''အချောင်သမား၊ သာယာစီး၊ အခွင့်အရေးသမား၊ သာကူး (Opportunist)''

''အချောင်သမား၊ သာယာစီး၊ အခွင့်အရေးသမား၊ သာကူး (Opportunist)''
Published 20 February 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူ ငယ်ရွယ်စဉ် လေ့လာသင်ယူခဲ့ရသည့် မြန်မာစာပေ၊ ပါဠိစာပေများတွင် အနက်အဓိပ္ပာယ်အားဖြင့် ဆန့်ကျင်ဘက်သဘောဆောင်သည့်စကားလုံး၊ စကားစုကလေးများကို တွေ့မြင်ခဲ့ရပါသည်။ အဆိုပါ စကားစုကလေးများမှာ ကောင်းမှုနှင့် မကောင်းမှု၊ တရားခြင်းနှင့် မတရားခြင်း၊ ဓမ္မနှင့် အဓမ္မ စသည်တို့ ဖြစ်ကြပါသည်။ 

စာရေးသူ အင်္ဂလိပ်စာကို လေ့လာသည့်အခါတွင်မူ တွေ့ရှိရသည့် အင်္ဂလိပ်စကားလုံးအစုအဖွဲ့တစ်ရပ်မှာ ဆန့်ကျင်ဘက် သဘောဆောင်သည်သာမက အစွန်းနှစ်ဖက်သို့ပင် ရောက်ရှိနေသည်ဟု စာရေးသူအနေဖြင့် ထင်မြင်ပါသည်။

ဖော်ပြပါ စကားလုံးအစုအဖွဲ့များမှာ အခွင့်အရေး၊ အခွင့်အလမ်း၊ အခါအခွင့်ဆိုသည့်အဓိပ္ပာယ်ရရှိသည့် “Opportunity” ဆိုသည့် စကားလုံးနှင့် အချောင်သမား၊ သာယာစီး၊ အခွင့်အရေးသမား၊ သာကူးဆိုသည့် အဓိပ္ပာယ်ရရှိသည့် “Opportunist” ဆိုသည့် စကားလုံးနှင့် အချောင်သမားဝါဒဆိုသည့် အဓိပ္ပာယ်ရရှိသည့် “Opportunism” ဆိုသည့် စကားလုံးတို့ဖြစ်ကြပါသည်။

စာရေးသူအနေဖြင့် အချောင်သမား၊ သာယာစီး၊ အခွင့်အရေးသမား၊ သာကူးဆိုသည့်အဓိပ္ပာယ်ရရှိသည့် “Opportunist” ဆိုသော သဘောတရား အဓိပ္ပာယ်ကို စာဖတ်သူများ အလွယ်တကူသိမြင်နားလည်နိုင်စေရန် ကြိုးပမ်းအားထုတ်ရာတွင် ရှင်းလင်းတင်ပြရမည့် အကြောင်းအရာများသည် လွန်စွာကျယ်ပြန့်လျက်ရှိပြီး အကယ်ဒမစ်ဆန်သည့် သဘောတရားအသစ်များ၊ ဘာသာရပ်အသစ်များကိုပါ မိတ်ဆက် တင်ပြရန် လိုအပ်လျက်ရှိပါသဖြင့် စာဖတ်သူများအနေဖြင့် စာအနည်းငယ် လေးနိုင်သည်ကို ကြိုတင်အသိပေးတင်ပြအပ်ပါသည်။

စာရေးသူသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် စာရင်းအင်းပညာဘာသာရပ် အဓိကဖြင့် ဘွဲ့ကြိုတန်း၊ ဂုဏ်ထူးတန်း၊ မဟာစီးပွားရေးပညာ (စာရင်းအင်း) နှင့် ဒေါက်တာဘွဲ့ (Ph. D.) ကို လေ့လာ သင်ယူခဲ့ပြီး ကျောင်းဆရာအဖြစ် နည်းပြမှစတင်ကာ ပါမောက္ခ (ဌာနမှူး) ဖြစ်သည်အထိ ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်တို့တွင် ကျောင်းသူကျောင်းသားများအား သင်ကြားပြသခဲ့ပါသည်။ 

စာရေးသူအနေဖြင့် စာရင်းအင်းပညာဘာသာရပ်သည် အဓိကဘာသာရပ်ဖြစ်သော်လည်း စီးပွားရေးပညာ ဘောဂဗေဒတွင် အကျုံးဝင်သည့် ဘာသာရပ်များ (Subjects) ကိုလည်း လေ့လာသင်ယူခဲ့ရပါသည်။ ယေဘုယျသဘောအားဖြင့် စာရေးသူ လေ့လာသင်ယူခဲ့ရသည့် ဘောဂဗေဒနှင့် ပတ်သက်သည့် သဘောတရားများမှာ ဈေးနှုန်းများ၊ ကုန်ပစ္စည်းအရေအတွက် ထုတ်လုပ်ခြင်းများကို အခြေခံသည့် ဝယ်လိုအား၊ ရောင်းလိုအား စသည်တို့ ဖြစ်ကြပါသည်။

ယနေ့အချိန် ဖြစ်ထွန်းပေါ်ပေါက်လာစေခဲ့သည့် အသစ်အသစ်သော သဘောတရားများ ဘာသာရပ်များအရ စာရေးသူ စီးပွားရေးပညာ ဘောဂဗေဒတွင် လေ့လာသင်ယူခဲ့ရသည့် ဘာသာရပ်များသည် (Orthodoxy) ဟု ခေါ်ဆိုသော သမားရိုးကျ အတွေးအခေါ်၊ ရှေးရိုးစွဲ အတွေးအခေါ်၊ ရှေးရိုးစွဲဝါဒဖြစ်သည့် ရှားပါးမှု (Scarcity) နှင့် အရင်းအမြစ်များကို ခွဲဝေခြင်း (Resource Allocation) ကို အခြေခံပြီး လေ့လာသည့် ဘာသာရပ်များ ဖြစ်ကြပါသည်။ ရွေးချယ်ခြင်းဆိုင်ရာ သိပ္ပံပညာ (Science of Choice) ဟု ခေါ်ဆိုကြပါသည်။

စာရေးသူ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ဘွဲ့ကြိုတန်း တက်ရောက်စဉ်အချိန်အခါက အဓိက ဘာသာရပ်ဌာနကြီးများအဖြစ် ဖွဲ့စည်းထားရှိသည်များမှာ စီးပွားရေးပညာကို အခြေခံသည့် ဘောဂဗေဒဌာန၊ ကူးသန်းရောင်းဝယ်ရေးပညာနှင့် စာရင်းကိုင်ပညာရပ်များကို အခြေခံသည့် ဝါဏိဇ္ဇဗေဒဌာန၊ အခြေခံကိန်းဂဏန်းအချက်အလက်များနှင့် သတင်းအချက်အလက်များကို အခြေခံသည့် စာရင်းအင်းပညာဌာန စသည်ဖြင့် အဓိကဘာသာရပ်ဌာနကြီးသုံးခုအပြင် ကျန်အထောက်အကူပြု ဘာသာရပ်ဌာနများဖြင့် ဖွဲ့စည်းထားရှိခဲ့ပါသည်။ 

စာရေးသူတို့၏ တိုင်းပြည်နိုင်ငံအနေဖြင့် အဓိကဘာသာရပ်ဌာနကြီးများအချင်းချင်း ပူးပေါင်းပြီး တိုင်းပြည်နိုင်ငံကို အကျိုးပြုစေမည့် ပြည်သူ ပြည်သားများကို အကျိုးပြုစေမည့် ဘာသာရပ်အသစ်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ကြိုးပမ်းအားထုတ်လေ့မရှိကြသော်လည်း ကမ္ဘာပေါ်တွင်ရှိ အချို့သော တက္ကသိုလ်ကြီးများတွင်မူ အဓိကဘာသာရပ်ဌာနကြီးများ အချင်းချင်း ပူးပေါင်းပြီး သဘောတရားအသစ်များ၊ ဘာသာရပ်အသစ်များ ပေါ်ထွက်လာစေရန် ကြိုးပမ်းအားထုတ်လေ့ရှိကြပါသည်။

ဤတွင် စီးပွားရေးပညာကို အခြေခံသည့် ဘောဂဗေဒဌာနနှင့် ကူးသန်းရောင်းဝယ်ရေး ပညာနှင့် စာရင်းကိုင်ပညာ ရပ်များကို အခြေခံသည့် ဝါဏိဇ္ဇဗေဒဌာနတို့တွင် လေ့လာသင်ကြားလျက်ရှိသည့် ဘာသာရပ်များကို ပူးပေါင်းပြီး ကူးသန်းရောင်းဝယ်ရေး ကုန်ကျစရိတ် ဘောဂဗေဒ (Transaction Cost Economics) ဘာသာရပ်ကြီးအဖြစ် ဖော်ထုတ်အသုံးပြုခဲ့ကြသည်ကို လေ့လာတွေ့ရှိခဲ့ရပါသည်။ သဘောတရားအနေဖြင့် ရှေးယခင်အချိန်ကတည်းက အသုံးပြုခဲ့ကြသည့် ရွေးချယ်ခြင်းဆိုင်ရာ သိပ္ပံပညာ (Science of Choice) မှသည် သဘောတူစာချုပ် ကန်ထရိုက်ဆိုင်ရာ သိပ္ပံပညာ (Science of Contract) အဖြစ်သို့ ခွဲထွက်ပြီး ယခင် ကျမ်းရိုး၊ သမားရိုးကျ အတွေးအခေါ်၊ ရှေးရိုးစွဲအတွေးအခေါ်၊ ဘောဂဗေဒဘာသာရပ်ကို အခြေခံပြီး အခြားသော သီးခြားသိပ္ပံပညာရပ်တစ်ခုအဖြစ် ပေါ်ထွက်လာစေခဲ့ပြီး တီထွင်အသုံးပြုလာခဲ့ကြပါသည်။

ကူးသန်းရောင်းဝယ်ရေး ကုန်ကျစရိတ် ဘောဂဗေဒ (Transaction Cost Economics) ဘာသာရပ်ကြီးအား (Reference: 1) ကို အခြေခံကာ အကျဉ်းအားဖြင့် ရှင်းလင်း တင်ပြပါမည်။ ကူးသန်းရောင်းဝယ်ခြင်း၊ ကုန်ပစ္စည်း ဖလှယ်ခြင်း၊ လက်ပြောင်းလက်လွှဲပြုလုပ်ခြင်း ဆိုသည့် အဓိပ္ပာယ်ရသည့် (Transactions)အား စာဖတ်သူများ အလွယ်တကူသိမြင်နိုင်စေရန်အတွက် တင်ပြရပါလျှင် ဖန်တီးထုတ်လုပ်ခြင်း သို့မဟုတ် ဝယ်ယူခြင်းကို ဆုံးဖြတ်သည့် သဘောတရား (Make-or-Buy Decision) ပင် ဖြစ်ပါသည်။ (Reference: 1, pp – 42). ကူးသန်းရောင်းဝယ်ရေး ကုန်ကျစရိတ် ဘောဂဗေဒ (Transaction Cost Economics) ၏ အကျယ်အဝန်းကို တင်ပြရပါလျှင်  “…transaction cost economics (TCE) is concerned with the allocation of economic activity across alternative modes of organization (markets, firms, bureaus, etc.), employs discrete structural analysis, and describes the firm as a governance structure (which is an organizational construction).” 

(Reference: 1, pp – 41).  ဖော်ပြထားချက်အရ “ ကူးသန်းရောင်းဝယ်ရေး ကုန်ကျစရိတ် ဘောဂဗေဒသည် အောက်ဖော်ပြပါ အကြောင်းအရာ အစိတ်အပိုင်းများနှင့် ဆက်စပ်ပတ်သက်လျက်ရှိနေပါသည်။ ၎င်းတို့မှာ ဈေးကွက်များ၊ စီးပွားရေးလုပ်ငန်း ကုမ္ပဏီများ၊ ဗျူရိုများ စသည့် အဖွဲ့အစည်း၏ အကောင်အထည်ဖော် ဆောင်ရွက်မှု နည်းလမ်း အသွင်သဏ္ဍာန်အားလုံးတို့သည် စီးပွားရေးသဘောတရားများအရ ခွဲဝေချထားလျက် ရှိခြင်း၊ ကွဲပြားခြားနားသော ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာလေ့လာစိစစ်ခြင်းများကို ဆောင်ရွက်လုပ်ကိုင်လျက်ရှိခြင်းနှင့် စီးပွားရေးလုပ်ငန်း ကုမ္ပဏီများ၏ ဖွဲ့စည်းအုပ်ချုပ်မှုပုံစံကို အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်ထားရှိ သကဲ့သို့ ရှင်းလင်းစွာ ဖော်ပြထားခြင်းတို့ဖြစ်ကြပါသည်။” 

ကူးသန်းရောင်းဝယ်ရေး ကုန်ကျစရိတ် ဘောဂဗေဒ (Transaction Cost Economics) နှင့် အချောင်သမား၊ သာယာစီး၊ အခွင့်အရေးသမား၊ သာကူးဆိုသည့် အဓိပ္ပာယ်ရရှိသည့် (Opportunist) တို့၏ အဆက်အစပ်ကို (Reference: 2) ကို အခြေခံကာ ရှင်းလင်းတင်ပြပါမည်။ ရှင်းလင်းတင်ပြရာတွင် စာဖတ်သူများအလွယ်တကူ သိမြင် နားလည်စေရန်အလို့ငှာ (Transaction Cost) ၏ အဓိပ္ပာယ်ကို မူရင်းအတိုင်း တင်ပြရပါလျှင် - Transactions occur when a good or service is transferred from a provider to a user. Every transaction has a cost. Within an organization, costs include managing and monitoring personnel and procuring inputs. When buying from an external provider, costs include source selection, contract management, and performance monitoring. (Reference: 2, pp - 4).

ကူးသန်းရောင်းဝယ်ခြင်း၊ ကုန်ပစ္စည်းဖလှယ်ခြင်း၊ လက်ပြောင်း လက်လွှဲပြုလုပ်ခြင်း (Transactions) သည် ရှာဖွေပေးသူတစ်ဦးထံမှ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအား အသုံးပြုသူတစ်ဦးထံသို့ လွှဲပြောင်းပေးသည့်အခါတွင် ဖြစ်ပေါ်စေသည့် ဖြစ်ရပ်များဖြစ်ကြပါသည်။ ကူးသန်းရောင်းဝယ်ခြင်း၊ ကုန်ပစ္စည်းဖလှယ်ခြင်း၊ လက်ပြောင်းလက်လွှဲပြုလုပ်ခြင်း (Transactions) တိုင်းအတွက် ကုန်ကျစရိတ်ရှိပါသည်။ အဖွဲ့အစည်းအတွင်း ဆောင်ရွက်ခြင်းဖြစ်ပါက ကုန်ကျစရိတ်များတွင် ရယူဝယ်ယူရသည့် သွင်းကုန်ပစ္စည်းများ၊ ဝန်ထမ်းလူပုဂ္ဂိုလ်များအား လေ့လာစောင့်ကြည့်ရခြင်းများနှင့် စီမံခန့်ခွဲရခြင်းများ ပါဝင်ပါသည်။ အဖွဲ့အစည်းပြင်ပ ရှာဖွေပေးသူတစ်ဦးထံမှ ဝယ်ယူရခြင်းဖြစ်ပါက ကုန်ကျစရိတ်များတွင် အရင်းအမြစ်ရှာဖွေရခြင်း၊ သဘောတူစာချုပ် ကန်ထရိုက်အတွက် စီမံခန့်ခွဲရခြင်းများနှင့် စွမ်းဆောင်နိုင်ရည်ကို လေ့လာစောင့်ကြည့်ရခြင်းများ ပါဝင်ပါသည်။ 

ကူးသန်းရောင်းဝယ်ရေး ကုန်ကျစရိတ် ဘောဂဗေဒ (Transaction Cost Economics) နှင့် အချောင်သမားဝါဒ (Opportunism) တို့၏ အဆက်အစပ်ကိုမူရင်းအတိုင်း တင်ပြရပါလျှင် - “Transaction Cost Economics (TCE) highlights four possibilities, i.e., uncertainty, small-numbers bargaining,information asymmetry, and opportunism.” (Reference: 2, pp – 4). ဖော်ပြထားချက်အရ - “ကူးသန်းရောင်းဝယ်ရေး ကုန်ကျစရိတ် ဘောဂဗေဒတွင် ဖြစ်နိုင်ခြေလေးခုကို အလေးအနက်ထားရှိ တင်ပြရပါလျှင် (၁) မရေရာ မသေချာမှုဖြစ်နိုင်ခြင်း (Uncertainty)၊ (၂) အနည်းငယ်မျှသော အပေးအယူ ညှိနှိုင်းခြင်းသာ တည်ရှိခြင်း (Small-Numbers Bargaining)၊ (၃) သတင်းအချက်အလက် ရရှိနိုင်မှု မတူညီခြင်း မျှတမှုမရှိခြင်း (Information Asymmentry)၊ (၄) အချောင် သမားဝါဒ တည်ရှိဖြစ်ပေါ်နိုင်ခြင်း (Opportunism) တို့ ဖြစ်ကြပါသည်။”

အချောင်သမား၊ သာယာစီး၊ အခွင့်အရေးသမား၊ သာကူး ဆိုသည့် (Opportunist) သည် မာယာပရိယာယ်မျိုးစုံကို အသုံးပြုပြီး ကိုယ်ကျိုးစီးပွားရှာဖွေသည့် အဓိပ္ပာယ်သဘောတရားများအနေနှင့် ဖြစ်ပေါ်လျက် တည်ရှိနေပါသဖြင့် ၂၀၂၂ ခုနှစ် မတ်လ ၇ ရက်တွင် ထုတ်ဝေသည့် Weekly ELEVEN News, No. 11, Vol. 17 တွင် စာရေးသူ ရေးသားတင်ပြခဲ့သည့် “အလွဲသုံးစားပြု ကိုယ်ကျိုးရှာ လူ့အဖွဲ့အစည်း (Rent Seeking Society)” ခေါင်းစဉ် ဆောင်းပါးဖြင့် တွဲဖက်ပြီး ဆက်စပ်လေ့လာရန် အကြုံပြုပါသည်။

စာရေးသူတို့၏ စာရင်းအင်းပညာ သဘောတရားအရ (Level of Analysis) ဖြင့် ခွဲခြမ်းစိတ်ဖြာ ကြည့်ပါလျှင် - “Transaction Cost Economics (TCE) is commonly analysed at the macro-level, even though the concept of opportunistic behaviour frequently occurs at the individual level.” (Reference: 2, pp – 5). ဖော်ပြထားချက်အရ “ကူးသန်းရောင်းဝယ်ရေး ကုန်ကျစရိတ် ဘောဂဗေဒသည် သာမန်အားဖြင့် မက်ခရိုအဆင့် လေ့လာစိစစ်သည့် အခြေအနေဖြစ်သော်လည်း အချောင်သမား၊ သာယာစီး၊ အခွင့်အရေးသမား၊ သာကူးတို့နှင့် ပတ်သက်သည့် အပြုအမူ အလေ့အထများမှာ လူပုဂ္ဂိုလ် တစ်ဦးချင်းနှင့် သက်ဆိုင်သည့် သဘောတရားများ ဖြစ်ကြပါသည်။” ထို့ကြောင့် စာရေးသူအနေဖြင့် ဆောင်းပါး၏ ခေါင်းစဉ်ကို အချောင်သမား၊ သာယာစီး၊ အခွင့်အရေးသမား၊ သာကူး (Opportunist) ဟုအမည်ပေးထားပြီး လူပုဂ္ဂိုလ် တစ်ဦးချင်းအား ရည်ညွှန်းသည့် သဘောအဓိပ္ပာယ်ကို ရယူထားရှိပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် သမိုင်းကြောင်း အခြေအနေများအရ ဆိုးရွား ပြင်းထန်လျက်ရှိပြီး ခက်ထန်ကြမ်းတမ်းလှသည့် တိုင်းပြည် နိုင်ငံတွင် နေထိုင်လျက်ရှိ ကြသည့် ပြည်သူ ပြည်သားများ နိုင်ငံသားတို့အနေဖြင့် မိမိတို့ အသက်ရှင် ရပ်တည်နိုင်စေရေး၊ ရှင်သန်ခွင့်ရရှိနိုင်စေရေး၊ ချမ်းသာကြွယ်ဝခွင့်ရရှိနိုင်စေရေး စသည့် မိမိတို့၏ အကျိုးစီးပွားအတွက် အချောင်သမား၊ သာယာစီး၊ အခွင့်အရေးသမား၊ သာကူးဆိုသည့် အဓိပ္ပာယ်ရရှိသည့် (Opportunist) လူပုဂ္ဂိုလ်များအဖြစ် ရပ်တည်ဆောင်ရွက်ခြင်းများကို မလွဲသာ မရှောင်သာ အဖြစ်သော်လည်းကောင်း၊ တမင်သိလျက်နှင့်သော်လည်းကောင်း ပြုလုပ် ဆောင်ရွက်မိစေနိုင်ပါသည်။ ယနေ့အချိန်မှ စတင်ကာ အချောင်သမား၊ သာယာစီး၊ အခွင့်အရေးသမား၊ သာကူးအဖြစ် နေထိုင် ပြုလုပ်ဆောင်ရွက်နေခြင်းသည် တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သား နိုင်ငံသားအားလုံးတို့အား တိုင်းတစ်ပါးတိုင်းပြည် နိုင်ငံ၏ ကျွန်အဖြစ်သို့ အချိန်တိုအတွင်း ရောက်ရှိသွားစေနိုင်သည်ကို တိုင်းပြည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားသူများနှင့် ပြည်သူ ပြည်သား နိုင်ငံသား အားလုံးတို့အနေဖြင့် သတိပြုမိပြီး အချိန်မီ ပြုပြင် ပြောင်းလဲဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ သဘာဝမွေးရာပါ အချောင်သမား၊ သာယာစီး၊ အခွင့်အရေးသမား၊ သာကူး (Natural Born Opportunists) ၏ သဘောတရားကို စာဖတ်သူများအား မိတ်ဆက်တင်ပြပါမည်။ အကြောင်းအရာ သဘောတရားများသည် ကျယ်ပြန့်သည့်အတွက် အသေးစိတ်ကိုမူ ရှင်းလင်း တင်ပြခြင်း မပြုနိုင်ပါ။ စိတ်ပါဝင်စားမှုရှိသော စာဖတ်သူများအနေဖြင့် (Reference: 2) တွင် အသေးစိတ် ဖတ်ရှု လေ့လာ ကြပါရန် အကြံပြုတင်ပြအပ် ပါသည်။ 

(Reference: 2) တွင်ရေးသားတင်ပြထားသည်များကို အကျဉ်းချုပ်အားဖြင့် တင်ပြရပါလျှင် ကူးသန်းရောင်းဝယ် ရေး ကုန်ကျစရိတ် ဘောဂဗေဒ (Transaction Cost Economics) တွင် သဘာဝ မွေးရာပါ အချောင်သမား၊ သာယာစီး၊ အခွင့်အရေးသမား၊ သာကူး (Natural Born Opportunists) အဖြစ် ဖြစ်ထွန်းပေါ်ပေါက်စေသော အကြောင်းအရာနှစ်မျိုးကို အသေးစိတ် သုတေသနပြု လေ့လာဖော်ထုတ်ထားရှိပါသည်။ 

ပထမအမျိုးအစားမှာ စိတ်ခံစားခြင်းကင်းမဲ့ပြီး ဗြောင်လက်တွေ့ဆန်မှု အစိတ်အပိုင်းရှိသော ကြမ်းတမ်းသော စိတ်ဝေဒနာရှိသည့် လူပုဂ္ဂိုလ်များ (Subclinical Psychopath) ဖြစ်ကြပြီးလျှင် ၎င်းတို့သည် အချိန်တိုကာလအတွင်း မကောင်းသည့်အကျင့်စရိုက်ရှိသည့် အချောင်သမား၊ သာယာစီး၊ အခွင့်အရေးသမား၊ သာကူး (The Short-Term Contract Opportunist) များဖြစ်ကြပါသည်။ ဤနေရာတွင် စာရေးသူသည် အင်္ဂလိပ်စကားလုံး (Contract) ကို “မကောင်းသည့် အကျင့်စရိုက်” အဖြစ် ဘာသာပြန်ဆိုပါသည်။ 

ဒုတိယအမျိုးအစားမှာ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ မိမိရည်မှန်းချက် အောင်မြင်ရေးကိုသာ ဦးတည်သော (Machiavellian) လူပုဂ္ဂိုလ်များ ဖြစ်ကြပြီးလျှင် ၎င်းတို့သည် ကာလတာရှည်အချိန်အတွက် မကောင်းသည့် အကျင့်စရိုက်ရှိသည့် အချောင်သမား၊ သာယာစီး၊ အခွင့်အရေးသမား၊ သာကူး (The Long-Term Contract Opportunist) များဖြစ်ကြပါသည်။ 

အထက်ဖော်ပြပါ ပထမအမျိုးအစား သို့မဟုတ် ဒုတိယအမျိုးအစား ဖြစ်သည့် လူပုဂ္ဂိုလ်များအား ထိန်းကျောင်း ကြပ်မတ်သည့် စနစ် မြန်မာနိုင်ငံတွင် တည်ဆောက်ပြီး ဖြစ်ပါသလားဆိုသည့် မေးခွန်းကိုမူ စာဖတ်သူများကပင် ဖြေကြားပေး ကြစေလိုပါသည်။

ဒုတိယအနေဖြင့် စီးပွားရေးလုပ်ငန်းများ ကုမ္ပဏီများအတွင်းတွင် အချောင်သမားဝါဒ ဖြစ်ထွန်းပေါ်ပေါက်စေခြင်းအား (Reference: 3) ကို အခြေခံကာ ရှင်းလင်းတင်ပြပါမည်။ ၎င်းသည် အကြောင်းရင်းနှစ်ခုကြောင့် ဖြစ်စေနိုင်ပါသည်။ ပထမအကြောင်းရင်း၏ မူလအခြေခံမှာ စီးပွားရေးလုပ်ငန်းကုမ္ပဏီ၏ စီမံခန့်ခွဲမှုများကြောင့်ဖြစ်ပြီး ဒုတိယအကြောင်းရင်း၏ မူလအခြေခံမှာ အလုပ်သမားများ၊ လုပ်သားများကြောင့် ဖြစ်ပါသည်။ ယခုအကြောင်းအရာသည်လည်း ကျယ်ပြန့်လွန်းသည့်အတွက် အပြည့်အစုံသိမြင်နားလည်နိုင်ရန် တင်ပြနိုင်ခြင်းမရှိဘဲ လေ့လာဆန်းစစ်ထားရှိသည့် အခြေအနေကိုသာ တင်ပြနိုင်ပါသည်။

စာဖတ်သူများအနေဖြင့် အလွယ်တကူ မျှော်မှန်းတွေးဆ ကြည့်နိုင်စေရေးအတွက် တင်ပြရမည်ဆိုပါက (Reference: 3) တွင် ၁၈ ရာစု အစပိုင်းတွင် စီးပွားရေးအဖွဲ့အစည်းအဖြစ် ပေါ်ပေါက်စေခဲ့သည့် ကာရေဗီယန် ပင်လယ်ဓားပြများ (Caribbean Pirates) ၏ အဖွဲ့အစည်းအတွင်း အချောင်သမားဝါဒ ဖြစ်ထွန်းပေါ်ပေါက်စေသည့် သဘောတရားများနှင့် ခေတ်မီ တရားဝင်တည်ရှိနေသည့် စီးပွားရေးလုပ်ငန်း ကုမ္ပဏီများအတွင်း အချောင်သမားဝါဒ ဖြစ်ထွန်းပေါ်ပေါက်စေသည့် သဘောတရားများကို နှိုင်းယှဉ်လေ့လာဆန်းစစ်ထားပါသည်။ 

တတိယအနေဖြင့် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအခြေအနေနှင့် အချောင်သမား၊ သာယာစီး၊ အခွင့်အရေးသမား၊ သာကူး (Opportunist) လူပုဂ္ဂိုလ်ကြီးများ ဖြစ်ထွန်းပေါ်ပေါက်လာနိုင်မည့် အခြေအနေများကို ပုံတွင် ဖော်ပြထားပါသည်။ စာရေးသူအနေနှင့် အထူးပြု သတိပေးလိုသည့်အချက်မှာ “လောကနိယာမသဘောတရားများအရ မိမိကိုယ်ကို ထိန်းကျောင်းခြင်း မပြုလုပ်နိုင်ခဲ့ပါလျှင် ပြင်ပက လာရောက်ပြီး ထိန်းကျောင်းခြင်းကို ခံရမည်ဖြစ်ပါသည်။” စာဖတ်သူများအနေဖြင့် ပုံတွင် ဖော်ပြထားရှိသည့် အကြောင်းအရာ အချက်အလက်များကို သတိပြု နိုင်စေရန် ထပ်မံဖော်ပြပါသည်။

 

ဗြိတိသျှ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား စစ်ပွဲသုံးကြိမ် ပြုလုပ်ဆင်နွှဲခဲ့ပြီး အုပ်ချုပ်မှုကို စတင်ခဲ့ကြရာ ပထမစစ်ပွဲတွင် သိမ်းယူခဲ့သည့် နယ်မြေ ဧရိယာများတွင် စုစုပေါင်းအုပ်ချုပ်ခဲ့သည့်ကာလမှာ နှစ်ပေါင်း ၁၁၉ နှစ် ခန့်ကြာမြင့်ခဲ့ပြီး တတိယစစ်ပွဲတွင် သိမ်းယူခဲ့သည့် နယ်မြေဧရိယာများတွင် စုစုပေါင်း အုပ်ချုပ်ခဲ့သည့်ကာလမှာ ၅၉ နှစ် ခန့်ကြာမြင့်ခဲ့ပါသည်။ ဂျပန်တို့သည် မြန်မာနိုင်ငံအား ၁၉၄၂ ခုနှစ်ခန့်မှ ၁၉၄၅ ခုနှစ်ခန့်အထိ သုံးနှစ်ခန့် အုပ်ချုပ်ခဲ့ကြပါသည်။

လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း နှစ်ပေါင်း ၇၅ နှစ်ခန့်ကာလအတွင်း ကျင့်သုံးအကောင်အထည် ဖော်ခဲ့ကြသည့် နိုင်ငံရေးစနစ်များကို လေ့လာကြည့်ပါက တရားဝင်ဖြစ်ခြင်း၊ တရားနည်းကျခြင်း (Legitimacy) ဖြစ်စေပြီး လူအပေါင်းတို့၏သဘောဆန္ဒအရ ရွေးကောက်ခြင်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့သည့်ကာလမှာ ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ၁၀ နှစ်တာကာလ၊ ၁၉၆၀ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ နှစ်နှစ်တာကာလ နှင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ၁၀ နှစ်တာကာလ စုစုပေါင်း ၂၂ နှစ်ခန့်သာ ရှိပါသည်။ ကျန် နှစ်ပေါင်း ၅၃ နှစ်ခန့်မှာ အာဏာရှင် စစ်အုပ်ချုပ်ရေးကာလများသာ ဖြစ်ခဲ့ပါသည်။ 

အထက်ဖော်ပြပါ အခြေအနေများအရ အချောင်သမား၊ သာယာစီး၊ အခွင့်အရေးသမား၊ သာကူး (Opportunist) အရေအတွက် မည်မျှအထိ မွေးထုတ်ခဲ့မည်ကို ခန့်မှန်းကြည့်နိုင်ပါသည်။ အချောင်သမား၊ သာယာစီး၊ အခွင့်အရေး သမား၊ သာကူး (Opportunist) များသည် တိုင်းပြည် နိုင်ငံတော်ကို ထိန်းကျောင်းမည့်သူများ မဟုတ်ကြပါ။ အချောင်သမား၊ သာယာစီး၊ အခွင့်အရေးသမား၊ သာကူး (Opportunist) အမြောက်အမြား တည်ရှိနေပါလျှင် မိမိတို့ နိုင်ငံအား ပြင်ပနိုင်ငံများ၏ ထိန်းကျောင်းခြင်းကို ခံရမည်ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် သမိုင်းကြောင်း အခြေအနေများအရ ဆိုးရွား ပြင်းထန်လျက်ရှိပြီး ခက်ထန်ကြမ်းတမ်းလှသည့် တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားများ၊ နိုင်ငံသားတို့အနေဖြင့် မိမိတို့ အသက်ရှင် ရပ်တည် နိုင်စေရေး၊ ရှင်သန်ခွင့် ရရှိနိုင်စေရေး၊ ချမ်းသာကြွယ်ဝခွင့်ရရှိနိုင်စေရေး စသည့် မိမိတို့၏ အကျိုးစီးပွားအတွက် အချောင်သမား၊ သာယာစီး၊ အခွင့်အရေးသမား၊ သာကူး ဆိုသည့် အဓိပ္ပာယ်ရရှိသည့် (Opportunist) လူပုဂ္ဂိုလ်များအဖြစ် ရပ်တည်ဆောင်ရွက်ခြင်းများကို မလွှဲသာ မရှောင်သာ အဖြစ်သော်လည်းကောင်း၊ တမင် သိလျက်နှင့် သော်လည်းကောင်း ပြုလုပ် ဆောင်ရွက်မိစေနိုင်ပါသည်။ ယနေ့အချိန်မှ စတင်ကာ အချောင်သမား၊ သာယာစီး၊ အခွင့်အရေးသမား၊ သာကူး အဖြစ် နေထိုင် ပြုလုပ်ဆောင်ရွက်နေခြင်းသည် တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူ ပြည်သား နိုင်ငံသား အားလုံးတို့အား တိုင်းတစ်ပါး တိုင်းပြည် နိုင်ငံ၏ ကျွန်အဖြစ်သို့ အချိန်တိုအတွင်း ရောက်ရှိသွားစေနိုင်သည်ကို တိုင်းပြည်နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားသူများနှင့် ပြည်သူ ပြည်သား နိုင်ငံသား အားလုံးတို့အနေဖြင့် သတိပြုမိပြီး အချိန်မီ ပြုပြင် ပြောင်းလဲ နိုင်စေရေးကို စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါ စေကြောင်း ရေးသားတင်ပြအပ်ပါသည်။

References:

1. Oliver E. Williamson (2005), “Transaction Cost Economics”, Handbook of New Institutional Economics, Menard and M. M. Shirley (eds.), pp – 41- 65. Springer. Printed in the Netherlands.

2. Anne Fennimore (2017), "Natural born opportunists", Management Decision, https://doi.org/10.1108/MD-11-2016-0786 Permanent link to this document: https://doi.org/10.1108/MD-11-2016-0786

3. Peter T. Leeson (2009), “Opportunism and Organization under the Black Flag”, in “The Invisible Hook: The Hidden Economics of Pirates”, Princeton University Press, 2009.