းများစွာ ဒုက္ခပေးခဲ့ဖူးတယ်။ အိမ်ကွင်းရလဒ်နဲ့ ခြေစွမ်းကလည်း အားကောင်းတဲ့အသင်းတွေထဲမှာ ပါတယ်။ ဘရန့်ဖို့ဒ်မရှုံးလောက်ဘူး ထင်တယ်။
ဖူလ်ဟမ် - ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် ဧပြီလ ၈ ရက် ည ၈:၃၀ နာရီ)
လန်ဒန်ကလပ်အသင်းနှစ်သင်းဖြစ်ပြီး ပုံမှန်အားဖြင့် ဝက်စ်ဟမ်းက ပိုအားကောင်းတဲ့အသင်းပါ။ ဒီရာသီမှာတော့ ဖူလ်ဟမ်က ခြေမှန်နေပြီး ဝက်စ်ဟမ်းက တော်တော်လေး အခြေအနေ ယိမ်းယိုင်နေတယ်။ ဖူလ်ဟမ်မှာ ပွဲပယ်ပြဿနာတွေတော့ ရှိတယ်။ သရေကျသွားနိုင်ပါတယ်။
လက်စတာ - ဘုန်းမောက် (မြန်မာစံတော်ချိန် ဧပြီလ ၈ ရက် ည ၈:၃၀ နာရီ)
လက်စတာအသင်းကတော့ နည်းပြ အပြောင်းအလဲလုပ်လိုက်ရတဲ့ အခြေအနေ ရောက်သွားတယ်။ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့အနေအထားဖြစ်ပြီး ဘုန်းမောက်ကလည်း တန်းဆင်းဇုန်ပြိုင်ဘက်ဖြစ်နေတယ်။ မဖြစ်မနေအနိုင်ကစားရမယ့် ပွဲမျိုးလည်းဖြစ်တယ်။ လက်စတာ နိုင်ပွဲရသင့်ပါတယ်။
စပါး - ဘရိုက်တန် (မြန်မာစံတော်ချိန် ဧပြီလ ၈ ရက် ည ၈:၃၀ နာရီ)
စပါးက ဆောက်သမ်တန်နဲ့ ပွဲတုန်းက နိုင်ပွဲရသင့်လျက် သရေကျခဲ့တယ်။ ကွန်တီ အထုတ်ခံရတယ်။ ယာယီနည်းပြ စတယ်လီနီနဲ့ ဆက်သွားတယ်။ အဲဗာတန်ကို နိုင်သင့်လျက်နဲ့ သရေထပ်ကျတယ်။ ဒီပုံစံအတိုင်းဆိုရင် စပါးရဲ့ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က တော်တော်လေးအားနည်းလာတယ်။ ဘရိုက်တန်က ဘုန်းမောက်ကို အဝေးကွင်းမှာ အနိုင်ရခဲ့ပြီးတဲ့နောက် ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်လင့်လို့ရလာတယ်။ လက်ရှိခြေစွမ်းအရလည်း ဘရိုက်တန်ကို ပိုကြိုက်တယ်။
ဝုလ်ဗ် - ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဧပြီလ ၈ ရက် ည ၈:၃၀ နာရီ)
ချယ်လ်ဆီးအသင်းက အဲဗာတန်၊ ဗီလာ၊ လီဗာပူးလ်တို့နဲ့ ကစားခဲ့တဲ့ပွဲတွေအားလုံးမှာ နိုင်ပွဲရခဲ့သင့်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့တယ်။ ကစားကွက်အနေအထားအရရော။ ဂိုးကန်သွင်းခွင့်၊ ဖန်တီးမှုစွမ်းရည်အရရော ချယ်လ်ဆီး သိသိသာသာ အားကောင်း လာတယ်။ ဒါပေမဲ့ ပြဿနာက Clinical ဖြစ်တဲ့ တိုက်စစ်မှူး မရှိတာပဲ။ ဂိုးရဖို့ အရမ်းခက်နေတာဖြစ်ပြီး ချယ်လ်ဆီးသမိုင်းမှာ အ ဝေးကွင်း ဂိုးရအနည်းဆုံးရာသီတွေထဲကတစ်ခုလည်းဖြစ်တယ်။ ဒီပွဲလည်း နိုင်သင့်ပေမယ့် သရေကျသွားနိုင်တုန်းပဲ။
ဆောက်သမ်တန် - မန်စီးတီး (မြန်မာစံတော်ချိန် ဧပြီလ ၈ ရက် ည ၁၁:၀၀ နာရီ)
ဆောက်သမ်တန်က တန်းဆင်းဇုန်တိုက်ပွဲအတွက် အသည်းအသန် ရုန်းကန်နေတယ်။ ဒီရာသီမှာ မန်စီးတီးကို လိဂ်ဖလားပြိုင်ပွဲကနေ ဖြုတ်ချထားခဲ့ဖူးတာကို တွေ့ရတယ်။ မန်စီးတီးကို ပုံမှန်အားဖြင့် အခက်တွေ့စေတဲ့အသင်းမျိုးလည်းဖြစ်တယ်။ အိမ်ကွင်းမှာလည်း မန်စီးတီးကို အခက်အခဲအများကြီး တွေ့အောင် ကြိုးစားလိမ့်မယ်။ မန်စီးတီးက အာဆင်နယ် ပွဲကျပ်နေချိန်မှာ အခွင့်အရေးကို အမိအရအသုံးချဖို့ ကြိုးစားမှာပါ။ မန်စီးတီး နိုင်ပွဲယူလိမ့်မယ်။















