တစ်ကမ္ဘာလုံး ဘဏ်လုပ်ငန်းအကျပ်အတည်းနှင့်ပတ်သက်၍ စိုးရိမ်မှုများက စျေးကွက်ကို ခွက်ခွက်လန်အရှုံးပေါ်စေခဲ့ပြီးနောက် မိမိတို့သည် ဆွစ်ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ၅၃ ဒသမ ၇ ဘီလျံအထိ ချေးယူမည်ဟု ခရက်ဒစ်ဆွီဘဏ်က ထုတ်ပြန်လိုက်ရာ မတ်လ ၁၆ ရက်တွင် ယင်းဘဏ်၏ ရှယ်ယာစျေး ၃၀ ရာခိုင်နှုန်းကျော် ပြန်လည်မြင့်တက်လာသည်။
ဥရောပကူးသန်းရောင်းဝယ်ဘဏ်ကြီးဖြစ်သော Credit Suisse (ခရက်ဒစ်ဆွီ) နှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေခြင်းကြောင့် စတော့စျေးများ အနှ့ံ ကူးစက်လာနိုင်သည်ဟုသော ပြောဆိုမှုများရှိနေခြင်းနှင့်အတူ ဘဏ်များကပင် ထပ်မံဦးဆောင်ကာ မတ်လ ၁၆ ရက်တွင် အာရှစျေးကွက်များသည် ကျဆင်းခဲ့ရသည်။
လွန်ခဲ့သောရက်ပိုင်းက အမေရိကန်ဒေသဆိုင်ရာဘဏ်နှစ်ခု ပြိုလဲသွားခြင်းက အီကွီတီစျေးကွက်များတွင် ရှယ်ယာထုတ်ရောင်းမှုများကို ဖြစ်ပေါ်စေကာ တစ်ကမ္ဘာလုံးစီးပွားရေးကျဆင်းသွားမည်ဟူသော စိုးရိမ်မှုများကို မြင့်တက်လာစေခဲ့ပြီးနောက်ပိုင်း အထိတ်တလန့်ဖြစ်နေသော ရင်းနှီးမြှုပ်နှံသူများသည် ကျီးလန့်စာစားဖြစ်နေကြသည်။
အကျပ်အတည်းကို ထိန်းချုပ်ရမည်ဟု မျက်မှောက်ရေးရာသတင်းတင်ဆက်သူများက ပြောကြားပြီး အဓိကအကျဆုံးငွေထုတ်ချေးသူများမှာ ပြိုလဲသွားသော Silicon Valley Bank နှင့် Signature Bank တို့နှင့် ထိတွေ့မှု အနည်းငယ်သာရှိသည်ဟု ဆိုသည်။ သို့ရာတွင် ဆွစ်ဇာလန်ဘဏ်ကြီး ခရက်ဒစ်ဆွီ ဒုက္ခရောက်နေသည်ဟူသော သတင်းက ကုန်သည်များ ဘေးကင်းရာနေရာကို ထွက်ပြေးရမည့်ကိန်းဆိုက်စေခဲ့သည်။
ဆွစ်ဇာလန်ဒုတိယအကြီးဆုံးဘဏ်ဖြစ်သော ခရက်ဒစ်ဆွီသည် ၎င်း၏ အဓိကအစုရှယ်ယာရှင်ဖြစ်သော ဆော်ဒီအမျိုးသားဘဏ်က ခရစ်ဒစ်ဆွီကို ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့များ လုံးလုံးပေးတော့မည်မဟုတ်ဟု ပြောကြားခဲ့ပြီးနောက် ခရက်ဒစ်ဆွီရှယ်ယာစျေး ၂၅ ရာခိုင်နှုန်းနီးပါး ထိုးကျခဲ့သည်။
လုပ်ငန်း၏ ဘဏ္ဍာရေးပိုင်းထိန်းချုပ်မှုများတွင် ချို့ယွင်းချက်များရှိနေသည်ဟု ခရက်ဒစ်ဆွီဘဏ်၏ တစ်နှစ်တာအစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် တစ်ရက်အကြာတွင် ဘဏ်၏ရှယ်ယာစျေးများ ထိုးကျသွားခြင်းဖြစ်သည်။
ဘဏ်၌ ငွေလုံးငွေရင်းအနေအထားနှင့် ငွေပေါ်လွယ်မှုအနေအထားတို့ အလုံအလောက်ရှိသည်ဟု ဆွစ်ဇာလန်ဗဟိုဘဏ်က ပြောကြားခဲ့သော်လည်း ခရက်ဒစ်ဆွီဘဏ်အတွက် ငွေပေါ်လွယ်မှု ဖြစ်လာအောင် ဆောင်ရွက်ပေးရန် အဆင်သင့်ရှိနေသည်ဟု ပြောကြားထားသည်။
ခရစ်ဒစ်ဆွီအုပ်စုကို ကူညီရေးအတွက် အမေရိကန်ဒေါ်လာ ၅၄ ဘီလျံနီးပါးကို ချေးယူမည်ဟု ယင်းဘဏ်က ထုတ်ပြန်ခဲ့ပြီးနောက် ၎င်း၏ရှယ်ယာစျေး ပြန်တက်လာခဲ့သည်။
၂၀၀၈ တစ်ကမ္ဘာလုံး ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပေါ်ခဲ့ပုံကြောင့် လက်ရှိအနေအထားတို့က ငွေကြေးစျေးကွက်များကို အထိတ်တလန့်ဖြစ်စေခဲ့သည်။
ဆွစ်ဇာလန်ဘဏ်(ခရက်ဒစ်ဆွီ)၏ ရှယ်ယာစျေးများထိုးကျခြင်းမှာ အကြောင်းမဲ့သက်သက်ဖြစ်သည်ဟု ခရက်ဒစ်ဆွီ၏ အကြီးဆုံးရှယ်ယာရှင်ဖြစ်သော ဆော်ဒီအမျိုးသားဘဏ်၏ ဥက္ကဋ္ဌအမ်မာအယ်လ်ခူဒိုင်ရီက မတ်လ ၁၆ ရက်တွင် CNBC သတင်းဌာန၏ဟာ ဒလေဂမ်းဘဲလ်ကို ပြောကြားခဲ့သည်။
“ဘဏ်လုပ်ငန်းနယ်ပယ်တစ်ခုလုံး ကံမကောင်းစွာဘဲ ကျဆင်းသွားပုံကို ခင်ဗျားကြည့်လိုက်မယ်ဆိုရင် လူအတော်များများက ဆင်ခြေတွေကိုရှာနေတာပဲတွေ့ရမှာပါ”ဟု အမ်မာအယ်လ်ခူဒိုင်ရီက ပြောကြားသည်။
“ဒါဟာ ထိတ်ထိတ်ပျာပျာဖြစ်တာပါ။ နည်းနည်းလေး ထိတ်ထိတ်ပျာပျာဖြစ်သွားတာပါ။ ဒါဟာ ခရက်ဒစ်ဆွီဘဏ်အတွက်ပဲဖြစ်ဖြစ် စျေးကွက်တစ်ခုလုံးအတွက်ပဲဖြစ်ဖြစ် လုံးလုံး အကြောင်းမဲ့သက်သက်ပဲလို့ ကျွန်တော် ယုံကြည်ထားပါတယ်”ဟု ၎င်းက CNBC ၏ Capital Connection အစီအစဉ်တွင် ပြောကြားသည်။














