အနောက်ကမ္ဘာ၏ လျစ်လျူရှုမှုနှင့် အလက်ပိုပြည်သူများ၏ စိတ်ပျက်မှု

အနောက်ကမ္ဘာ၏ လျစ်လျူရှုမှုနှင့် အလက်ပိုပြည်သူများ၏ စိတ်ပျက်မှု
Photo: Reuters
Photo: Reuters
Published 25 February 2023
TRANSLATED -ခက်ဝေ

ဖေဖော်ဝါရီ ၆ ရက်က အင်အားပြင်းငလျင်များ လှုပ်ခတ်ခဲ့ပြီးနောက် သီတင်းပတ်ချီကြာမြင့်လာသည့်အထိ ဆီးရီးယားသို့ နိုင်ငံတကာအကူအညီများ ရောက်ရှိရေးမှာမလွယ်ကူသေးပေ။ ထို့ကြောင့်  နိုင်ငံခြားအကူအညီပေးပို့မှုများ အဆင်ပြေချောမွေ့အောင် အနောက်အုပ်စုနိုင်ငံများဘက်က  ဆီးရီးယားအစိုးရအပေါ်ချမှတ်ထားသည့် ဒဏ်ခတ်ပိတ် ဆို့မှုများကို ဖယ်ရှားပေးရန် တောင်းဆိုမှုများ များပြားလာသည်။

ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်း အလက်ပိုမြို့တွင် လူသားချင်းစာနာထောက်ထားမှုများ ကူညီဆောင်ရွက်ပေးနေသည့် မြို့ခံဆရာဝန်တစ်ဦးက အလက်ပိုပြည်သူများသည် အနောက်ကမ္ဘာ၏ ပစ်ပယ်မှုကိုခံနေရသည်ဟု ခံစားနေရကြောင်း ပြင်သစ်နိုင်ငံပိုင် ရုပ်သံ France 24 ကို ပြောဆိုထားသည်။

၁၂ နှစ်ကြာ စစ်ပွဲကြောင့် လူသားချင်းစာနာရေး၊ စီးပွားရေးနှင့်လုံခြုံရေးအကျပ်အတည်း ဆိုက်နှင့်ပြီးသား နိုင်ငံမှာမှ ငလျင် ဘေးကျရောက်လာခြင်းသည် ပြည်သူများအတွက် တစ်ပူပေါ်နှစ်ပူဆင့် အထိနာစေခဲ့သည်။ ၂၀၁၁ ခုနှစ်ကတည်းက နိုင်ငံတကာ ပိတ်ဆို့မှုများအောက်တွင် ဆီးရီးယားနိုင်ငံသည် အစိတ်အပိုင်းနှင့် သူပုန်လက်အောက်ခံ အစိတ်အပိုင်းဟူ၍ ကွဲနေခဲ့သည်။

ဒမတ်စကက်မြို့သို့ အယ်လ်ဂျီးရီးယား၊ တူနီးရှား၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျ၊ လက်ဘနွန်စသည့်  အာရပ်နိုင်ငံများမှ ကူညီထောက်ပံ့ ရေးလေယာဉ်များသာ ပုံမှန်ဆိုက်ရောက်လာခဲ့ပြီး အနောက်နိုင်ငံများ၏ ထောက်ပံ့မှုအများစုက ရောက်မလာသေးပေ။

ယင်းသို့ဖြစ်ရခြင်းက အမေရိကန်၊ ပြင်သစ်နှင့် ဥရောပနိုင်ငံအများစုက သံတမန်ဆက်ဆံရေးပျက်ပြားထားသည်မှာ နှစ်ချီကြာ မြင့်နေပြီဖြစ်သည့် ဆီးရီးယားအစိုးရလက်သို့ အကူအညီများ တိုက်ရိုက်ပေးအပ်ရန် ငြင်းဆန်ထားခြင်းကြောင့်ဖြစ်သည်။

အလက်ပိုမြို့၏အခြေအနေကို France 24 ရုပ်သံသို့ ရင်ဖွင့်လာသည့် ဒေါက်တာနာဘီ အန်တာကီ (Blue Marists  ခရစ်ယာန်ဗော် လန်တီယာအဖွဲ့ကို  ဦးဆောင်နေသည့် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာဆရာဝန်)က အနောက်ကမ္ဘာ၏ အကူအညီမရသည်မှာ ကြား၍ပင်မကောင်းဟုဆိုကာ ဖြူခါပြာခါကျနေသည့်နိုင်ငံကို အရေးယူပိတ်ဆို့ထားခြင်းများ ရုပ်သိမ်းပေးပါဟု တိုက်တွန်းခဲ့သည်။

ဒေါက်တာနာဘီအဆိုအရ တူရကီမြို့ကြီးများ ဖြစ်သည့် မားရတ်စ်၊ အန်တက်ကယာ၊ ဂါဇီယန်တပ်တို့က အလက်ပိုမြို့ထက် ပိုအထိ နာခဲ့သည်။ အလက်ပိုတွင် အဆောက်အအုံ ၆၀ ပျက်စီးခဲ့ပြီး  အဆောက်အအုံ ၂၀၀ က ဆက်နေထိုင်ရန် မသင့်တော်တော့သည့်အတွက် ဖြိုချရမည်ဖြစ်ကာ ပြန်လည်ပြုပြင်ရမည့်အဆောက်အအုံ ထောင်နှင့်ချီရှိသည်။ ပြည်သူသိန်းနှင့်ချီ အိမ်ခြေမဲ့သွားသည်။

ငလျင်လှုပ်သည့်နေ့ မနက် ၄း၁၇ အချိန်တွင် လူအားလုံး ညအိပ်ဝတ်စုံများဖြင့် လမ်းပေါ်ပြေးထွက်လာကြသည်။ ထိုအချိန်က အပြင်တွင်အရမ်းအေးနေသည်။ အားလုံးကကြောက်လန့်နေပြီး ခရစ်ယာန်ဘုရားကျောင်းများ၊ ဗလီများ၊ စာသင်ကျောင်းများတွင် သွားနေလိုက်ရသည်။ ငလျင်လှုပ်ပြီး နာရီဝက်အကြာတွင် Blue Marists အဖွဲ့က ခိုလှုံသူများကို စတင်လက်ခံခဲ့သည်။ သို့သော် တဖြည်းဖြည်းနှင့် ကြီးကြီးမားမား ထိခိုက်မှုမရှိသည့် နေအိမ်ပိုင်ရှင်များက ၎င်းတို့အိမ်များသို့ ပြန်သွားကြသည်။

သို့သော် ဖေဖော်ဝါရီ ၂၀ ရက်ညနေပိုင်းက ငလျင်ထပ်လှုပ်သည့်အတွက် လမ်းပေါ်သို့ ပြည်သူများပြန်ရောက်လာကာ Blur Marists အဖွဲ့က လူ ၁၀၀၀ ကို ထပ်မံလက်ခံလိုက်ရ ပြန်သည်။

 

အလက်ပိုပြည်သူများ၏ လိုအပ်ချက်

အလက်ပိုတွင် ငလျင်ကြောင့်  ဒဏ်ရာပြင်းစွာရသူ သိပ်မများသည့်အတွက် အခြေခံဆေးပစ္စည်းများ လုံလောက်သည်ဟုဆိုနိုင်သည်။ သို့သော် ခေတ်မီစက်ပစ္စည်းများ မရှိပေ။ ပိတ်ဆို့မှုများကြောင့် ယင်းစက်ကိရိယာများကို မတင်သွင်းနိုင်ဟု ဒေါက်တာ နာဘီက ဆိုသည်။

နောက်လိုအပ်ချက်က လောင်စာဆီဖြစ်သည်။ လောင်စာကို ခွဲတမ်းချသုံးနေရပြီး ၂၅ ရက်ကို လီတာ ၂၀ သာ သုံးခွင့်ရှိသည်။ သယ်ယူပို့ဆောင်ရေး ခက်ခဲသည့်အတွက် ပြီးခဲ့သည့် ဒီဇင်ဘာတွင် အစိုးရက စာသင်ကျောင်းများ၊ တက္ကသိုလ်များနှင့် အစိုးရရုံးများကို တစ်ပတ်ပိတ်ခိုင်းခဲ့သည်။ လျှပ်စစ်မီးကလည်း အကန့်အသတ်နှင့်ပင်ဖြစ်ပြီး တစ်နေ့ကို မီးနှစ်နာရီသာ ရသည်။ ယခုဆောင်းတွင်းကာလတွင် အအေးဒဏ်ကို ပိုခံစားနေရသည်။

 

မြေပြင်အခြေအနေ

အယ်လ်ဂျီးရီးယား၊ တူနီးရှား၊ မော်ရိုကို၊ လက်ဘနွန်၊ ဂျော်ဒန်နှင့် အီရတ်တို့မှ အကူအညီများရသော်လည်း အနောက်နိုင်ငံများက အာဆတ်အုပ်ချုပ်သည့်နိုင်ငံကို မကူညီနိုင်ဟုဆိုကာ ထောက်ပံ့ရေးပစ္စည်းများ ပို့မပေး၊ အလက်ပိုပြည်သူများက ဆီးရီးယားသူပုန်ထိန်းချုပ်သည့်ဒေသမှ (သို့မဟုတ်) တူရကီမှ ငလျင်ဒဏ်ကြုံခဲ့သူများလောက် မခံစားနေရ သည့်အလားဟု ဒေါက်တာနာဘီက ဆိုသည်။နိုင်ငံရေးကို လူသားချင်းစာနာမှုကိစ္စရပ်များနှင့် မရောထွေးသင့်။ အနောက်နိုင်ငံအစိုးရများက ယင်းကို လက်မခံသည်မှာ စိတ်မကောင်းစရာဟုလည်း ၎င်းက ဆိုသည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယူရို ၁၂ သန်း ထုတ်ပေးထားသည်ဟုဆိုပြီး တစ်ဝက်က နိုင်ငံတကာအသင်းအဖွဲဲ့များမှတစ်ဆင့်ပေးမည်ဖြစ်ကာ နောက်တစ်ဝက်က မြေပြင်တွင်ကွင်းဆင်းကူညီနေသည့်  NGO များမှတစ်ဆင့်ပေးမည်ဟုဆိုသော်လည်း မည်သည့်အကူအညီမျှ ၎င်းတို့ မတွေ့ရသေး။

အမေရိကန်က  လူသားချင်းထောက်ထားသည့် အကူအညီများအတွက် ပိတ်ဆို့မှုများကို ခြောက်လဖြေလျှော့ပေးထားသည် ပြောပြီး မူအားဖြင့်  လူသားချင်းထောက်ထား မှုအကူအညီနှင့် ဆေးပစ္စည်းများက ပိတ်ဆို့မှုမှ ကင်းလွတ်ခွင့်ရပြီးသားဖြစ်သည့်အတွက် သူတော်ကောင်းဟန်ဆောင်နေခြင်းဟု ဒေါက်တာနာဘီက ပြောသည်။

(ဆီးရီးယားသို့  ကူညီထောက်ပ့ံမည့် ပစ္စည်းများတင်ဆောင်လာသည့် လေယာဉ်အစင်း ၂၀၀ ကျော် ဆိုက်ရောက်ထားပြီး အများစုက အာဆတ်အစိုးရ၏ မဟာမိတ်နိုင်ငံများမှ ပေးပို့လိုက်ခြင်းဖြစ်သည်။ အာရပ်စော်ဘွားများနိုင်ငံကပင် လေယာဉ် ၉၂ စင်းစာ ပေးပို့ထားသည်ဟု ဆီးရီးယားသယ် ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးကဆိုသည်။ ပြည်တွင်းစစ် ၁၀ စုနှစ်တစ်ခု ကျော်ကြာပြီးသည့်တိုင်  အာဆတ်အစိုးရသည်  အနောက်ကမ္ဘာတွင် အပယ်ခံဖြစ်နေဆဲဖြစ်သည်။)

အလက်ပိုပြည်သူများက အနောက်အုပ်စုကို စိတ်ပျက်ဒေါသဖြစ်နေကြပြီး ဆီး ရီးယားပြည်သူချင်းမှာ ရက်ရောကြသည့်သူ များဖြစ်သည်။ Blue Marists ကူညီရေးစခန်းတွင် ဒမတ်စကက်နှင့် ဟုမ်းမြို့တို့မှ NGO များ ပေးပို့ထားသည့် မွေ့ရာများ၊ စားစရာများ၊ ခြုံစောင်များရထားပြီး  ပြည်ပရောက်ဆီးရီး ယားနိုင်ငံသားများထံမှလည်း အကူအညီပေးချင်သည်ဆိုသည့် ဆက်သွယ်မှုများ ရထားသည်။ ဆီးရီးယားပြည်သူချင်း စည်းလုံးပြီး အနောက်အုပ်စု၏ စာနာမှုမတွေ့ရခြင်းကို ဒေါက်တာနာဘီက နှိုင်းယှဉ်ပြောပြခဲ့ခြင်းဖြစ်သည်။

ဒဏ်ခတ်ပိတ်ဆို့မှုများက လုံးဝ အဓိပ္ပာယ် မရှိဟု ဒေါက်တာနာဘီက ယူဆသည်။ ကျူးဘားနိုင်ငံကို နှစ်ပေါင်း ၆၀ ကြာ အရေးယူပိတ်ဆို့ခဲ့သော်လည်း အစိုးရပြောင်းလဲ သွားခြင်းမရှိ။ ထိုနည်းတူစွာ မြောက်ကိုရီးယားနိုင်ငံကိုလည်း ဒဏ်ခတ်ပိတ်ဆို့ထားသည်။ သို့သော် မြောက်ကိုရီးယားအစိုးရက ပြောင်းလဲသွားသည်မဟုတ်ပေ။

ပိတ်ဆို့ခြင်းများသည် ထိရောက်မှုမရှိဘဲ အကျိုးဆက်ကို  ပြည်သူများကသာ ခံစားကြရသည်။ ယင်းနိုင်ငံများမှခေါင်းဆောင်များက ခံစားရခြင်းမဟုတ်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အားမပေး၊ လူ့အခွင့်အရေးကို လေး စားမှုမရှိ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် မကူညီခြင်းတို့ထက် ပိုမိုလက်တွေ့ကျသည့် မူဝါဒများနှင့် ဖြေရှင်းရန်အချိန်တန်ပြီ ဖြစ်သည်။                  

Ref: France 24