မကြာသေးမီက မြောက်ကိုရီးယား၏ အင်အားအပြင်းဆုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ၎င်း၏သမီးဖြစ်သူနှင့်အတူ ကြီးကြပ်ကွပ်ကဲခဲ့သည်ဟု မတ်လ ၁၇ ရက်က နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည့် ဓာတ်ပုံများထဲတွင် ဖော်ပြခဲ့သည်။
ယခုနှစ်အတွင်း မြောက်ကိုရီးယား၏ ဒုတိယမြောက် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ICBM စမ်းသပ်မှုဖြစ်သည့် မတ်လ ၁၆ ရက်က ပစ်လွှတ်မှုတွင် Hwasong -17 ဒုံးကျည်တစ်စင်းပါဝင်သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့ပြီး ယင်းသည် အမေရိကန်နှင့် တောင်ကိုရီးယား၏ ပူးတွဲစစ်ဆင်ရေးများကို တုံ့ပြန်သည့်အနေဖြင့် ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု ထပ်လောင်းဖော်ပြခဲ့သည်။
နိုင်ငံပိုင် Rodong Sinmum သတင်းစာတွင်ဖော်ပြခဲ့သည့် ဓာတ်ပုံများထဲတွင် ကင်သည် ကျွမ်းကျင်သူများက ‘ဧရာမ ဒုံးကျည်’ ဟု အမည်ပေးထားသည့် အနက်ရောင်နှင့်အဖြူရောင် ဆေးခြယ်ထားသည့် Hwasong-17 ဒုံးကျည်ပစ်လွှတ်မှုကို ကြည့်ရှုနေပုံကို ဖော်ပြခဲ့သည်။
အချို့ ဓာတ်ပုံများတွင် ကင်သည် သူ့သမီးနှင့်အတူ ဒုံးကျည်ပစ်လွှတ်မှုကို ကြည့်နေပုံများကို ဖော်ပြခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာသည် ကင်၏ သမီးဖြစ်သူ၏ အမည်ကို မည်သည့်အခါမျှ ထုတ်ဖော်ခဲ့ခြင်း မရှိသော်လည်း တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့ကမူ ယင်းမိန်းကလေးသည် ကင်၏ ဒုတိယမြောက်ကလေးဖြစ်ပြီး ၎င်း၏အမည်မှာ ကင်ဂျူအဲဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ယင်းဒုံးကျည်ပစ်လွှတ်မှုသည် ICBM တပ်ဖွဲ့၏ စစ်ပွဲအတွက် အသင့်အနေအထားရှိနေမှုကို အတည်ပြုခြင်းဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးအပေါ် ဆိုးရွားသည့် သက်ရောက်မှုမရှိခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားက လတ်တလောစမ်းသပ်ခဲ့သည့် ပဲ့ထိန်းဒုံးကျည်သည် ကီလိုမီတာ ၁,၀၀၀ (မိုင် ၆၂၀) ခန့် ပျံသန်းရောက်ရှိခဲ့ပြီး အမြင့်ကီလိုမီတာ ၆,၀၀၀ အထိ အမြင့်ဆုံး ရောက်ရှိခဲ့ကာ ပျံသန်းချိန် မိနစ် ၇၀ ကြာမြင့်ခဲ့ကြောင်း တောင်ကိုရီးယားနှင့် ဂျပန်တို့က သုံးသပ်ခဲ့သည်။
ယင်းသည် အမေရိကန်ပြည်ထောင်စု အတွင်းပိုင်းအထိ နက်နက်ရှိုင်းရှိုင်း ရောက်ရှိနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သော ပြီးခဲ့သည့် ဖေဖော်ဝါရီလထဲတွင် မြောက်ကိုရီးယားက စမ်းသပ်ခဲ့သည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်နှင့် ပျံသန်းမှုပုံစံချင်း တူညီနေသည်ဟုလည်း သိရသည်။
ယင်းဒုံးကျည်သည် ကိုရီးယားကျွန်း ဆွယ်နှင့် ဂျပန်နိုင်ငံအကြားရှိ ရေပြင်ထဲသို့ ကျရောက်ခဲ့သည်ဟု ဂျပန်က ဆိုသည်။ ၎င်းဒုံးကျည်သည် ဂျပန်၏ အထူးစီးပွားရေးဇုန်အပြင်ဘက်တွင် ကျရောက်ခဲ့ခြင်းဖြစ်ကာ သင်္ဘောနှင့် လေယာဉ်များ ထိခိုက်မှုဖြစ်ပွားခဲ့သည့် သတင်းများ ထွက်ပေါ်ခြင်းမရှိကြောင်းလည်း ဂျပန်က ပြောကြားခဲ့သည်။
“ပြုံယမ်းမြို့ ဆူနန်ဒေသတစ်ဝိုက်ကနေ ပစ်လွှတ်လိုက်တဲ့ တာဝေးပစ် ပဲ့ထိန်းဒုံးကျည် တစ်စင်းကို ထောက်လှမ်းတွေ့ရှိခဲ့တယ်” ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က မတ်လ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းသည် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် အမျိုးအစားဖြစ်သည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။














