လူစိမ်းများ၏ အသံကိုကြားသည့်အချိန်တိုင်း အက်ဇ်ကာမာလာ နာမာလိခ်သည် ၎င်း၏ဖခင်ဖြစ်သူ ပေါင်ပေါ်သို့တက်၍ ရင်ခွင်အတွင်းသို့ ခေါင်းကိုတိုးဝှေ့ကာ ငိုကြွေးလေ့ရှိသည်။
“ခင်ဗျားတို့သူတို့နားလည်ပေး လိုက်ကြပါ”ဟု အက်ဇ်ကာ၏ဖခင် မူဟာမက်အက်ကာက ပြောကြားခဲ့ပြီး သားဖြစ်သူကို ယင်းကဲ့သို့ဖြစ်ပွားစေခဲ့သည့်အကြောင်းအရင်းကို ပြန်ပြောင်းပြောပြခဲ့သည်။
ငလျင်လှုပ်ခတ်မှုကြောင့် အိမ်ပြိုကျသည့်အချိန်တွင် အက်ဇ်ကာသည် အသက် ငါးနှစ်အရွယ်သာရှိသေးပြီး ကွန်ကရစ်၊စတီးနှင့်အပျက်အစီးတန်ပေါင်းများစွာအောက်တွင် နှစ်ရက်ကြာ ပိတ်မိနေခဲ့ပြီးနောက် ၎င်းကို အပျက်အစီးများကြားမှကယ်တင်ခဲ့ရသည့်အတွက် လူစိမ်းများတည်ရှိနေလျှင် အက်ဇ်ကာအား ယင်းအဖြစ်အပျက်ကို ပြန်လည်အမှတ်ရမိစေသကဲ့သို့ဖြစ်နေသောကြောင့်ဖြစ်သည်။
အက်ဇ်ကာသည် အင်ဒိုနီးရှားနိုင်ငံ ဆီရန်ဂျာမြို့တွင် လွန်ခဲ့သည့်နှစ် နိုဝင်ဘာ ၂၁ ရက်က ဖြစ်ပွားသည့် ရစ်ချ်တာစကေး ၅ ဒသမ ၆ ပြင်းအားရှိငလျင်တစ်ခုလှုပ်ခတ်မှုတွင် အသက်ရှင်ကျန်ရစ်သူဖြစ်သည်။ ယင်းငလျင်ကြောင့်အက်ဇ်ကာ၏ မိခင်နှင့် အဖွားအပါအဝင်လူပေါင်း ၆၀၃ ဦးသေဆုံးခဲ့သည်။
“အက်ဇ်ကာရဲ့တုန်လှုပ်ဖွယ်အတွေ့အကြုံအမှတ်ရစရာတွေ ပြန်ပေါ်လာနိုင်တဲ့အရာတွေ အများအပြားရှိပါတယ်”ဟုအသက် ၃၈နှစ်အရွယ်ဖခင်အက်ကာကဆိုသည်။ သူသည်၎င်းမိသားစု နေထိုင်သော ငလျင်ဒဏ်သင့်ဆီရန်ဂျာမြို့မှ နှစ်နာရီခွဲနီးပါးကြာသွားလာရသည့် ဝေးလံခေါင်သီသောရွာလေးတစ်ရွာဖြစ်သည့် ဆီပွန်ကောရှိ အက်ဇ်ကာ၏အဖွားပိုင်ဆိုင်သော သစ်သားအိမ်လေးထဲတွင် စီအန်အေသတင်းဌာန၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။
ကျယ်လောင်သောအသံများသည် အက်ဇ်ကာကိုထိတ်လန့်စေသည့်အပြင် ၎င်းတို့လက်ရှိနေထိုင်နေသည့် သစ်သားအိမ်တွင်လှုပ်ခတ်မှုအနည်းငယ်ကပင် ၎င်းကိုတုန်လှုပ်စေသည်။
အက်ဇ်ကာသည် အိပ်ပျော်ရန် ကြိုးပမ်းနေချိန် မျက်နှာကြက်ကိုတစ်ခါတစ်ရံ ကြည့်နေတတ်ပြီး အချိန်မရွေးယင်းမျက်နှာကြက်သည်၎င်း၏ ခေါင်းပေါ်ပြုတ်ကျလာနိုင်သည့်အပေါ် စိုးရိမ်နေသည်ဟု ဖခင်ဖြစ်သူက ပြောပြခဲ့သည်။
အက်ဇ်ကာသည်မျက်နှာကြက် ပြိုကျလာမည့်အရေးကို ယုံမှားသံသယလွန်ကဲသည့်အချိန်မျိုးတွင်၎င်း အဖွား၏နေအိမ်အရှေ့ဆင်ဝင်တွင် သူ့အတွက်ပြုလုပ်ပေးထားသော ၎င်းအကြိုက်ဆုံးကာတွန်းဇာတ်ကောင်များဖြင့် ဒီဇိုင်းဆင်ပေးထားသည့် လိမ္မော်ရောင်တဲလေးတွင်ညဘက်အိပ်စက်လေ့ရှိသည်။
“အဲလိုမှမဟုတ်ရင် သူမအိပ်တော့ပါဘူး”ဟု အိမ်အရှေ့ဘက်၌ ညအချိန်ကုန်ဆုံးလေ့ရှိသည့် အက်ဇ်ကာ၏အကြောင်းကို ရည်ညွှန်း၍ဖခင်ဖြစ်သူက ပြောပြခဲ့ပြီး “ဒါပေမဲ့သူဟာ သန်မာတဲ့ကောင်လေးတစ်ယောက်ပါ”ဟု တစ်ချို့ရက်များတွင် စိတ်ဒဏ်ရာပြန်လည်ဖြစ်ပေါ်ခံစားတတ်သည့် အက်ဇ်ကာအပေါ် ယုံကြည်မှုရှိနေသည့် ဖခင်ဖြစ်သူက ပြောကြားခဲ့သည်။
အက်ဇ်ကာတို့မိသားစုနေထိုင်သောဆီရန်ဂျာမြို့ရှိ ရာဝါဆီနာရွာ၏အောက်ဘက်တွင် ယခင်ကမကြုံဖူးသော ပြတ်ရွေ့ကြောတစ်ခုတိုက် ရိုက်ရှိနေသည်ဟု သိပ္ပံပညာရှင်များက ယူဆထားကြသည်။
နိုဝင်ဘာ ၂၁ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင် ငလျင်လှုပ်ခတ်ချိန်၌ ရာဝါစီနာရွာရှိနေအိမ် ၈၀ ရာခိုင်နှုန်းဝန်းကျင် လုံးလုံးလျားလျား ပျက်စီးခဲ့သည်။
ငလျင်လှုပ်ခတ်ချိန်တွင်အက်ဇ်ကာသည် မိခင်နှင့်အဖွားဖြစ်သူတို့နှင့်အတူရှိနေပြီး ဖခင်အက်ကာကမူ အလုပ်ကိစ္စဖြင့် မြို့ပြင်သို့ရောက်ရှိနေကာ ၎င်း၏ဆယ်ကျော်သက်အမဖြစ်သူ အယ်ဆာ ရမ်မာဝတီသည် ကျောင်းမှနေအိမ်သို့ ပြန်လာခဲ့သည်။ ၎င်းတို့အိမ်၏ ဒုတိယအဆင့်သည် ကြမ်းပြင်ပေါ်သို့ ပြိုကျလာချိန်တွင် အက်ဇ်ကာသည် အိပ်ရာပေါ်တွင်လဲလျောင်းနေကာ၎င်း၏ တက်ဘ်လက်နှင့် ဗီဒီယိုများကိုကြည့် နေချိန်ဖြစ်ပြီး သူသည်ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ များများစားစားမမှတ်မိနိုင်တော့ကြောင်း အက်ကာက ပြောကြားခဲ့သည်။ ကုတင်ဘောင်နှင့် ၎င်း၏အကြိုက်ဆုံးခေါင်းအုံးသည် အက်ဇ်ကာအား ကွန်ကရစ်အပျက်အစီးများပြိုကျမှုမှ ကာကွယ်ပေးခဲ့သည်။
နှစ်ရက်အကြာတွင် အက်ဇ်ကာအား အပျက်အစီးများအောက်တွင် မလှုပ်ရှားနိုင်တော့သည့်အခြေအနေတွင်ရှိနေပြီး အပျက်အစီး၏ အလေးချိန်ကြောင့်၎င်း၏ဦးခေါင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကိုမလှုပ်နိုင်သော်လည်း လက်မောင်းတစ်ဖက်လှုပ်ရှားနိုင်သေးသည်။ ယင်းအခြေအနေကြောင့် ၎င်း၏အိပ်ရာနံဘေးတွင် မိခင်ဖြစ်သူကထားလေ့ရှိသော ရေဘူးတစ်ဘူးကိုလှမ်းယူ၍ သောက်သုံးနိုင်သောကြောင့် ရေဓာတ်ပြည့်နေခြင်းဖြစ် သည်။
“သူရဲ့ အမေ၊အမနဲ့အဖွားအတွက် ငိုကြွေးပေမယ့် ဘယ်သူမှရောက်မလာကြဘူးလို့ အက်ဇ်ကာက ပြောပြပါတယ်”ဟု ဖခင်အက်ကာက ဆိုသည်။
အက်ဇ်ကာ၏အကြောင်းသည် အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းတွင်သတင်းထူးဖြစ်သွားခဲ့ပြီး ဆီရန်ဂျာ၏ အမှောင်ထုနေ့ရက်များအတွင်းအံ့သြဖွယ်တစ်ရပ်အဖြစ် ချီးကျူးခဲ့ကြသည့်အပြင် မျှော်လင့်ချက်လက္ခဏာတစ်ရပ်လည်းဖြစ်ခဲ့သည်။














