ကဗျာဆရာကြီးနှစ်ဦးနှင့် အမှတ်တရ

ကဗျာဆရာကြီးနှစ်ဦးနှင့် အမှတ်တရ
Published 2 April 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

ယခုအကြောင်းအရာကို စာရေးသူအနေဖြင့် တင်ပြရန်မှာ အတော်ပင် အချိန်ယူစဉ်းစားခဲ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် စာရေးသူသည် စာရေးဆရာတစ်ဦး မဟုတ်သည့်အပြင် စာရေးသူအနေနှင့် လုံးဝလက်မခံ၊ မကြိုက်နှစ်သက်သည့် အကျင့်စရိုက်ဖြစ်သည့် “စာရေးဆရာများထဲတွင် ထင်ရှားကျော်ကြားသော ကဗျာဆရာကြီးများအဖြစ် ဉာဏ်ထက်မြက်သူ၊ ထူးချွန်သူ၊ ပါရမီရှင်အဖြစ် လူအများက အသိအမှတ်ပြုခံထားရသည့် ဆရာကြီး နှစ်ဦးအကြောင်းကို အမှီပြုကာ မိမိအမည် ထင်ပေါ်ကျော်ကြားစေရန် ကြိုးပမ်းအားထုတ်သည်” ဆိုသော အမြင် စာဖတ်သူများထံတွင် တည်ရှိဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့်လည်း ဖြစ်ပါသည်။

စာရေးသူအနေဖြင့် အထက်ဖော်ပြပါ အကျင့်စရိုက်ရှိသည့် လူပုဂ္ဂိုလ်အမျိုးအစားဖြစ်ပါက မည်သည့်အဆင့် ရာထူးရှိသည်ဖြစ်စေ၊ မည်မျှ ချမ်းသာကြွယ်ဝသည်ဖြစ်စေ၊ မည်သည့်ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်နေသည်ဖြစ်စေ လေးစားထိုက်သည့်လူပုဂ္ဂိုလ်၊ အတုယူ ထိုက်သည့်လူပုဂ္ဂိုလ်၊ ပြောစကားများ ရေးသားတင်ပြချက်များကို ခံယူလိုက်နာထိုက်သည့် လူပုဂ္ဂိုလ်အဖြစ် မသတ်မှတ်နိုင်ပါ။ ဆိုလိုသည်မှာ “စိန်နားကပ်ရောင်ကြောင့် ပါးပြောင်” ဆိုသကဲ့သို သူတစ်ပါး၏ ဂုဏ်အရှိန်အဝါကို ရယူပြီး မိမိကိုယ်ကျိုးအတွက် အသုံးပြုသည့် အကျင့်စရိုက်ရှိသူများကို လွန်စွာစက်ဆုပ် ရွံရှာစရာ လူပုဂ္ဂိုလ်များအဖြစ် စာရေးသူအနေဖြင့် သတ်မှတ်ထားရှိပါသည်။

ကဗျာဆရာကြီး နှစ်ဦးနှင့် အမှတ်တရအကြောင်းကို တင်ပြခြင်းမပြုမီ စာရေးသူကျင်လည်ခဲ့ရသည့် ပတ်ဝန်းကျင်သဘောသဘာဝကလေးကို အကျဉ်းမျှ ဦးစွာတင်ပြပါမည်။ စာရေးသူသည် မုဆိုးချုံ ရွာမကျေးရွာတွင် မွေးဖွားပြီး အတန်းပညာအနေနှင့် မုဆိုးချုံရွာမ မူလတန်းကျောင်းတွင် ပညာသင်ယူခဲ့ရပါသည်။

မုဆိုးချုံရွာမ ကျေးရွာတွင် မူလတန်းကျောင်းသာရှိသဖြင့် စတုတ္ထတန်း (မူလတန်း) အောင်မြင်ပြီးသည်နှင့် ပဥ္စမတန်းမှ စတင်ကာ မြို့ပြဒေသများသို့ ပြောင်းရွှေ့ပြီး ပညာသင်ယူခဲ့ရပါသည်။

၁၉၇၄ ခုနှစ်ခန့်  ပဥ္စမတန်း တက်ရောက်ခဲ့သည့်ကျောင်းသားဘဝမှ စတင်ကာ စာရေးသူ နည်းပြ ကစတင်ပြီး ပါမောက္ခ (ဌာနမှူး) ဖြစ်သည့် ကျောင်းဆရာဘဝနှင့် ကျောင်းဆရာဘဝက အငြိမ်းစားယူပြီးနောက် နိုင်ငံတကာအဖွဲ့အစည်းတွင် လခစားလုပ်သည့်ကာလ ၂၀၁၇ ခုနှစ်ခန့်အထိတိုင် နှစ်အနည်းငယ်ခန့်သာ မိမိ မိသားစု၊ မိတ်ဆွေများ၊ ဆွေမျိုးများအိမ်တွင် နေထိုင်ခွင့်ရသည့် ကာလမှလွဲ၍ စုစုပေါင်း ၄၃ ခုနှစ်ခန့်မှာ “နေတော့ အဆောင်၊ စားတော့ ထမင်းဆိုင်၊ သောက်တော့ လက်ဖက်ရည်ဆိုင်” ဘဝမျိုးဖြင့် ကျင်လည်ခဲ့ရပါသည်။ တစ်ခါတစ်ရံ လက်ထဲတွင် ငွေကြေးကလေးကလည်းရှိ၊ မိတ်ဆွေများလည်း ရှိနေပါက ဘီယာဆိုင်၊ အရက်ဆိုင်များတွင် ရောက်ရှိတတ်ပါသည်။

“စားတော့ ထမင်းဆိုင်” ဟု ဆိုသဖြင့် ထမင်းဆိုင်ကြီးများ မဟုတ်ပါ။ လမ်းဘေးထမင်းဆိုင်ကလေးများတွင်သာ စားရသည့်အဆင့် ဖြစ်ပါသည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း နည်းပြဘဝတွင် လမ်းဘေးထမင်းဆိုင်အဆင့်ကိုပင် စားသောက်နိုင်ခြင်း မရှိတော့သဖြင့် ရှိသမျှငွေကြေးကလေးကို ခြစ်ခြစ် ခြုတ်ခြုတ် ချွေတာရေး ပြုလုပ်ပြီး ချက်ပြုတ်စားသောက်ရသည့် အဆင့်သို့ ရောက်ရှိသွားပါတော့သည်။ ဤကား မြန်မာနိုင်ငံရှိ တက္ကသိုလ် ကျောင်းဆရာတစ်ဦး၏ ဘဝအစစ်အမှန် ဖြစ်ပါသည်။

အထက်ဖော်ပြပါကဲ့သို့ နေထိုင်စားသောက်ရသည့် အခြေအနေဖြစ်သဖြင့် အဆောင်၊ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်တို့တွင် ကျင်လည်ကျက်စားခဲ့ရသောကြောင့် မေးထူးခေါ်ပြောမိတ်ဆွေ၊ အတူထိုင်သည့် မိတ်ဆွေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့နှင့် ပတ်သက် ပြီး မေးမြန်းဆွေးနွေးဖြစ်သည့် မိတ် ဆွေ၊ စာပေနှင့် ပတ်သက်ပြီး အငြင်းပွားရသည့် မိတ်ဆွေ စသည်ဖြင့် မိတ်ဆွေအမျိုးအစား မြောက်မြားစွာကို ဖြစ်ထွန်းပေါ်ပေါက်စေခဲ့ပါသည်။

တစ်ဖန် စာရေးသူ တာဝန် ထမ်းဆောင်ခဲ့ရသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ အဝေးသင်စာမေးပွဲများအတွက် အနီးကပ်သွားရောက် သင်ကြားခဲ့ရသည့် အဝေးသင်တက္ကသိုလ်များ၊ စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်စသည်တို့တွင် စာရင်းအင်းပညာဘာသာရပ်ကို သင်ကြားပို့ချခဲ့ရသည့်အတွက် စာရင်းအင်းပညာရပ်နှင့် ပတ်သက်သည့် ကျောင်းသူကျောင်းသား မိတ်ဆွေများလည်း ရှိခဲ့ပါသည်။ စာရေးသူ၏ သဘောသဘာဝအရ မည်သည့် ကျောင်းသူကျောင်းသားကိုမျှ တပည့်အဖြစ် သတ်မှတ်ခြင်းမပြုပါ။ မိတ်ဆွေအဖြစ်သာ သတ်မှတ်ပါသည်။

အထက်ဖော်ပြပါ အတွေ့အကြုံများကြောင့် စာရေးသူတို့ တောသူတောင်သားများ၏ အလေ့အကျင့် သဘောသဘာဝများ၊ ခံယူချက်များနှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ မိတ္ထီလာ စီးပွားရေးတက္ကသိုလ်၊ မုံရွာ စီးပွားရေးတက္ကသိုလ် စသည်တို့တွင် တွေ့မြင်ရသည့် အချို့သော ဆရာကြီး၊ ဆရာမကြီးများ၊ အစိုးရဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အချို့သော ဆရာကြီး၊ ဆရာမကြီးများ၏ သဘောသဘာဝများ၊ ခံယူချက်များမှာ လွန်စွာ ကွာခြားလျက်ရှိသည်ကို တွေ့မြင်ခဲ့ရပါသည်။

အလျဉ်းသင့်သဖြင့် တင်ပြပါမည်။ စာရေးသူတို့၏ တိုင်းပြည် နိုင်ငံသည် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်းတွင် အာဏာရှင်စနစ်နှင့် စစ်အုပ်ချုပ်ရေးစနစ်ကို ကာလတာရှည် ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသဖြင့် အာဏာလက်ဝယ်ရရှိသူ၊ ရာထူးလက်ဝယ်ရရှိသူ၊ ဖော်ပြပါစနစ်များကြောင့် ငွေကြေးချမ်းသာ ကြွယ်ဝလာသူများသည် ၎င်းတို့ကိုယ်ကိုယ် ၎င်းတို့ နတ်မင်းကြီးများကဲ့သို့ ထင်မှတ်လာပြီးလျှင် လုပ်ပိုင်ခွင့်ရှိသမျှ အစွမ်းကုန် အသုံးပြုကာ အခြားသူများအပေါ်တွင် ခြယ်လှယ်လွှမ်းမိုးနိုင်ရန် ကြိုးပမ်းအားထုတ်လျက်ရှိသည်ကို တွေ့မြင်နေရပါသည်။

ဤတွင် အချောင်သမားများ၊ ကပ်ပါးလူတန်းစားများ၊ စားဖားသမားများသည်လည်း အာဏာလက်ဝယ်ရရှိသူ၊ ရာထူးလက်ဝယ် ရရှိသူများထံတွင် တောက်တဲ့ကောင်ကဲ့သို့သော်လည်းကောင်း၊ ကော်နှင့်ကပ်ထားသကဲ့သို့သော်လည်းကောင်း နည်းမျိုးစုံအသုံးပြုကာ မိမိအာဏာရရှိရေး၊ မိမိရာထူးရရှိရေး၊ ငွေကြေးရရှိနိုင်မည့် ခွင် အခွင့်အလမ်းရရှိစေရေးတို့အတွက် အစွမ်းကုန်ကြိုးပမ်းအား ထုတ်လျက်ရှိကြရာ တိုင်းပြည် နိုင်ငံတော်နှင့် ပြည်သူပြည်သားများကို အကျိုးပြုစေမည့် “အတတ်ပညာ”၊ “အသိပညာ”၊ “ဉာဏ်ပညာ” တို့၏ တန်ဖိုးများမှာ တန်ဖိုးမဲ့လျက် အောက်ဆုံးအဆင့်တွင်သာ တည်ရှိနေပါတော့သည်။

ထို့ပြင် အာဏာလက်ဝယ် ရရှိသူ၊ ရာထူးလက်ဝယ်ရရှိသူ၊ ဖော်ပြပါ အာဏာရှင်စနစ်များကြောင့် ငွေကြေးချမ်းသာ ကြွယ်ဝလာသူများသည် ယနေ့ခေတ်ကာလစကားဖြင့် တင်ပြရပါလျှင် “ဂိုက်ပေးကြမ်းကြသူများ” ဖြစ်ကြပါသည်။ အများပြည်သူ သွားလာနေထိုင်လျက်ရှိသည့်အချိန်များတွင် အထက်ဖော်ပြပါ လူပုဂ္ဂိုလ်ကြီးများ၏ ယာဉ်များ၊ မော်တော်ကားများ လမ်းများပေါ်တွင် သွားလာမည်ဆိုပါက အများပြည်သူများအတွက် သွားလာခွင့်များကို ပိတ်ပင်ထားရှိမည်ဖြစ်ပြီး အထက်ဖော်ပြပါ အရေးကြီးလူပုဂ္ဂိုလ်ကြီးများ သွားလာပြီးသည့် အချိန်သို့ ရောက်ရှိမှသာလျှင် အများပြည်သူများ သွားလာနိုင်ကြမည် ဖြစ်ပါသည်။

ယခုရေးသားတင်ပြမည့် ကဗျာဆရာကြီးများသည် မြန်မာစာပေနှင့် ပတ်သက်ပြီး ဉာဏ်ထက်မြက်သူ၊ ထူးချွန်သူ၊ ပါရမီရှင်အဖြစ် လူအများက အသိအမှတ်ပြုကြပါ သော်လည်း အထက်တွင် ဖော်ပြခဲ့ သည့် လူပုဂ္ဂိုလ်ကြီးများကဲ့သို့ ဂိုက်ပေးကြမ်းကြသူများ မဟုတ်ကြပါ။ ကဗျာဆရာကြီး ဦးတင်မိုးဆိုပါလျှင် ယခင်အချိန်က ရင်းနှီးသိကျွမ်းခြင်း မရှိခဲ့ဘဲ ဆရာကြီးအား ချက်ချင်း တွေ့မြင်ရမည်ဆိုပါက ဆရာကြီး၏ထင်ပေါ်ကျော်ကြားမှုနှင့် တွေ့မြင်ရမည့် ဝတ်စားနေထိုင်ပုံသည် လွန်စွာကွာခြားလျက်ရှိသည်ကို သတိပြုမိမည့် အခြေအနေဖြစ်သည်အထိ အနေအထိုင် ရိုးသားသူတစ်ဦး ဖြစ်ပါသည်။

ကဗျာဆရာကြီး ဦးတင်မိုး၏ ပုံသဏ္ဌာန်ကို အနည်းငယ်တင်ပြရပါလျှင် အနေအထိုင် ရိုးသားလှပြီး လူက ခပ်ဝ၀ ခပ်ဖိုင့်ဖိုင့် ဆံပင်၊အကျႌ၊ လုံချည် စသည်တို့ကို လှပနေစေရန် ဂရုစိုက်ခြင်းလည်းမရှိ၊ လုံချည်ကို ဗိုက်ပေါ်တင်ပြီး ဝတ်ဆင်ကာ လွယ်အိတ်ကြီးကို လွယ်လာလေ့ရှိပြီး မျက်နှာမှာ အမြဲတမ်း ပြုံးရွှင်လျက် မည်သည့်ပုဂ္ဂိုလ်နှင့်မဆို အလွယ်တကူရင်းနှီးပြီး မိတ်ဆွေဖြစ်လွယ်သည့် အသွင်သဏ္ဌာန် ဖြစ်ပါသည်။

စာရေးသူ ယခုအကြောင်းအရာကလေးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သော ကဗျာဆရာကြီး နှစ်ဦးဖြစ်သည့် ကဗျာဆရာကြီး ဦးတင်မိုးနှင့် ကဗျာဆရာကြီး မောင်စန်းသော်တို့နှစ်ဦးအား လေးစား ဂုဏ်ပြုခြင်း အထိမ်းအမှတ်အနေဖြင့် သော်လည်းကောင်း၊ ကဗျာဆရာကြီးတို့ နှစ်ဦး၏ နေထိုင်ပြုမူသည့် အခြေအနေကို နောင်လာ နောက်သားများ သိမြင်နိုင်စေရန် အတွက်သော်လည်းကောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ထွန်းပေါ်ပေါက်လျက်ရှိသည့် နိုင်ငံရေး အခြေအနေများကြောင့် ခံစားခဲ့ရသည်များကို အနည်းငယ်သိမြင်စေလိုသည့်အတွက်သော်လည်းကောင်း ရည်ရွယ်ပါသည်။

ပထမဦးစွာ ကဗျာဆရာကြီး နှစ်ဦး၏ ကိုယ်ရေးအချက်အလက် အကျဉ်းကို တင်ပြပါမည်။ ကိုယ်ရေးအချက်အလက်များကို တင်ပြခြင်းနှင့်ပတ်သက်ပြီး စာရေးသူ၏ အတွေ့အကြုံကို ဝေမျှလိုပါသည်။ စာရေးသူတို့၏ မြန်မာစာပေ၊ မြန်မာ့လူ့အဖွဲ့အစည်းအနေနှင့် ကိုယ်ရေးအချက်အလက်များကို တင်ပြကြရာတွင် ဦးစားပေးအဆင့်နှင့် တင်ပြကြသည်မှာ အမည်၊ မွေးနေ့ သက္ကရာဇ်၊ မည်သည့်နေရာတွင် မွေးဖွားသည်၊ ဖခင်အမည်၊ မိခင် အမည် စသည်တို့မှာ ပုံမှန်အားဖြင့် ရေးသား ဖော်ပြလေ့ရှိကြပါသော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်မူ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၏ အမည်နှင့် တွဲဖက်ပြီး မွေးနေ့သက္ကရာဇ်၊ မွေးဖွားသည့် နေရာ၊ မိခင် ဖခင်တို့၏ အမည်များကို ဖော်ပြခြင်းအား လျှို့ဝှက်ချက်အနေနှင့် လူအများအတွက် တင်ပြရာတွင် မပြုလုပ်ရန် တင်းကျပ်စွာ တားမြစ်ထားရှိသည်ကို လေ့လာတွေ့ရှိရပါသည်။

 ယခု ကဗျာဆရာကြီး နှစ်ဦး၏ ကိုယ်ရေးအချက်အလက်အကျဉ်း အကြောင်းအရာကို ရေးသားတင်ပြရာတွင်မူ စာရေးသူတို့၏ မြန်မာ စာပေ၊ မြန်မာ့လူ့အဖွဲ့အစည်းက တင်ပြထားရှိသည့် ပုံစံအရသာ တင်ပြပါမည်။ ကဗျာဆရာကြီး နှစ်ဦး၏ အမည်ရင်းများ၊ ကလောင်အမည်များနှင့် ဓာတ်ပုံများကို ပုံတွင် ဖော်ပြထားပါသည်။

ကဗျာဆရာကြီး ဦးတင်မိုး၏ ကိုယ်ရေးအချက်အလက်အကျဉ်းကို တင်ပြရပါလျှင် ကဗျာဆရာကြီး ဦးတင်မိုးအား ၁၉၃၃ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်တွင် မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ကန်မြဲကျေးရွာတွင် အဖ ဦးဘအို၊ အမိ ဒေါ်စံတယ်တို့က မွေးဖွားခဲ့ပါသည်။ ဆရာကြီးသည် မြန်မာစာအဓိကဖြင့် မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ် တို့တွင် လေ့လာသင်ယူခဲ့ပြီး ကျောင်းဆရာ၊ စာရေးဆရာ၊ ကဗျာဆရာ စသည်ဖြင့် မြန်မာစာပေ၊ သုတ၊ ရသစာပေနှစ်မျိုးစလုံးနှင့် ပတ်သက်သည့် အလုပ်အကိုင်များ ဆောင်ရွက်လုပ်ကိုင်ခဲ့ပါသည်။ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနတွင် လက်ထောက်အယ်ဒီတာအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်န ၀ါရီလ ၂၂ ရက်တွင် ကွယ်လွန်ခဲ့ပါသည်။

ကဗျာဆရာကြီး မောင်စန်းသော်၏ ကိုယ်ရေးအချက်အလက်အကျဉ်းကို တင်ပြရပါလျှင် ကဗျာဆရာကြီး မောင်စန်းသော်အား ၁၉၄၁ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့ တွင် မြင်းခြံခရိုင်၊ တောင်သာမြို့ နယ်၊ ကန်မြဲကျေးရွာတွင် အဖ ဦးဆက်၊ အမိ ဒေါ်ဖွားသီတို့က မွေးဖွားခဲ့ပါသည်။ ဆရာကြီးသည် မန္တလေးဆေးတက္ကသိုလ်တွင် ဆေးပညာရပ်များကို သင်ယူလေ့လာခဲ့ပြီး မန္တလေးဆေးတက္ကသိုလ်တွင်ပင် ခွဲစိတ်အထူးကုပညာရပ်များကိုလည်း လေ့လာသင်ယူခဲ့ပါသည်။ ဆရာကြီးသည် မန္တလေးဆေးရုံကြီး၊ လွိုင်ကော် (လွိုင်ကော်)၊ မုံရွာ၊ ကျိုင်းတုံဆေးရုံကြီးများတွင် ခွဲစိတ်အထူးကု ဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၀၂  ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။

ဒုတိယအနေနှင့် ကဗျာ ဆရာကြီးနှစ်ဦးတွင် တူညီသည့်သတင်း အချက်အလက်များ၊ တူညီစွာဖြတ်သန်းခဲ့ရသည့် အခြေအနေများကို ရှင်းလင်းတင်ပြပါမည်။ ကဗျာဆရာကြီးနှစ်ဦးသည် မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ကန်မြဲကျေးရွာတွင် မွေးဖွားကြသူများဖြစ်ပြီး ကဗျာဆရာကြီး ဦးတင်မိုးက ကဗျာဆရာကြီး မောင်စန်းသော်ထက် ရှစ်နှစ်ခန့် ကြီးသည်ကိုလည်း တွေ့ရှိရပါသည်။ ကဗျာဆရာကြီးနှစ်ဦးသည် ဘုန်းကြီးကျောင်းတွင် နေကြစဉ် အချိန်အခါက ဆွမ်းခံထွက်ရသည့်အခါ ကဗျာဆရာကြီး ဦးတင်မိုးက ကိုရင်ဝတ်ဖြင့် သပိတ်ပိုက်ထားရပြီး ကဗျာဆရာကြီး မောင်စန်းသော်က ဆွမ်းဟင်းများ လက်ခံရသည့် ဆွမ်းဗျတ်ကိုထမ်းပြီး ကိုရင်နောက်က လိုက်ရကြောင်း စာရေးသူအား ပြောပြပါသည်။

တတိယအနေဖြင့် ရန်ကုန်မြို့၊ ဘုရင့်နောင်လမ်းမကြီးဘေး၊ တိုက်ခန်းရှည် မြေညီထပ် အောက်ဆုံးထပ် တိုက်ခန်းတွင် ဖွင့်လှစ်ထားရှိသည့်  မြင်းပျံ ဘီယာဆိုင်တွင် စာရေးသူ၊ စာရေးသူ၏သူငယ်ချင်း မိတ်ဆွေ၊ ကဗျာဆရာကြီး ဦးတင်မိုး၊ ကဗျာဆရာကြီး မောင်စန်းသော်၊ ကဗျာဆရာကြီး ဦးတင်မိုး၏ မိတ် ဆွေနှစ်ဦးတို့နှင့်အတူ ပြောကြားခဲ့သည်များကို အခြေခံကာ စာရေးသူ ကြားသိ နားလည်ခဲ့ရသည်များကို ပြန်လည် ရှင်းလင်းတင်ပြပါမည်။

မြင်းပျံ ဘီယာ အရက်ဆိုင်တွင် ညနေအချိန်မှ စတင်ကာ ညလူခြေတိတ် မိုးချုပ်သည်အထိ ထိုင်ကြခြင်း ဖြစ်သဖြင့် အချိန်ကြာမြင့်စွာ စကားပြောကြပြီး ရှေးဟောင်းနှောင်းဖြစ် အတွေ့အကြုံများကို ပြောကြားကြခြင်းဖြစ်ပါသည်။ အထူးသဖြင့် ကဗျာဆရာကြီး ဦးတင်မိုးက သူ၏ ဘဝအတွေ့အကြုံများကို ပြောပြရာ စာရေးသူတို့မှာ ဆရာကြီး၏အတွေ့အကြုံများကို သိမြင်လေ့လာခွင့်ရရှိခဲ့ပါသည်။ စာရေးသူအနေဖြင့် မြင်း ပျံ ဘီယာအရက်ဆိုင်တွင် ထိုင်သည့် ရက်ကို အတိအကျ မမှတ်မိသော်လည်း ကဗျာဆရာကြီး ဦးတင်မိုးက ပြန်ရန်နှုတ်ဆက်သည့်အခါတွင် နိုင်ငံခြားတိုင်းပြည်သို့ သွားရောက်တော့မည်ဖြစ်ကြောင်း ပြောပြသ ဖြင့် စာရေးသူတို့ ဆိုင်ထိုင်သည့် ရက်သည် ၁၉၉၉ ခုနှစ် သြဂုတ်လ ၁၀ ရက်ခန့် ဖြစ်ပါသည်။

ကဗျာဆရာကြီး ဦးတင်မိုးက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ ၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်အုပ်ချုပ်ရေးခေတ်တွင် ဆရာကြီး တွေ့ကြုံခဲ့ရသည်များကို အသေးစိတ် ပြောပြပါသည်။ ဆရာကြီးက ခေတ်နှစ်ခေတ်တွင် တွေ့ကြုံခဲ့ရသည့် အလွဲအချော်များကို ပြောပြ ခဲ့သည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။

၁၉၉၁ ခုနှစ်ခန့် ဆရာကြီး ဖမ်းဆီးထိန်းသိမ်းခံရချိန်က ပြောပြသည့် အတွေ့အကြုံကလေးကို စာဖတ်သူများအား တင်ပြရပါလျှင် “ဆရာကြီးထံသို့ တာဝန်ရှိသည့် လူငယ်ကလေးတစ်ဦး ရောက်ရှိလာပြီး ဆရာကြီးနှင့် သဘောတရားရေးရာများကို ဆွေးနွေးကြောင်း၊ ဆရာကြီးက တာဝန်ရှိ လူငယ်ကလေးဆွေးနွေးသည့် သဘောတရားရေးရာများကို အသေးစိတ် ပြန်လည်ရှင်းလင်းပြောပြရာ လူငယ်ကလေးက ဆရာကြီးကို ကျွန်တော်နိုင်အောင် မဆွေးနွေးနိုင်ပါကြောင်း၊ ကျွန်တော်၏ ဆရာနှင့် ဆွေးနွေးရန်ပြောပြီး ဆွေးနွေးခြင်းကို ရပ်ဆိုင်းခဲ့ကြောင်းပြောပြပါသည်။”

ဆရာကြီး ဖမ်းဆီးထိန်းသိမ်းခံရသည့် အခြေအနေမှ လွတ်မြောက်ရန် အချိန်ကာလသို့ ရောက်ရှိသည့် အချိန်တွင်မူ တာဝန်ရှိသူများက ပြောပြသည့်အချက်ကလေးမှာ စိတ်ဝင်စားစရာကောင်းလှကြောင်း ပြောပြရာ “ဆရာကြီးမှာ အပြစ်မရှိပါဘူး။ ဆရာကြီးကို နိုင်ငံတော်က လိုအပ်လို့ ခေါ်ထားတယ်လို့ သဘောထားပေးပါ”လို့ ပြောကြားခဲ့ကြကြောင်း ကြားသိခဲ့ရသည်များကို ဆရာကြီးက ပြန်လည်ပြောပြရာတွင် လက်ကလေး လေးချောင်းကို ထောင်ပြကာ “နိုင်ငံတော်က လိုအပ်လို့ ခေါ်ထားတာ လေးနှစ်ကျော်ခန့် ကြာမြင့်ခဲ့ပါတယ်ဗျာ}} ဟု စာရေးသူတို့အား ရှင်းလင်း ပြောပြခဲ့ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်သော ကဗျာဆရာကြီး နှစ်ဦးဖြစ်သည့် ကဗျာဆရာကြီး ဦးတင်မိုးနှင့် ကဗျာဆရာကြီး မောင်စန်းသော်တို့ နှစ်ဦးအား လေးစားဂုဏ်ပြုခြင်း အထိမ်းအမှတ်အနေဖြင့်သော်လည်းကောင်း၊ ကဗျာဆရာကြီးတို့ နှစ်ဦးတို့၏ နေထိုင်ပြုမူသည့် အခြေအနေကို နောင်လာနောင်သားများ သိမြင်နိုင်စေရန်အတွက်သော်လည်းကောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ထွန်းပေါ်ပေါက်လျက်ရှိသည့် နိုင်ငံရေးအခြေအနေများကြောင့် ခံစားခဲ့ရသည်များကို အနည်းငယ် သိမြင်စေလိုသည့်အတွက်သော်လည်းကောင်း စာရေးသူ၏ ရေးသားတင်ပြချက်များမှတစ်ဆင့် အတုယူလေ့လာခြင်းများ၊ ဆင်ခြင်သုံးသပ်လေ့လာဆန်းစစ်ခြင်းများ ပြုလုပ်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

(ယခုဆောင်းပါးကို ရေးသားတင်ပြရန်အတွက် ကဗျာဆရာကြီး မောင်စန်းသော်၏ မိသားစုဝင်များနှင့် ဆက်သွယ်ပြီး ရှင်းလင်း တင်ပြနိုင်ခဲ့ပါသော်လည်း ကဗျာဆရာကြီး ဦးတင်မိုး၏ မိသားစုဝင်များနှင့်မူ ဆက်သွယ်နိုင်ခြင်း၊ ရှင်းလင်းတင်ပြ နိုင်ခြင်း မပြုလုပ်နိုင်ခဲ့ပါကြောင်း တင်ပြအပ်ပါသည်။)

Most Read

Most Recent