တရုတ်-ရုရှားဆက်ဆံရေးနှင့် ယူကရိန်း၏ စိုးရိမ်မှု

တရုတ်-ရုရှားဆက်ဆံရေးနှင့် ယူကရိန်း၏ စိုးရိမ်မှု
Published 21 February 2023
Translate by ဖြိုးဟိန်းကျော်

ရုရှားက ယူကရိန်းကို စစ်ပွဲဆင်နွှဲခဲ့ပြီး တစ်နှစ်နီးပါးအကြာ၌ မျှော်မှန်းသည်ထက် ကြာညောင်းနေသည့် ၎င်းစစ်ပွဲတွင် တရုတ်အနေဖြင့် ရုရှားကို စစ်ရေးအကူအညီပေးရန် ဆန္ဒရှိနေသလောဟူသည့် မေးခွန်းထုတ်မှုများ မြင့်တက်လာခဲ့သည်။

တရုတ်သည် ရုရှားအား စစ်လက်နက်ခဲယမ်းများ ထောက်ပံ့ရန် စဉ်းစားနေသည်ဟု အမေရိကန်ထောက်လှမ်းရေးက အရိပ်အမြွက်ပြောဆိုထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့ပြီး ရုရှားက ဆင်နွှဲခဲ့သောစစ်ပွဲတွင် ယင်းသို့ပါဝင်ပတ်သက်ခြင်းသည် စိုးရိမ်ဖွယ်ပြဿနာတစ်ခု ဖြစ်လာလိမ့်မည်ဟုလည်း ဘလင်ကင်က ဆိုသည်။

တရုတ်သည် ရုရှား၏လုပ်ရပ်များကို ဝေဖန်ရန် သို့မဟုတ် ကျူးကျော်မှုဟုပင် သုံးနှုန်းပြောဆိုခြင်း မရှိသော်လည်း တစ်ဖက်တွင်မူ ကမ္ဘာ့နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ထိန်းသိမ်းရမည်ဟု အခိုင်အမာဆိုခဲ့သည်။

တရုတ်အနေဖြင့် ထိုကဲ့သို့ နှုတ်ဖြင့် ထောက်ခံအားပေးခြင်းမှ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ထောက်ပံ့မှုဆီသို့ ပြောင်းလဲရန် ဆန္ဒရှိနေသလောဟူသည့်မေးခွန်း ထွက်ပေါ်လာခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ဝမ်ဝင်ပင်းက အမေရိကန်ပြည်ထောင်စုသည် မီးလောင်ရာလေပင့်လုပ်နေပြီး ယူကရိန်းကို စစ်လက်နက်များ ထောက်ပံ့ကာ ပဋိပက္ခကို ပိုကြီးအောင် လုပ်နေသည်ဟု တန်ပြန်စွပ်စွဲခဲ့ပြီး တရုတ်အနေဖြင့် တစ်ဘက်သတ်စွပ်စွဲအပြစ်တင်ခြင်းနှင့် တရုတ်-ရုရှား ဆက်ဆံရေးအပေါ် ခြိမ်းခြောက်ဖိအားပေးခြင်းတို့ကို လုံးဝလက်သင့်ခံမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားက ယူကရိန်းအား စစ်ပွဲဆင်နွှဲခဲ့ခြင်းအပေါ် တရုတ်၏ ရပ်တည်ချက်

နေတိုးမဟာမိတ်အဖွဲ့၏ အရှေ့ဘက်သို့ အင်အားချဲ့ထွင်မှုကြောင့် ရုရှားအနေဖြင့် ယင်းသို့တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်က ပြောဆိုထားသည်။ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မတိုင်မီ သီတင်းပတ်အနည်းငယ်အလိုတွင် တရုတ်သမ္မတ ရှီကျင်းပင်သည် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲတက်ရောက်ရန် ရောက်ရှိလာသည့် ရုရှားသမ္မတဗလာဒီမာပူတင်ကို ပေကျင်းမြို့တွင် ဧည့်ခံကြိုဆိုခဲ့ပြီး ထိုစဉ်အတောအတွင်း တရုတ်-ရုရှား အကန့်အသတ်မဲ့ ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်ရန် ကတိပြုသည့် ပူးတွဲကြေညာချက်တစ်စောင်ကို နှစ်ဖက်စလုံးက ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် သမ္မတပူတင် မျှော်လင့်နေသည့် သမ္မတရှီ၏ ရုရှားခရီးစဉ်နှင့်ပတ်သက်၍ တရုတ်က အတည်ပြုခဲ့ခြင်းမရှိပေ။

“တရုတ်ဟာ လှေနံနှစ်ဖက်နင်းဖို့ ကြိုးစားနေတာဖြစ်တယ်။ အများအမြင်မှာ ယူကရိန်းရဲ့ ငြိမ်းချမ်းမှုအတွက် ကြိုးပမ်းနေတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် သူတို့ကိုယ်သူတို့ ပုံဖော်နေပေမဲ့ ပြီးခဲ့တဲ့လတွေမှာ ရုရှားရဲ့ စစ်ပွဲဆင်နွှဲမှုကို တိုက်ရိုက်အားပေးကူညီရာရောက်တဲ့ အသက်အန္တရာယ်မရှိတဲ့ အကူအညီတွေ သိုသိုသိပ်သိပ်ပေးခဲ့တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးဖြစ်တယ်” ဟု ဘလင်ကင်က NBC ရုပ်သံသို့ ပြောကြားခဲ့သည်။

တရုတ်က ရုရှားကို ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အထောက်အပ့ံပေးခဲ့သလား

လက်ရှိအချိန်အထိ တရုတ်သည် ရုရှားအပေါ် နိုင်ငံရေးအရ အထောက်အပံ့ပေးနေပြီး ကုလသမဂ္ဂတွင် ရုရှားကို ပြစ်တင်ရှုတ်ချရန် ကြိုးပမ်းမှုများကို တရုတ်က ကူညီတားဆီးပေးနေသည်။

တရုတ်က ရုရှားအား စစ်လက်နက်များ ထောက်ပံ့ပေးမည်ကို အမေရိကန်အနေဖြင့် ကာလကြာမြင့်စွာ စိုးရိမ်ခဲ့ကြောင်းနှင့် ရုရှားအား လူ့အသက်များကို သေစေနိုင်သော အထောက်အပံ့များပေးရန် တရုတ်က စဉ်းစားနေသည်ဟူသော သတင်းကိုရရှိထားခြင်းကြောင့် မိမိတို့အနေဖြင့် စိုးရိမ်ပူပန်မိကြောင်း ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင်ပြုလုပ်သည့် လုံခြုံရေးဆွေးနွေးပွဲတွင် ဘလင်ကင်က ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ အဆင့်အမြင့်ဆုံး နိုင်ငံခြားမူဝါဒရေးရာတာဝန်ရှိသူ ဝမ်ယိနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး တစ်ရက်အကြာတွင် ဘလင်ကင်က ယင်းသို့ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

“တရုတ်နိုင်ငံက အဲဒီလိုအထောက်အပံ့ပေးမယ်ဆိုရင် စိုးရိမ်စရာ ပြဿနာတစ်ခုဖြစ်လာလိမ့်မယ်ဆိုတာကို မိမိအနေနဲ့ ရှင်းလင်းပြတ်သားစွာ အသိပေးဖို့အရေးကြီးတယ်” ဟု ရုရှားအပေါ် တရုတ်က စစ်ရေးအရ အထောက်အပံ့ပေးနိုင်သည့် အလားအလာကို နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ရည်ညွှန်းပြောဆိုခဲ့သည်။

ကုသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်စ် ဂရင်းဖီးကလည်း တရုတ်က ရုရှားကို စစ်လက်နက်ထောက်ပံ့မည့် ကြိုးပမ်းမှုမှန်သမျှအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး ယင်းသည် ရှေ့ဆက်မတိုးသင့်သည့် လုပ်ရပ်ဖြစ်ကြောင်း သတိပေးခဲ့သည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ရုရှားနှင့် တရုတ်စစ်တပ်သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး လတ်တလောအနေဖြင့် တောင်အာဖရိကကမ်းလွန်ရှိ အရေးပါသော ရေလမ်းကြောင်းတစ်ခုတွင် တောင်အာဖရိကရေတပ်နှင့်အတူ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ရုရှားနှင့် တရုတ်က စစ်သင်္ဘောများ စေလွှတ်ခဲ့သည်။

တရုတ်က မည်သို့တုံ့ပြန်ခဲ့သနည်း

စစ်မြေပြင်သို့ စစ်လက်နက်များ အဆက်မပြတ်ပေးပို့နေသည်မှာ အမေရိကန်သာဖြစ်ပြီး တရုတ်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ဝမ်ဝင်ပင်းက ပြောကြားခဲ့သည်။ ယူကရိန်းအရေးနှင့်ပတ်သက်၍ တရုတ်က ကိုင်စွဲထားသည့် မူဝါဒမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် အားပေးထောက်ကူရန် အတွက်သာဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

တရုတ်အနေဖြင့် ယူကရိန်းပဋိပက္ခတွင် ငြိမ်းချမ်းရေးကို အထောက်အကူပြုရန်နှင့် စေ့စပ်ဆွေးနွေးမှုများကို အားပေးသည့် မူဝါဒများအား ကျင့်သုံးလျက် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ အစဉ်သဖြင့် ပါဝင်ခဲ့သည်ဟု ဝမ်နှင့် ဘလင်ကင်တို့ တွေ့ဆုံမှုအပြီးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တရုတ်-ရုရှား မိတ်ဖက်ဆက်ဆံရေးသည် ဘက်မလိုက်ရေး၊ ထိပ်တိုက်ပဋိပက္ခဆီသို့ ဦးမတည်ရေးနှင့် တတိယအုပ်စုများကို ပစ်မှတ်မထားရေးတို့ကို အခြေခံတည်ဆောက်ထားခြင်းဖြစ်ပြီး အမေရိကန်သည် မီးလောင်ရာလေပင့်လုပ်ကာ အခြေအနေကို အမြတ်ထုတ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟုလည်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

အိန္ဒိယအပါအဝင် အခြားနိုင်ငံများကဲ့သို့ပင် မိမိတို့အနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဝယ်ယူခြင်းကဲ့သို့ ရုရှားနှင့် ပုံမှန်ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု တရုတ်အစိုးရက ပြောဆိုထားသည်။ ယင်းသို့ကုန်သွယ်မှုသည် ရုရှား၏ စီးပွားရေးကို အသက်ဆက်ပေးသည့် လုပ်ရပ်အဖြစ် ရှုမြင်ခံနေရသော်လည်း တရုတ်က ရုရှားစစ်တပ်အတွက် တိုက်ရိုက်အကူအညီပေးနေသည်ဆိုသော ဖြစ်စဉ်များအတွက် အထောက်အထားများ မရှိပေ။

တရုတ်က ရုရှားကို ကူညီလျှင် မည်သို့ဖြစ်လာနိုင်သနည်း

တရုတ်က ရုရှားအား လူ့အသက်များကို ခြိမ်းခြောက်နိုင်သော အကူအညီများပေးလျှင် သို့မဟုတ် ဒဏ်ခတ်ပိတ်ဆို့မှုများမှ ရှောင်လွှဲနိုင်အောင် ရုရှားကို စနစ်တကျအကူအညီပေးမည်ဆိုလျှင် လက်တွေ့အကျိုးဆက်များ ရှိလာလိမ့်မည်ဟု တူရကီနိုင်ငံ၏မြို့တော် အန်ကာရာသို့ ရောက်ရှိနေစဉ် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောကြားခဲ့သည်။ တရုတ်က ရုရှားကို စစ်ရေးအကူအညီပေးလျှင် အမေရိကန်က မည်သို့တုံ့ပြန်သွားမည်ကို အသေးစိတ်ပြောဆိုခြင်း မရှိသော်လည်း ယင်းသို့တုံ့ပြန်ရာ၌ အမေရိကန်နှင့်အတူ အခြားနိုင်ငံများလည်း ပါဝင်လာမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဆယ်စုနှစ်များအတွင်း အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့သော နှစ်နိုင်ငံဆက်ဆံရေးယိုယွင်းမှုကို ကုစားရန် ကြိုးပမ်းမှုများသည် လက်ရှိအချိန်ထိ မအောင်မြင်သေးပေ။ တရုတ်က နောက်ဆုံးပေါ် မိုက်ခရိုပရိုဆက်ဆာများနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ စက်ကိရိယာများ မရရှိအောင် ကန့်သတ်ထိန်းချုပ်ရန် အမေရိကန်က ကြိုးပမ်းခဲ့ပြီး တောင်တရုတ်ပင်လယ်တွင်လည်း တရုတ်၏ နယ်မြေပိုင် ဆိုင်ခွင့်ဆိုင်ရာပြောကြားချက်များကို ဆက်လက်စိန်ခေါ်နေဆဲဖြစ်သည်။

လိုအပ်လာလျှင် အင်အားသုံး၍ ပြန်လည်ပေါင်းစည်းမည့် ၎င်း၏ပိုင်နက်နယ်မြေအဖြစ် တရုတ်က ရှုမြင်ထားသည့် ထိုင်ဝမ်ကျွန်းကို အမေရိကန်က ကူညီထောက်ပံ့နေခြင်းသည်လည်း တရုတ်အတွက် အထိမခံနိုင်ဆုံး ကိစ္စရပ်ဖြစ်နေသည်။ ထိုင်ဝမ်သည် အမေရိကန်လုပ်စစ်လက်နက်များကို ဝယ်ယူနေသည့် အဓိကဝယ်လက်ဖြစ်သကဲ့သို့ အမေရိကန်၏ အထင်ကရ ရွေးကောက်ခံတာဝန်ရှိသူများကို လက်ခံတွေ့ဆုံမှုများ တိုးမြှင့်လာခြင်းကြောင့်လည်း တရုတ်အတွက် အမျက်ဒေါသထွက်စရာဖြစ်ခဲ့သည်။

ထိုစဉ်အတောအတွင်း အမေရိကန်ကွန်ဂရက်လွှတ်တော် အမတ်များသည် Tiktok နှင့် အခြားသော တရုတ်ပိုင်ဆိုရှယ်မီဒီယာ ပလက်ဖောင်းများကို ပိတ်ပင်ရန်နှင့် တရုတ်၏စီးပွားရေးကို အဓိကချုပ်ကိုင်ထားသော ကွန်မြူနစ်ပါတီက ကျောထောက်နောက်ခံပြုပေးထားသည့် တရုတ်ကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်ရန် တောင်းဆိုထားသည်။                    Ref:AP