ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်၌ ပျံ့နှံလာသည့် ရုပ်သံဖိုင်တစ်ခုတွင် ရွှေထည်ပစ္စည်းများအပါအဝင် ဝိနည်းနှင့် ကိုက်ညီမှုမရှိသော ဝတ်စားဆင်ယင်မှုများလုပ်ဆောင်ခဲ့သည့် ရွှေကိုယ်တော်အမည်ရှိ ဆရာတော်အား တပ်ကုန်းမြို့နယ် သံဃာ့မဟာနာယကအဖွဲ့က ခေါ်ယူ၍ နောက်တွင် ယင်းသို့မဖြစ်စေရန် ဝန်ခံကတိ လက်မှတ်ထိုးခိုင်းထားကြောင်း သိရသည်။
“သူတို့ လူဝတ်တော့ မချွတ်ပါဘူး။ မြို့နယ်သံဃာ့နာယက၊ မဟန ဥက္ကဋ္ဌတွေက ခေါ်ပြီးတော့ ဝန်ခံကတိ လက်မှတ်ထိုးခိုင်းလိုက်တယ်။ နောက်နောင် ဒီလိုမဖြစ်စေရပါဘူးဆိုတဲ့ ဝန်ခံကတိပေါ့” ဟု နေပြည်တော် ပဋိယတ္တိစာသင်တိုက်တစ်ခုမှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။
ဝိနည်းနှင့်မကိုက်ညီမှုမရှိသည့် ရွှေထည်လက်ဝတ်ရတနာများ ဝတ်ဆင်သောကြောင့် လူမှုကွန်ရက်တွင် နာမည်ကြီးခဲ့သော ရွှေကိုယ်တော်အမည်ရှိ ဆရာတော်ကို တပ်ကုန်းမြို့နယ် သံဃနာယကအဖွဲ့က မတ် ၁၉ ရက်ကခေါ်ယူ၍ ဆုံးမဩဝါဒပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်က တပ်ကုန်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ပြုလုပ်သော ရှင်ပြု၊ ရဟန်းခံ အခမ်းအနားတခု၌ ရွှေကိုယ်တော်အမည်ရှိ ဆရာတော်၏ ရွှေဆွဲကြိုးများ၊ ရွှေလက်စွပ်များ၊ ရွှေဟမ်းချိန်များနှင့် ပန်းကုံးများ ဝတ်ဆင်၍ စီးကရက်သောက်နေသည့် ဓာတ်ပုံအချို့ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။
အထက်ပါကိစ္စနှင့်ပတ်သက်ပြီး လူမှုကွန်ရက်အသုံးပြုသူများအကြားဝေဖန်မှုမြင့်တက်ခဲ့ပြီးနောက်ပိုင်းတွင် မြို့နယ်သံဃနာယကအဖွဲ့မှက ရွှေကိုယ်တော်အမည်ရှိ ဆရာတော်အား ခေါ်ယူ သတိပေးခဲ့ရာတွင် အဆိုပါ ဆရာတော်မှ နောက်နောင်တွင် ယင်းကဲ့သို့ မဖြစ်စေရပါဆိုသော ခံဝန်ကတိ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ရွှေထည်ပစ္စည်းများ ဝတ်ဆင်မှုကြောင့် လူမှုကွန်ရက်တွင် အဝေဖန်ခံခဲ့ရသည့် ရွှေကိုယ်တော် အမည်ရ ဆရာတော်သည် နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ရေအေးရွာကျောင်းတိုက်မှ ဆရာတော်ဖြစ်ကြောင်း သိရသည်။















