UEC သို့ လာရောက်လျှောက်ထားသည့်ပါတီ ၂၃ ပါတီရှိပြီး ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ငါးပါတီနှင့် တိုင်း (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီ ၁၈ ပါတီရှိ

UEC သို့ လာရောက်လျှောက်ထားသည့်ပါတီ ၂၃ ပါတီရှိပြီး ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ငါးပါတီနှင့် တိုင်း (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီ ၁၈ ပါတီရှိ
Published 15 March 2023

ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၄ ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့ လာရောက်လျှောက်ထားသည့် ပါတီ ၂၃ ပါတီရှိပြီး ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ငါးပါတီနှင့် တိုင်း (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် ပါတီ ၁၈ ပါတီရှိကြောင်း သိရသည်။

မတ် ၁၃ ရက်အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ခြောက်ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၁၇ ပါတီရှိသည့်အတွက် လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ စုစုပေါင်း ၂၃ ပါတီရှိပြီ ဖြစ်ကြောင်း UEC က ထုတ်ပြန်သည်။

မတ် ၁၄ ရက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (United Nationalities Democracy Party) တို့သည် ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လာရောက်လျှောက်ထားခဲ့သည့်အတွက် လာရောက်လျှောက်ထားသည့်ပါတီ ၂၃ ပါတီ ရှိလာပြီဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် UEC သို့ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၂၃ ပါတီရှိပြီး ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ငါးပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၁၈ ပါတီဖြစ်ပြီး အဆိုပါ ပါတီများကိုတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ် ဆောင်ရွက်လျက်ရှိကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော နိုင်ငံရေး ပါတီ ခြောက်ပါတီမှာ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ဝံသာနုပါတီ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီနှင့်  ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ကြောင်း UEC က ထုတ်ပြန်သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော နိုင်ငံရေးပါတီ ၁၈ ပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ(MPD)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်)၊ အမျိုး သားဒီမိုကရေစီပါတီသစ်၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ပြည်သူ့အင်အားပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (S.S.P)၊ လူထုပါတီ (The Party of People)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) တို့ဖြစ်သည်။

နစကအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ဥပဒေအမှတ် (၁၅/၂၀၂၃) ဖြင့်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့်လည်းကောင်း၊ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့နှင့်စပ်လျဉ်း၍ ကြေညာချက်အမှတ် (၂/၂၀၂၃)၊ (၃/၂၀၂၃) တို့ဖြင့်လည်းကောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent