တရုတ်၏ အိမ်နီးချင်းနိုင်ငံများအပေါ် အမေရိကန်က ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် စစ်ပွဲဆင်နွှဲမှုများ (၆)

တရုတ်၏ အိမ်နီးချင်းနိုင်ငံများအပေါ် အမေရိကန်က ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် စစ်ပွဲဆင်နွှဲမှုများ (၆)
Photo – India Times
Photo – India Times
Published 23 January 2023
နရီမင်း၊ မိုးဧအောင်

အိန္ဒိယနိုင်ငံ

အမေရိကန်သည် မြန်မာနိုင်ငံအပါအဝင် တရုတ်၏ အိမ်နီးချင်းနိုင်ငံများအပေါ် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် စစ်ပွဲဆင်နွှဲရာ၌ (၁) သမားရိုးကျ စစ်ပွဲ - Classic War၊ (၂) စီ အိုင်အေ၏ လျှို့ဝှက်စစ်ပွဲ - Secret War of  CIA

နှင့် (၃) ပရောက်စီစစ်ပွဲ - Proxy War ဟူ၍ အကြမ်းအားဖြင့် ပုံသဏ္ဌာန်သုံးမျိုးရှိကြောင်း တွေ့ရှိရမည်ဖြစ်သည်။ အိန္ဒိယ၌ အမေရိကန်သည် CIA ၏ လျှို့ဝှက်စစ်ပွဲ ပုံသဏ္ဌာန်ကို အဓိက အသုံးပြုခဲ့သည်။ CIA သည် ရန်ဘက်နှစ်နိုင်ငံ ဖြစ်သော ပါကစ္စတန်နှင့် အိန္ဒိယတို့၏ ထောက်လှမ်းရေးအဖွဲ့များ ဖြစ်သော ISI နှင့် R&AW တို့နှင့် အနီးကပ်ဆက်ဆံကာ ‘မီးစတစ်ဖက် ရေ မှုတ်တစ်ဖက်’ မူဝါဒမျိုးဖြင့် ၎င်းတို့ အကျိုးစီးပွားအလို့ငှာ လိုသလို ကစားခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သည်။

ပထဝီနှင့် သမိုင်းနောက်ခံ

အိန္ဒိယ၏ တရားဝင်အမည်မှာ “အိန္ဒိယ သမ္မတနိုင်ငံတော်”ဖြစ်သည်။ တောင်အာရှတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် အကျယ်အဝန်းအားဖြင့် သတ္တမမြောက်အကြီးဆုံး၊ ဒုတိယမြောက် လူဦးရေအများဆုံးနှင့် ဒီမိုကရေစီနိုင်ငံများတွင်လူဦးရေအများဆုံးနိုင်ငံဖြစ်သည်။ တောင်ဘက်တွင်  အိန္ဒိယသမုဒ္ဒရာ၊ အနောက်ဘက်၌ အာရပ်ပင်လယ်နှင့် အရှေ့ဘက်တွင် ဘင်္ဂလားပင်လယ်အော်တို့က ဝန်းရံထားပြီး အိန္ဒိယတွင် ကမ်းရိုးတန်းအရှည် မိုင်ပေါင်း ၄,၆၇၁ မိုင် (၇၅၁၇ ကီလိုမီတာ) ရှိသည်။ အိမ်နီးချင်းနိုင်ငံများအနေဖြင့် အနောက်ဘက်တွင် ပါကစ္စတန်နိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်၊ နီပေါနိုင်ငံနှင့် ဘူတန်နိုင်ငံ၊ အရှေ့ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ရှိကြသည်။ အိန္ဒိယသမုဒ္ဒရာထဲရှိ နိုင်ငံများဖြစ်သော သီရိလင်္ကာနိုင်ငံ၊ မော်လဒိုက်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့နှင့်လည်း နီးစပ်သည်။

၂၀ ရာစု၏ ပထမပိုင်း ရာစုနှစ်တစ်ဝက်တွင် အိန္ဒိယအမျိုးသားကွန် ဂရက်နှင့် အခြားနိုင်ငံရေးအဖွဲ့အစည်းများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုကို စတင်ခဲ့သည်။ ၁၉၂၀ ပြည့်လွန် နှစ်များနှင့် ၁၉၃၀ ပြည့်လွန်နှစ်များတွင် မဟတ္တမဂန္ဓီ၏ ဦးဆောင်မှုဖြင့် ‘အဟိံသ’ ခေါ် အကြမ်းမဖက်ရေးလမ်းစဉ်အောက်တွင် သန်းပေါင်းများစွာသော ဆန္ဒပြသူတို့သည် တစ်စုတစ်ဝေးတည်းသော အာဏာဖီဆန်ရေး လှုပ်ရှားမှုများ၌ ပါဝင်ခဲ့ကြသည်။ နောက်ဆုံး ၁၉၄၇ ခုနှစ် သြဂုတ် ၁၅ ရက်တွင် အိန္ဒိယသည် ဗြိတိသျှတို့၏ အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေး ရရှိခဲ့သည်။ သို့သော် မွတ်စလင်အစုအဖွဲ့တို့၏ ဆန္ဒအရ ဘာသာရေးအရ ကွဲပြားသော အိန္ဒိယဒိုမီနီယံနှင့် ပါကစ္စတန် ဒိုမီနီယံတို့အတွက် လွတ်လပ်သော အစိုးရအဖွဲ့များဖြင့် ခွဲခြားဖွဲ့စည်းခဲ့သည်။ သုံးနှစ်ကြာသောအခါ အိန္ဒိယသည် သမ္မတနိုင်ငံ ဖြစ်လာခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် စတင်သက်ဝင်လာခဲ့သည်။

အိန္ဒိယနိုင်ငံသည် လွတ်လပ်ရေးရသည့်အချိန်မှစ၍ ဘာသာရေးအကြမ်းဖက်မှု၊ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားခြင်းမှဖြစ်သော အကြမ်းဖက်မှုနှင့် ပုန်ကန်ထကြွမှုတို့၏ဒုက္ခကို နေရာအနှံ့အပြားတွင် ခံခဲ့ရသည်။ သို့သော် သည်းညည်းခံခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲခြင်းတို့မှတစ်ဆင့် ထိန်းချုပ်နိုင်ခဲ့သည်။ အကြမ်းဖက်သမားတို့၏ ၀ါဒသည်လည်း အိန္ဒိယ၏ အဓိက လုံခြုံရေးဆိုင်ရာ ပြဿနာပင်ဖြစ်သည်။ ပုန်ကန်ထကြွသူများမှာ ဂျမ်မူးနှင့် ကက်ရှ်မီးယား၊ အိန္ဒိယအရှေ့မြောက်ပိုင်းနှင့် ကျေးလက်ဒေသများတွင် နက်ဆယ်လိုက်ခေါ် အိန္ဒိယ ကွန်မြူနစ်တို့ ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်များမှစ၍ စနစ်တကျ စီစဉ်ထားသော အကြမ်းဖက် တိုက်ခိုက်မှုများမှာ အိန္ဒိယ၏ မြို့ကြီး အများအပြားတွင် ဖြစ်ပွားခဲ့ကြသည်။

အိန္ဒိယတွင် တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့နှင့် မဖြေရှင်းနိုင်သေးသော နယ်မြေပိုင်ဆိုင်မှု ပြဿနာရှိပြီး ထိုအကြောင်းကြောင့် ၁၉၆၂ ခုနှစ်တွင် အိန္ဒိယ-တရုတ် စစ်ပွဲဖြစ်ပွားခဲ့ပြီး ပါကစ္စတန်နှင့်မူ ၁၉၄၇၊ ၁၉၆၅၊ ၁၉၇၁ နှင့် ၁၉၉၉ ခုနှစ်တို့တွင် စစ်ဖြစ်ခဲ့သည်။ အိန္ဒိယသည် ဘက်မလိုက်လှုပ်ရှားမှုနှင့် ကုလသမဂ္ဂ (ဗြိတိသျှ အိန္ဒိယအဖြစ်) ကို စတင်တည်ထောင်သူများတွင် ပါဝင်သည်။ ၁၉၇၄ ခုနှစ်တွင် အိန္ဒိယသည် မြေအောက်နျူကလီးယားစမ်းသပ်မှုကို ပြုခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် နောက်ထပ်စမ်းသပ်မှု ငါးကြိမ် ပြုလုပ်ခဲ့ပြီးနောက် အိန္ဒိယကို နျူကလီးယားလက်နက် ပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့သည်။

၁၉၉၁ ခုနှစ်မှ စတင်၍ အကြီး အကျယ် စီးပွားရေး ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်ခဲ့သဖြင့် အိန္ဒိယနိုင်ငံကို ကမ္ဘာပေါ်တွင် စီးပွားရေး တိုးတက်မှု အမြန်ဆုံးနိုင်ငံများတွင် အပါအဝင်ဖြစ်အောင် တွန်းပို့ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာနှင့်ဒေသဆိုင်ရာ သြဇာအာဏာရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့သည်။

နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ

၁၉၄၇ ခုနှစ် လွတ်လပ်ရေးရသည့် အချိန်မှစ၍ အိန္ဒိယသည် နိုင်ငံများစွာနှင့် နွေးထွေးသော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်များတွင် အိန္ဒိယနိုင်ငံသည် အာဖရိကနှင့် အာရှရှိ ဥရောပျကိုလိုနီနိုင်ငံတို့၏ လွတ်လပ်ရေးအတွက် တိုက်တွန်းကြိုးပမ်းရာတွင် ဦးဆောင်ဦးရွက်ပြုခဲ့သည်။ အိန္ဒိယသည် အိမ်နီးချင်း နိုင်ငံများအား စစ်ရေးအရ ဝင်ရောက် စွက်ဖက်မှုတွင် နှစ်ကြိမ်မျှ ပါဝင်ခဲ့သည်။ ပထမအကြိမ်မှာ သီရိလင်္ကာနိုင်ငံသို့ အိန္ဒိယငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်များ ဝင်ရောက်ခြင်း ဖြစ်ပြီး ဒုတိယအကြိမ်မှာ Operation Cactus ဖြင့် မော်လဒိုက်နိုင်ငံသို့ ဝင်ရောက်ခြင်းဖြစ်သည်။ အိန္ဒိယသည် ဓနသဟာယ နိုင်ငံများအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ဘက်မလိုက်လှုပ်ရှားမှုကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သော အသင်းဝင်နိုင်ငံလည်း ဖြစ်သည်။ ၁၉၆၅ ခုနှစ် တရုတ်-အိန္ဒိယစစ်ပွဲနှင့် အိန္ဒိယ-ပါကစ္စတန် စစ်ပွဲအပြီးတွင် ဆိုဗီယက်ပြည်ထောင်စုနှင့် ဆက်ဆံရေး ကောင်းမွန်တိုးတက်လာခဲ့ပြီး အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ပျက်ပြားခဲ့သည်မှာ စစ်အေး တိုက်ပွဲပြီးသည့် အချိန်အထိပင် ဖြစ်သည်။ အိန္ဒိယသည် ပါကစ္စတန်နှင့် သုံးကြိမ် စစ်ဖြစ်ခဲ့ပြီး အဓိကအားဖြင့် ကက်ရှ်မီးယား ပြဿနာကြောင့် ဖြစ်သည်။ နိုင်ငံနှစ်နိုင်ငံတို့ကြားတွင် တိုက်ပွဲအသေးစားလေးများလည်း ထပ်မံဖြစ်ပွားခဲ့ပြီး အထူးသဖြင့် ၁၉၈၄ ခုနှစ် ရှာချန်ရေခဲမြစ် (Siachen Glacier) ပြဿနာကြောင့် ဖြစ်သည့် တိုက်ပွဲနှင့် ၁၉၉၉ခုနှစ် ကာဂေး (Kargil) ပြဿနာကြောင့်ဖြစ်သည့် တိုက်ပွဲတို့ဖြစ်သည်။

လတ်တလောနှစ်များတွင် အိန္ဒိယသည် အာဆီယံ၊ တောင်အာရှ နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအသင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့တွင် သြဇာရှိသော နိုင်ငံတစ်ခုဖြစ်လာခဲ့သည်။ အိန္ဒိယသည် ကုလသမဂ္ဂကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နှစ်ကာလကြာရှည်စွာ အထောက်အကူပေးခဲ့သော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ အိန္ဒိယမှ ရဲတပ်ဖွဲ့ဝင်နှင့် စစ်သား ၅၅,၀၀၀ ကျော်တို့သည် တိုက်ကြီး လေးတိုက်တွင် ဖြန့်ကြက်လျက်ရှိသော ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးထိန်းသိမ်းရေးအစီအစဉ် ၃၅ ခုတွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ဝေဖန်မှုနှင့် စစ်ရေးအရ ပိတ်ဆို့မှုများရှိသော်လည်း အိန္ဒိယသည် နျူကလီးယားစမ်းသပ်မှု တားမြစ်ခြင်း သဘောတူညီချက်နှင့် နျူကလီးယား မပြန့်ပွားရေး သဘောတူညီချက်တို့ကို လက်မှတ်ရေးထိုးရန် တစိုက်မတ်မတ် ငြင်းဆန်ခဲ့သည်။ နျူကလီးယားဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အပေါ်တွင်သာ ပို၍ အလေးပေးခဲ့သည်။ ယခုလတ်တလော အိန္ဒိယအစိုးရ၏ အစပျိုးဆောင်ရွက်မှုများကြောင့် အမေရိကန်ပြည်ထောင်စု၊ တရုတ်နိုင်ငံ၊ ပါကစ္စတန်တို့နှင့် ဆက်ဆံရေး ပိုမိုခိုင်မာတောင့်တင်းလာခဲ့သည်။  စီးပွားရေးနယ်ပယ်တွင်မူ အိန္ဒိယသည် တောင်အမေရိက၊ အာရှနှင့် အာဖရိကရှိ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် နီးစပ်သော ဆက်ဆံရေးရှိသည်။

အိန္ဒိယနိုင်ငံတွင် ကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့ ပါဝင်သော ကမ္ဘာပေါ်တွင် တတိယမြောက်အကြီးဆုံး စစ်တပ်ရှိသည်။ အရန်အင်အားစုများဖြစ်သော အရန်စစ်တပ်၊ ကမ်းခြေစောင့်တပ်နှင့် မဟာဗျူဟာကွပ်ကဲရေး တပ်တို့သည်လည်း စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။ အိန္ဒိယနိုင်ငံ၏သမ္မတသည် အိန္ဒိယစစ်တပ်များ၏ ဦးစီးချုပ်ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ပြုံးနေသော ဗုဒ္ဓစစ်ဆင်ရေး (operation Smiling Buddha) ဟုခေါ်သော ၁၉၇၄ ခုနှစ် ပဏာမ နျူကလီးယား စမ်းသပ်မှုအပြီးတွင် နျူကလီးယား အင်အားရှိသော နိုင်ငံ ဖြစ် လာခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ထပ်မံပြုလုပ်သော မြေအောက် နျူကလီးယား စမ်းသပ်မှုများကြောင့် နိုင်ငံတကာမှ အိန္ဒိယနိုင်ငံအား စစ်ရေးအရ ပိတ်ဆို့အရေးယူခဲ့ပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာလနောက်ပိုင်းတွင်မှ ဖြည်းဖြည်းချင်း ပြန် လည်ရုပ်သိမ်းခဲ့သည်။ အိန္ဒိယသည် နျူကလီးယားလက်နက်ကို မိမိကစတင်၍ အသုံးမပြုဆိုသည့် မူဝါဒကို ကျင့်သုံးသည်။ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၁၀ ရက်တွင် အိန္ဒိယ-အမေရိကန် ပြည်သူ့ နျူကလီးယား သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုစာချုပ်မတိုင်မီတွင် အိန္ဒိယသည် အိုင်အေအီးအေနှင့် နျူကလီးယားပစ္စည်း ပံ့ပိုးရောင်းချရေးအဖွဲ့ (NSG) တို့မှ ကင်းလွတ်ခွင့်ရရှိခဲ့ပြီး နျူကလီးယားကြောင့် အပယ်ခံဖြစ်နေမှုကို ပြီးဆုံးစေခဲ့သည်။

အိန္ဒိယ - အမေရိကန် ယေဘုယျဆက်ဆံရေး

အိန္ဒိယနှင့် အမေရိကန် ပြည်ထောင်စုတို့၏ ခေတ်သစ်ဆက်ဆံရေးမှာ ဗြိတိသျှတို့ အိန္ဒိယကို လွတ်လပ်ရေးပေးခဲ့သော ၁၉၄၇ ခုနှစ် နောက်ပိုင်းမှ စတင်ခဲ့သည်။ လက်ရှိကာလ၌လည်း အိန္ဒိယနှင့် အမေရိကန်တို့သည် နီးကပ်သောဆက်ဆံရေးရှိကြပြီး အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေး  (ပါကစ္စတန်၏ ပါဝင်ပတ်သက်မှု အပါအဝင်)၊ ပါကစ္စတန်၏ နျူကလီယားလက်နက်အစီအစဉ်အပေါ် စောင့်ကြည့်ခြင်းနှင့် အင်ဒို-ပစိဖိတ်ဒေသအား တရုတ်၏ သြဇာလွှမ်းမိုးမှုကို တုံ့ပြန်ရေး ကိစ္စရပ်များတွင် နှစ်နိုင်ငံ နီးနီးကပ်ကပ် ဆက်ဆံလျက်ရှိသည်။ အိန္ဒိယလွတ်လပ်ရေးရချိန်မှ အစပြု၍ နှစ်နိုင်ငံ စစ်ရေးဆိုင်ရာ ဆက်သွယ်မှုများကို ပြန်လည်ခြေရာကောက်လျှင် ယခုကဲ့သို့တွေ့ရမည်။

အိန္ဒိယ - အမေရိကန် စစ်ရေးဆက်စပ်မှုများ

၁၉၅၄ ခုနှစ်၌ အမေရိကန်သည် ပါကစ္စတန်ကို ဗဟိုရပ်ဝန်းစာချုပ်အဖွဲ့ဝင် (Central Treaty Organization -CENTO) မဟာမိတ်နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့၏။ (CENTO အဖွဲ့ကို ဒုတိယကမ္ဘာစစ်အပြီး စစ်အေးခေတ်ကာလ အစပိုင်း၌ ကွန်မြူနစ်လွှမ်းမိုးမှုကို အန်တုနိုင်ရန် ရည်ရွယ်ကာ ၁၉၅၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် ဘဂ္ဂဒက်သဘောတူညီချက်အရ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အီရန်၊ အီရတ်၊ ပါကစ္စတန်၊ တူရကီနှင့် ဗြိတိန်နိုင်ငံတို့ ပါဝင်သည်)။ ရလဒ်အဖြစ် အမေရိကန် - ပါကစ္စတန် ဆက်ဆံရေးအပေါ် တန်ပြန်ထိန်းချုပ်နိုင်ရေးအတွက် အိန္ဒိယသည် ဆိုဗီယက်ယူနီယံနှင့် မဟာဗျူဟာအရရော စစ် ရေးအရပါ ပိုမိုနီးကပ်သွားခဲ့သည်။

၁၉၆၁ ခုနှစ်၌ အိန္ဒိယသည် အကြီးအမှူးအဖြစ် ကမကထပြုကာ ဘက်မလိုက်နိုင်ငံများ လှုပ်ရှားမှုကို ထူထောင်ခဲ့သည်။ ထိုအဖွဲ့သည် စစ်အေးကာလအတွင်း အင်အား ပြိုင်ခဲ့ကြသော အမေရိကန်နှင့် ဆိုဗီယက်တို့အကြား မည်သည့်ဘက်ကိုမှ မယိမ်းမိစေရန် အားထုတ်ခဲ့သည့် လုပ်ရပ်ဖြစ်သည်။ ၁၉၇၁ ခုနှစ် အင်ဒို-ပါကစ္စတန်စစ်ပွဲအတွင်း သမ္မတ နစ်ဆင်၏ အမေရိကန် အစိုးရက ပါကစ္စတန်တို့ကို အားပေးကူညီခဲ့ပြီး ထိုမဟာမိတ်ဖြစ်မှု၏ အတိုင်းအတာမှာ ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့သော ၁၉၉၁ ခုနှစ်တိုင် တည်တံ့ခဲ့လေသည်။ ၁၉၉၀ ပြည့်လွန်နှစ်များ၌မူ အိန္ဒိယက ဧကဝင်ရိုးအင်အားသဘောကို လက်ခံသည့်မူဝါဒ အပြောင်းအလဲဖြစ်လာမှသာ အမေရိကန်နှင့်ဆက်ဆံရေး ပြန်လည် နွေးထွေးလာခဲ့သည်။

ဒုတိယကမ္ဘာစစ်

ဒုတိယကမ္ဘာစစ်အတွင်း အိန္ဒိယသည် တရုတ်-ဗမာ-အိန္ဒိယ (China Burma India Theater - CBI) အတွဲအစပ်နှင့် ဂျပန်ကို ဆန့် ကျင်တိုက်ခိုက်ရာတွင် အဓိက အခြေခံစခန်း ဖြစ်ခဲ့သည်။ ခေတ်မီ စစ်ရေးနည်းနာများကို အကျွမ်းတဝင်ရှိသော အမေရိကန်တပ်သား ထောင်သောင်းချီကာ တာဝန်ထမ်းဆောင်ခဲ့ကြပြီး ၁၉၄၅ ခုနှစ် စစ်ကြီးပြီးချိန်တွင် ပြန်လည်ထွက်ခွာခဲ့ကြသည်။

ထိုကာလအတွင်းက အမေရိကန်၏ တရုတ်ပြည်သို့ လေကြောင်းပျံသန်းရေးအတွက် အိန္ဒိယသည် အဓိကအခြေစိုက်စခန်း ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကာလ၊ ၁၉၄၂ မှ ၁၉၄၅ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၊ ဘင်ဂေါဒေသရှိ ပနာဂါ့လေဆိပ်ကို အမေရိကန်၊ အမှတ် ၁၀ လေတပ်က ပို့ဆောင်ထောက်ပံ့ရေး လေဆိပ်အဖြစ်အသုံးပြုခြင်းနှင့် ဘီ - ၂၄  ဗုံးကြဲလေယာဉ်များအတွက် ထိန်းသိမ်းပြုပြင်ရေးအခြေခံစခန်းအဖြစ် အသုံးပြုခဲ့သည်။

အိန္ဒိယ လွတ်လပ်ရေးရပြီးချိန် (၁၉၄၇ - ၁၉၉၇)

သမ္မတ ထရူးမင်းလက်ထက် အမေရိကန်စီမံကိန်းကျွမ်းကျင်သူ အများစုက ပါကစ္စတန်ထက် အိမ်နီးချင်းအိန္ဒိယကို သံတမန်ရေးရာအရ ပိုမိုအလေးထားခဲ့ကြသည်။ သို့သော် စစ်အေးခေတ်၌ အိန္ဒိယခေါင်းဆောင် နေရူး၏ ကြားနေရေးဝါဒက အိန္ဒိယအရေး စိတ်ဝင်စားသူ အမေရိကန်အများစုကို တုံ့ဆိုင်းတွေဝေစေခဲ့သည်။ အမေရိကန်အစိုးရက အိန္ဒိယ၏ ဘက်မလိုက်မူဝါဒကို အနုတ်လက္ခဏာအဖြစ် ရှုမြင်ခဲ့ကြသည်။ ၁၉၄၈ ခုနှစ်၌ ကက်ရှ်မီးယားအရေး၌ အမေရိကန်က ‘တတိယလူ’ အဖြစ် ဆောင်ရွက်ပေးရန် ကမ်းလှမ်းချက်ကို နေရူးက ပယ်ချခဲ့၏။

ကိုရီယားကျွန်းဆွယ်စစ်ပွဲ ဖြစ်ပွားလာသည့်အခါ ၁၉၅၀ ပြည့်နှစ်၊ ကုလသမဂ္ဂ၏ မြောက်ကိုရီးယားအား ကျူးကျော်သူအဖြစ် ရှုတ်ချကြောင်း ဆုံးဖြတ်ချက်ကို အမေရိကန်နှင့်အတူ အိန္ဒိယက ရပ်တည်ခဲ့သည်။ စစ်ပွဲအဆုံးရေး ဖျန်ဖြေပေးရာတွင် အမေရိကန်၊ တရုတ်တို့နှင့်အတူ အိန္ဒိယလည်း ပါဝင်ခဲ့သည်။ စစ်ပွဲ၌ အိန္ဒိယတိုက်ခိုက်ရေးတပ်များ မပါဝင်ခဲ့သော်ငြား ကုလသမဂ္ဂ၏ အကူအညီအလို့ငှာ စစ်ဆရာဝန် ၃၄၆ ဦး ပါဝင်သော ဆေးတပ်ဖွဲ့ကို စေလွှတ်ပေးခဲ့သည်။

သမ္မတ ဂျွန်အက်ဖ်ကနေဒီ လက်ထက် ၁၉၆၁ - ၆၃ ခုနှစ်အတွင်း အိန္ဒိယကို အမေရိကန်က မဟာဗျူဟာမြောက် လက်တွဲဖက်အဖြစ် အလေးထားကာ ကွန်မြူနစ်တရုတ်၏ ခေါင်းထောင်လာမှုအား ထိန်းညှိခဲ့သည်။ ကနေဒီက “တရုတ် ကွန်မြူနစ်တွေ လှုပ်ရှားနေတာ ၁၀ နှစ်ကျော်ခဲ့ပြီ။ အိန္ဒိယကလည်း ထိုက်သင့်သလောက် တိုးတက်လာပါတယ်။ ဒါပေမဲ့ သူ့ပြည်သူ သန်းပေါင်း ၄၅၀ အတွက် အောင်မြင်မှုရအောင်၊ လွတ်လပ်မှု ရှိအောင် မဆောင်ကြဉ်းနိုင်ခဲ့ရင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဆင်းရဲတဲ့ တိုင်းပြည်တွေက ပြည်သူတွေဟာ သူတို့ဘဝတွေ တိုးတက်ဖို့အတွက် ကွန်မြူနစ်ဝါဒမှတစ်ပါး အခြားမရှိလို့ ယုံကြည်သွားကြလိမ့်မယ်”ဟု မှတ်မှတ်သားသား စကားဆိုခဲ့လေသည်။

ကနေဒီအစိုးရသည် ၁၉၆၂ ခုနှစ်၊ တရုတ် - အိန္ဒိယစစ်ပွဲ၌ “ဝရုန်းသုန်းကားနိုင်လှသည့် တရုတ်ကွန်မြူနစ်တို့၏ အိန္ဒိယအပေါ် ကျူးကျော်ခြင်း” ဟု ရှုမြင်ကာ အိန္ဒိယကို လူသိရှင်ကြား ကူညီခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ လေတပ်သည် အိန္ဒိယတပ်ဖွဲ့များအတွက် လက်နက်၊ ခဲယမ်းမီးကျောက်များ၊ အဝတ်အထည်များကို ပျံသန်းပို့ဆောင်ခဲ့ပြီး အမေရိကန် ရေတပ်လည်း USS Kitty Hawk လေယာဉ်တင်သင်္ဘောကို အိန္ဒိယသို့ သွားရောက်ရန် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ စေလွှတ်ခဲ့သည်။ နှစ်နိုင်ငံ ပဋိပက္ခပြေလည်သွားသဖြင့် အဆိုပါ သင်္ဘောကို ဘင်္ဂလားပင်လယ်အော်အတွင်း မဝင်ရောက်မီ ပြန်လည် ခေါ်ယူခဲ့ရသည်။

၁၉၇၀ ပြည့်လွန်နှစ်များ၌ သမ္မတနစ်ဆင်လက်ထက် ရောက်လာချိန်တွင် အမေရိကန် - အိန္ဒိယ ဆက်ဆံရေးမှာ အနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့သည်။ နစ်ဆင်သည် အိန္ဒိယ - ပါကစ္စတန် ရန်လိုလှသော ဆက်ဆံရေးအကြား ကြားနေအဖြစ် ဆက်လက်ကျင့်သုံးခြင်း မပြုခဲ့ပေ။ သူသည် ပါကစ္စတန်နှင့် အလွန်နီးကပ်သော ဆက်ဆံရေးကို ထူထောင်ခဲ့ပြီး စစ်ရေးရော စီးပွားရေးပါ အကူအညီပေးခဲ့သည်။ အင်ဒီရာဂန္ဓီ၏ ဦးဆောင်မှုအောက်ဝယ် အိန္ဒိယသည် ဆိုဗီယက်ယူနီယံဘက်သို့ သိသိသာသာ ယိမ်းယိုင်ခဲ့လေသည်။ အိန္ဒိယတိုက်ငယ်အတွင်း ပါကစ္စတန်၏ အနေအထားမှာ ဆိုဗီယက်ကို ကျားကန်ထားနိုင်ရေးအတွက် အလွန်အရေးကြီးသော မဟာမိတ်အဖြစ် နစ်ဆင်က ရှုမြင်ခဲ့သည်။ တစ်ဖန် သူ့လက်ထက်၌ တရုတ်နှင့် ပြန်လည်ဆက်သွယ်နိုင်ရေးအတွက် ပါကစ္စတန် နိုင်ငံကို ကြားခံအသုံးပြုခဲ့သည်။

၁၉၇၁ ခုနှစ်၊ အိန္ဒိယ - ပါကစ္စတန်စစ်ပွဲ၌ အမေရိကန်သည် ပါကစ္စတန်ကို ပြောင်ပြောင်တင်းတင်း အကူအညီပေးခဲ့ပြီး လေယာဉ်တင်သင်္ဘော USS Enterprise ကို ဘင်္ဂလားပင်လယ်အော်အတွင်း စေလွှတ်ကာ အနောက်ပါကစ္စတန်တပ်ဖွဲ့များအား ထောက်ပံ့ပေးရန် စီစဉ်ခဲ့သည်။ ၁၉၇၄ ခုနှစ်ကုန်ခါနီး အိန္ဒိယက ပထမဆုံးအကြိမ် နျူကလီးယားစမ်းသပ်မှု ပြုလိုက်သောအခါ အမေရိကန်တို့ ဆတ်ဆတ်ခါ နာသွားခဲ့လေသည်။

သို့သော်လည်း ၁၉၈၀ ပြည့် နှစ်၊ အင်ဒီရာဂန္ဓီပြန်လည်အာဏာရလာချိန်၌ နှစ်နိုင်ငံအကြားဆက်ဆံရေး ပြန်လည်တိုးတက်လာသည်။ သို့သော်လည်း အာဖဂန်နစ္စတန်အား ဆိုဗီယက်တို့ ကျူးကျော်သည့်အခါ အိန္ဒိယက အမေရိကန်အလိုအတိုင်း “ရောယိမ်းလိုက် ဘသား ယိမ်းလိုက်” မလုပ်ခဲ့ပါ။

 သမ္မတ ရော်နယ်ရေဂင်လက်ထက်တွင် အိန္ဒိယကို အတိုင်းအတာ အကန့်အသတ်ဖြင့် အကူအညီ ပြန်ပေးခဲ့ရာ၊ အိန္ဒိယက F-5 တိုက်လေယာဉ်၊ စူပါကွန်ပျူတာ၊ ညကြည့်မျက်မှန်နှင့် ရေဒါများ ရောင်းချပေးရန် ၀ါရှင်တန်ကို တောင်းဆိုခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ရေတပ်သင်္ဘောများအတွက် ဓာတ်ငွေ့တာဘိုင်၊ အပေါ့စားတိုက်လေယာဉ်များအတွက် ပုံပြုအင်ဂျင်စသော နည်းပညာအချို့ကို ပံ့ပိုးရန် ၀ါရှင်တန်က အတည်ပြုခဲ့သည်။

၁၉၉၈ - ၂၀၁၄ ခုနှစ်များအတွင်း စစ်ရေးဆိုင်ရာ အဆက်အစပ်များ

မကြာမီ အတယ်ဘီဟာရီ ဗာ့ဂျ်ပါယီသည် အိန္ဒိယ ဝန်ကြီးချုပ်ဖြစ်လာချိန်တွင် သူက ပိုခရန်၌ နျူကလီးယားလက်နက်များ စမ်းသပ်ရန် ခွင့်ပြုခဲ့သည်။ ထိုစမ်းသပ်မှုကို အမေရိကန်က ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး ပိတ်ဆို့မှုဆန်ရှင်များ ချမှတ်ခဲ့သည်သာမက နျူကလီးယားစမ်းသပ်မှုအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရှုတ်ချကြောင်း အဆိုကိုပါ ထောက်ခံမဲပေးခဲ့လေသည်။ သမ္မတ ကလင်တန်က အိန္ဒိယကို စီးပွားရေးပိတ်ဆို့ခြင်း၊ စစ်ရေးနှင့် စီးပွားရေးအကူအညီများ ဖြတ်တောက်ခြင်း၊ အိန္ဒိယအစိုးရပိုင်ကုမ္ပဏီများ၏ ဘဏ်စာရင်းများကို ထိန်းချုပ်ခြင်း၊ အမေရိကန်လေကြောင်းအတတ်ပညာနှင့် ယူရေနီယမ်တင်ပို့မှုအား တားမြစ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

သမ္မတ ဂျော့ဘုရှ်လက်ထက်၌ သံတမန်ရေးရာ မိုးလေဝသ ပြန်လည်ကောင်းမွန်လာသည်နှင့်အညီ အိန္ဒိယကလည်း သူ၏ နျူကလီးယားလက်နက်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာ၏ စစ်ဆေးအကဲဖြတ်ချက်ကို ခံယူရန် သဘောတူခဲ့သည်။ ၂၀၀၄ ခုနှစ်၌ အမေရိကန်သည် အိန္ဒိယ၏ပြိုင်ဘက် ပါကစ္စတန်နိုင်ငံအား နေတိုးအဖွဲ့ဝင် မဟုတ်သော အဓိက မဟာမိတ် (Major non-NATO ally - MNNA) အဖြစ် အမေရိကန်က အဆင့်တိုးမြှင့်ပေးခဲ့သည်။ အိန္ဒိယကိုလည်း အလားတူ မဟာဗျူဟာမြောက် ကမ်းလှမ်းချက်မျိုး ပြုခဲ့သော်လည်း အထမမြောက်ခဲ့ပါ။

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အမေရိကန်တို့ နယူးယောက် မျှော်စင်ညီနောင် တိုက်ခိုက်ခံရအပြီး  သမ္မတဂျော့ ဒဗလျူဘုရှ်သည် စူးအက်တူးမြောင်းမှ စင်ကာပူသို့ အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းအား အသုံးပြုရာတွင် မဟာဗျူဟာမြောက် မူဝါဒများချမှတ်ရန် အိန္ဒိယနှင့် နီးနီးကပ်ကပ် ပူးပေါင်းခဲ့လေသည်။

ဘုရှ်၏ အိန္ဒိယနှင့် အလွမ်းသင့်ပုံကို သူ၏ The Post – American World စာအုပ်၌ ဂျော့ဒဗလျူဘုရှ်သည် “အမေရိကန်သမိုင်းတစ်လျှောက် အိန္ဒိယအပေါ် အလိုလားဆုံးသမ္မတ” အဖြစ် ရည်ညွှန်းခဲ့၏။

၂၀၀၉ ခုနှစ်၊ သမ္မတ အိုဘားမားလက်ထက်၌ အမေရိကန်ဒေါ်လာ ၂.၁ သန်းတန် ရေကြောင်းကင်းထောက်လေယာဉ် P-8 Poseidon ရှစ်စီးကို အမေရိကန်တို့က အိန္ဒိယအား ရောင်းချပေးခဲ့သည်။ အိုဘားမား၏ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ အိန္ဒိယအလည်အပတ်ခရီးစဉ်အတွင်း ဒေါ်လာငါးဘီလျံ တန်ဖိုးရှိ C-17 စစ်ထောက်ပို့လေယာဉ်နှင့် ဂျီအီး F414 အင်ဂျင်များ အထောက်အပံ့ပေးရန် သဘောတူညီချက် ရရှိခဲ့ကြသည်။

အိန္ဒိယ၊ ပါကစ္စတန်နှင့် တရုတ်အပေါ် အမေရိကန်၏ စစ်ရေးကစားကွက်များ

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ တွင် အမေရိကန်အထက်လွှတ်တော်က ပါကစ္စတန်သို့ နျူကလီးယားစွမ်းအင်သုံး F-16 တိုက်လေယာဉ် ရှစ်စီး၊ AN/APG-68(V)9 လေကြောင်းချီရေဒါ ရှစ်ခု၊ အီလက်ထရွန်နစ် စစ်ဆင်ရေးတိုက်ပွဲဝင် ALQ-211(V)9 ရှစ်စုံတို့ကို ထောက်ပံ့ရန် အိုဘားမားအစိုးရအား အတည်ပြုပေးခဲ့သည်။ အမေ ရိကန် ဥပဒေပြုသမားများ ကန့်ကွက်နေသည့်ကြားမှ ပါကစ္စတန်အတွက် နျူကလီးယား အခွင့်အလမ်းကို လမ်းစဖော်ပေးခဲ့သည်။ အိန္ဒိယကွန်ဂရက်ပါတီမှ ရွေး ကောက်ခံအမတ် ရှာရှီသာရိုးက “ဒီသတင်းကြားရတာ ကျွန်တော် သိပ်စိတ်ပျက်ပါတယ်။ အိန္ဒိယကို အကြမ်းဖက်သမားတွေ စေလွှတ်ခဲ့တဲ့၊ တာဝန်သိစိတ်ကင်းမဲ့တဲ့ အုပ်စိုးသူတွေရဲ့လက်ထဲကို ဒီလက်နက် တွေ အဆင့်မြှင့်နိုင်အောင် ထည့်ပေးလိုက်တာဟာ ငြင်းမရတဲ့ အမှန်တရားပါ။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုတဲ့ နာမည်ခံပြီး အမြင့်ဆုံး အမိန့်ကို ဆိုးဆိုးရွားရွား အကောင်အထည်ဖော်လိုက်တာလား”ဟု မေးခွန်းထုတ်ခဲ့သည်။ အိန္ဒိယအစိုးရသည် အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးကို ဆင့်ခေါ်ကာ F-16 တိုက်လေယာဉ်များ ပါကစ္စတန်သို့ ရောင်းချခြင်းအတွက် ကန့်ကွက်လွှာ ပေးအပ်ခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယသည် ရုရှားထံမှ အမေရိကန်ဒေါ်လာ ၅.၄၃ ဘီလျံတန်ဖိုးရှိ မြေပြင်မှ ဝေဟင်ပစ် S-400 Triumf ကာကွယ်ရေးစနစ် လေးစုံကို ထိန်းသိမ်းရန် သဘောတူညီချက် ရရှိခဲ့လေသည်။ ကမ္ဘာပေါ်၌ အဆင့်အမြင့်ဆုံး ဒုံးပျံကာကွယ်ရေးစနစ်ဖြစ် ပြီး အမေရိကန်တို့က S-400 ဝယ်ယူခဲ့သော အိန္ဒိယအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

လန်ဒန် ကင်းကောလိပ်မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခဟားရက်ရှ် ဗီပဲန့်က “အရင်းအမြစ် ကန့်သတ်ချက်တွေကြားက အင်ဒို - ပစိဖိတ်ဒေသမှာ ချိန်ခွင်ရှာညှိဖို့၊ အင်အားကြီးမားလာတဲ့ တရုတ်ကို ထိန်းနိုင်ဖို့ဆိုရင် အမေရိကန်ပြည်ထောင်စုအတွက် အိန္ဒိယဟာ သော့ချက်ပါပဲ” ဟု သုံးသပ်ခဲ့သည်။

၂၀၁၆ ခုနှစ် မတ်လ၌ ဂျပန်၊ သြစတြေးလျတို့နှင့်အတူ တောင် တရုတ်ပင်လယ်အတွင်း ကင်းလှည့်ရန် အမေရိကန်၏ အဆိုပြုချက်ကို အိန္ဒိယက ပယ်ချခဲ့သည်။ ပူးတွဲလေ့ကျင့်မှုမျိုးသာ ပြုလုပ်မည်ဖြစ်ပြီး ပူးပေါင်းကင်းလှည့်မှု မပြုနိုင်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး မနိုဟာပါရီကာက ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၇ ရက်၌ အမေရိကန်နှင့် အိန္ဒိယတို့သည် အခြေခံလဲလှယ်ခြင်းနှင့် ပူးပေါင်းရေးဆိုင်ရာသဘောတူညီချက် (Basic Exchange and Cooperation Agreement - BECA) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သတင်းအချက်အလက်များ ပိုမိုဖလှယ်နိုင်ပြီး ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းအားဖြင့် ဒေသတွင်း တရုတ်၏ စစ်အင်အားကြီးထွားလာမှုကို ချိန်ညှိနိုင်ရန် ရည်ရွယ်သည်။

အိန္ဒိယနိုင်ငံ၌ CIA ၏ လှုပ်ရှားမှုများ

၁၉၅၀ ပြည့်လွန်နှစ်များ

၁၉၅၅ ခုနှစ်တွင် စင်းလုံးငှား အိန္ဒိယခရီးသည်တင်လေယာဉ်ကြီး Kashmir Princess သည် ဗုံးခွဲခံခဲ့ရသည်။ ယင်းလေယာဉ်တွင် လိုက်ပါလာမည်ဟု မျှော်လင့်ထားသည့် ချူအင်လိုင်းကို လုပ်ကြံရန် ကြိုးပမ်းသည့်အနေဖြင့် ကူမင်တန်တို့က ဗုံးထောင်ခဲ့ခြင်းဖြစ်ကြောင်း အထောက်အထားများစွာ ရှိသည်။ အချို့သော ယေဘုယျပြောဆိုမှုများ ရှိသော်လည်း CIA ၏ ပါဝင်ပတ်သက်မှုကို ရှင်းလင်းစွာ သိရှိရမှုများ များများစားစား မရှိပါ။

ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမ၌ ၁၉၇၁ ခုနှစ်၌ မျက်နှာချင်းဆိုင်တွေ့ဆုံမှုတွင် ချူသည် အမေရိကန်၏ ပါဝင်ပတ်သက်မှုနှင့်ပတ်သက်၍ ဟင်နရီကစ်ဆင်ဂျာကို တိုက်ရိုက် မေးမြန်းခဲ့ရာ “ကျွန်တော် နောက်ဆုံးအကြိမ် ဝန်ကြီးချုပ်ကို ပြောခဲ့သလိုပါပဲ။ ဒါက CIA ရဲ့ လုပ်ရည်ကိုင်ရည်ကို အလွန်အမင်း တွက်ဆထားတာပါ” ဟူသော စကားပါဝင်သည့် တုံ့ပြန်မှုကို ပေးခဲ့သည်။ ကစ်ဆင်ဂျာက ချူကို သတ်ရန်ဟူသည့် အမေရိကန်၏ မူဝါဒကို ငြင်းဆိုခဲ့ပြီး ၎င်းတို့နှစ်ဦးသည် အမေရိကန်မှတ်တမ်းများတွင် တွေ့ရှိရသည့် ပုံမှန် မဟုတ်သော ပုံစံဖြင့် CIA အကြောင်းကို အတန်ကြာ ဆွေးနွေးခဲ့ကြသည်။

၁၉၅၈ ခုနှစ်တွင် အိန္ဒိယ၏ နျူကလီးယား အစီအစဉ်များကို စတင်ခဲ့သည်။ အိန္ဒိယနျူကလီးယား သိပ္ပံပညာရှင် ဟိုမီဂျီဟန်ဂါဘာဘား သေဆုံးခဲ့ရသည့် လေယာဉ်ပျက်ကျမှုကို CIA က ကြိုးကိုင်ခဲ့သည်ဟု ထောက်လှမ်းရေးအဖွဲ့မှ ကျွမ်းကျင်သူများက ရှုမြင်ကြသည်။

အိန္ဒိယကွန်မြူနစ်ပါတီမှ အီးအမ်အက်စ် နမ်ဘိုဒီရီပက် ဦးဆောင်သော အိန္ဒိယနိုင်ငံ ကာရာလာပြည်နယ်၏ ပထမဆုံး ရွေး ကောက်ခံပြည်နယ်အစိုးရကို ဆန့်ကျင်သော ‘ဗီမိုချာနာဆာမာရမ်’ (လွတ်မြောက်ရေးတိုက်ပွဲဟု အဓိပ္ပာယ်ရ) ဟု ခေါ်ဆိုသော ကွန်မြူနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ကာလအတွင်း ဆန္ဒပြပွဲများကို CIA က ထောက်ပံ့ငွေ အများအပြား ပေးအပ်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် လူထု ဆန္ဒပြပွဲများအပြီး အိန္ဒိယအစိုးရသည် နောက်ဆုံးတွင် နမ်ဘိုဒီရီပက်အား ဖိအားပေးရန် ကတိပြုခဲ့ပြီး ၁၉၅၉ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် ရာထူးမှ ထုတ်ပယ်ခဲ့သည်။

၁၉၆၀ ပြည့်လွန်နှစ်များ

၁၉၆၅ ခုနှစ်တွင် အထူးအမျိုးသားထောက်လှမ်းရေးဌာန၏ ခန့်မှန်းတွက်ချက်မှု ၃၁-၁-၆၅ က လက်ကျန် ၁၉၆၀ ပြည့်လွန်နှစ်များအတွက် အိန္ဒိယ၏ နျူကလီးယား လက်နက်မူဝါဒကို စစ်ဆေးခဲ့သည်။ ထိုသို့လုပ်ဆောင်ရာတွင် အိန္ဒိယ၏ နည်းပညာစွမ်းရည်များ၊ လက်နက် အစီအစဉ်တစ်ရပ်အတွက် ဖိအားများနှင့် ယင်းလက်နက်အစီအစဉ်အပေါ် ဆန့်ကျင်မှုများကို ဆန်းစစ်ခဲ့သည်။ နောက်ဆုံးအပိုင်းဖြစ်သည့် “The Indian Decision တွင် အိန္ဒိယ၏  ဆုံးဖြတ်ချက်ဆိုင်ရာ တွက်ချက်မှုများကို အကဲဖြတ်ရန် ကြိုးစားထားပြီး အိန္ဒိယသည် ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် မည်သည့် မြေအောက်စမ်းသပ်မှုကိုမဆို ကိုယ်စားပြုလုပ်ဆောင်ရန် ကြိုးပမ်းနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

၁၉၆၆ ခုနှစ်တွင် CIA ၏ စစ်ဆင်ရေးမှူးဟောင်း ရောဘတ် ခရိုလီနှင့် ဖုန်းဖြင့် လေးနှစ်ကြာ စကားပြောဆိုခဲ့သော သတင်းထောက် ဂရီဂိုရီဒေါက်ဂလက်သည် Coversations with the Crow (ခရိုနှင့် စကားပြောခန်းများ)အမည်ရှိ စာအုပ်ကို ထုတ်ဝေခဲ့သည်။ ဟိုမီဂျီဟန်ဂါဘာဘားကို လုပ်ကြံရာ၌ CIA သည် တာဝန်ရှိကြောင်း ခရိုလီက စောင်းပါးရိပ်ခြည် ပြောကြားခဲ့သည်ဟု ဒေါက်ဂလက်က ထုတ်ဖော်ရေးသားခဲ့သည်။ လေယာဉ်၏ ကုန်များ တင်ဆောင်ရာ အပိုင်းရှိ ဗုံးသည် အဲ့လ်ပ်တောင်တန်းတွင် ဘိုးအင်း ၇၀၇ ခရီးသည်တင်လေယာဉ်ကို သဲလွန်စအနည်းငယ်ဖြင့်သာ ပျက်ကျစေခဲ့ခြင်းကို “ကံဆိုးသည့် မတော်တဆမှု”ဟု ခရိုလီက ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့သည်။

အိန္ဒိယက ၎င်း၏ ထောက်လှမ်းရေးအေဂျင်စီ R&AWကို ၁၉၆၈ ခုနှစ်တွင် ဖွဲ့စည်းလိုက်သောအခါ RAW ၏ ပထမဆုံးဒါရိုက်တာ အာအန်ကာအိုသည် အမေရိကန်မှ CIA၊ ဗြိတိန်မှ SIS နှင့် ဆိုဗီယက် ယူနီယံမှ KGB အရာရှိများနှင့် တွေ့ဆုံခဲ့သည်။ တိတ်တိတ်ပုန်း ဆက်ဆံရေး အများစုသည် အခြေခံအားဖြင့် စရိုက်လက္ခဏာအရ နိုင်ငံရေးအသွင်အပြင်ကိုဆောင်သည်- ယင်းကို ယနေ့ခေတ်တွင် ‘နောက်ဖေးပေါက်သံခင်း တမန်ခင်း’ (Back Channel Diplomacy) ဟုခေါ်သည်-သို့သော် R&AW ၏ အထူးစစ်ဆင်ရေးများနှင့် လေကြောင်းသုတေသနဌာန ဖြစ်သော SIGINT/IMINT ယူနစ်တို့သည် အမေရိကန်ထံမှ နည်းပညာအကူအညီများ ရယူခဲ့ပြီး အပြန်အလှန်အားဖြင့် တရုတ်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို ပေးခဲ့သည်။

၁၉၆၇ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်အနောက် ကမ်းရိုးတန်းမဂ္ဂဇင်း Ramparts က အမေရိကန် ထောက်လှမ်းရေးအဖွဲ့၏ နိုင်ငံတကာ ပညာရေးနှင့်ယဉ်ကျေးမှု အဖွဲ့အစည်းပေါင်းများစွာနှင့် ကာလရှည်ကြာစွာ ငွေကြေးအရ ဆက်ဆံရေးရှိပုံကို ထုတ်ဖော်ရေးသားခဲ့ရာ ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) မှ တာဝန်ရှိသူများ တုန်လှုပ်သွားခဲ့သည်။ The New York Times နှင့် The Washington Post သတင်းစာများက ပြန်လည်ဖော်ပြ သည့် ဆောင်းပါးတွဲများတွင် CIA ၏ လျှို့ဝှက်ရန်ပုံငွေ ပံ့ပိုးပေးမှုက အခြားသော အမျိုးသားကျောင်းသားများအသင်း၊ အာရှဖောင်ဒေး ရှင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ လွတ်လပ်မှု ကွန်ဂရက် (CCF) တို့အား ပြောင်းလဲပေးခဲ့ကြောင်း Ramparts က မှတ်တမ်းတင်ခဲ့သည်။ ယဉ်ကျေး မှုဆိုင်ရာ လွတ်လပ်မှုကွန်ဂရက် (CCF) ၏ ဒေသဆိုင်ရာ အနွယ်ဝင်ဖြစ်သော ယဉ်ကျေးမှုဆိုင်ရာ လွတ်လပ်မှု အိန္ဒိယကော်မတီ (CCF) က CIA ထံမှ ငွေလက်ခံကြောင်း ရှင်းရှင်းလင်းလင်း သိလာသောအခါ အိန္ဒိယတွင် လူအများ ဒေါသထွက်ခဲ့ကြသည်။ CIA ၏ နောက်ထပ်မေးခွန်းထုတ်စရာ လုပ်ဆောင်ချက်အချို့အား ကမ္ဘာလုံးဆိုင်ရာ မီးမောင်းထိုးပြမှုများက အမေရိကန်အစိုးရနှင့် ၎င်း၏ ပြည်ပထောက်လှမ်းရေးဌာနတို့အပေါ် အိန္ဒိယ၏ သဘောထားအမြင်များနှင့်ပတ်သက်၍ ကြီးမားပြီး ခိုင်မြဲသည့် သက်ရောက်မှု ရှိခဲ့သည်။ Ramparts က ဖော်ပြသည့် အရှုပ်တော်ပုံကြောင့် CIA သည် အင်ဒို-အမေရိကတွင် ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာအရ လွှမ်းမိုးမှုရှိကြောင်း ထင်ရှားလာခဲ့သည်။ နှစ်ဆယ်ရာစု၏ လက်ကျန်ကာလနှင့် ယင်းအလွန်အထိ အိန္ဒိယပြည်တွင်း ပြည်ပရှိ အမေရိကန်ဆန့်ကျင်ရေး အစိတ်အပိုင်းများသည် ၀ါရှင်တန်နှင့် နယူးဒေလီ၏ ဆက်ဆံရေးကို ပျက်ပြားစေသည့် နည်းလမ်းအဖြစ် စီအိုင်အေ၏ တစ္ဆေအသွင်အပြင်အပေါ် ထပ်ကာတလဲလဲ ကောက်ချက်ဆွဲခဲ့ကြသည်။

၁၉၇၀ ပြည့်လွန်နှစ်များ

Operation Smiling Buddha ဟု လျှို့ဝှက်အမည်ပေးထားသော အိန္ဒိယနိုင်ငံ၏ ပထမဆုံးနျူကလီးယားစမ်းသပ်မှုကို ၁၉၇၄ ခုနှစ် မေလ ၁၈ ရက်တွင် ပြုလုပ်ခဲ့ပြီး ယေဘုယျ နျူကလီးယားအစီအစဉ်နှင့်ဗုံးတည်ဆောက်ရန် ဆွဲဆောင်မှုများသာ ဆွေးနွေးရသေးသော်လည်း နိုင်ငံတကာ ထောက်လှမ်းရေး အသိုင်းအဝိုင်းကို အံ့အားသင့်စေခဲ့သည်။

အိန္ဒိယသည် ပိုခရန် သဲကန္တာ ရနေရာတစ်ခုတွင် မြေအောက်နျူကလီးယားစမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီး ကမ္ဘာ့သတ္တမမြောက် နျူကလီးယားပိုင်ဆိုင်သည့် နိုင်ငံ ဖြစ်လာခဲ့သည်။ စီအိုင်အေ လေ့လာသုံးသပ်သူများ ယခင်က ညွှန်းဆိုခဲ့သည့်အတိုင်း အိန္ဒိယက အဆိုပါ စမ်းသပ်မှုသည် ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက်သာဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ ဗဟိုထောက်လှမ်းရေးစာစောင်၌ ပါရှိသော ယင်းထိပ်တန်း လျှို့ဝှက်သင်္ကေတဖြင့် ရေးသားထားသော အကြောင်းအရာကို ပါကစ္စတန်အပါအဝင် အခြားအစိုးရအရာရှိများ၏ စာနယ်ဇင်းအစီရင်ခံခြင်းနှင့် လူသိထင်ရှား ထုတ်ပြန်ခြင်းများအဖြစ် လက်ဆင့်ကမ်းခဲ့ပြီး တရုတ် နိုင်ငံအပေါ် သက်ရောက်မှုများကို လေ့လာဆန်းစစ်သူများ၏ အကဲဖြတ်မှုများ ပါရှိသည်။

၁၉၈၀ ပြည့်လွန်နှစ်များ

နောက်ပိုင်းတွင် သူ၏ ဆစ်ခ်ကိုယ်ရံတော်များက အင်ဒီရာဂန္ဓီအား လုပ်ကြံသတ်ဖြတ်ခြင်းဆီ ဦးတည်စေသည့် ဆစ်ခ်အုံကြွမှုကို စီအိုင်အေက ကြိုးကိုင်ခဲ့ကြောင်း ရှီးဘာဒရာယာဂျီးက အခိုင်အမာ ပြောကြားခဲ့သည်။ ရှီးဘာဒရာယာ ဂျီး (၁၉၀၆- ၁၉၉၆) သည် အိန္ဒိယလွတ်လပ်ရေးကြိုးပမ်းမှု၏ အကြမ်းမဖက်သော ပုံစံနှင့် အကြမ်းဖက်သော ပုံစံ နှစ်မျိုးစလုံးနှင့် ဆက်နွှယ်ပတ်သက်ခဲ့သည့် ဘီဟာပြည်နယ်မှ တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

၁၉၈၅ ခုနှစ်တွင် Frontline မဂ္ဂဇင်း၏ ဖော်ပြချက်အရ CIA နှင့် သီရိလင်္ကာ ထောက်လှမ်းရေးများကို အရေးကြီးသော အချက်အလက်များကို ပေးပို့ခဲ့ကြောင်း ချန်နိုင်းမှ ကွင်းဆင်းအရာရှိတစ်ဦးထံမှ ဝန်ခံချက်ကို R&AW ၏ တန်ပြန်ထောက် လှမ်းရေးဌာနက ရရှိခဲ့သည်ဟု သိရသည်။ ချန်နိုင်းရှိ ကမ်းခြေတစ်ခုနှင့် ကာရာလာရှိ အပန်းဖြေစခန်းတစ်ခုတွင် အမေရိကန်နိုင်ငံသားတစ်ဦးနှင့် အဆက်အသွယ်ပြုလုပ်ခဲ့ကြောင်း ပြသသည့် ဗီဒီယိုဖိုင်ဖြင့် R&AW က အဆိုပါအရာရှိအား ထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအရှုပ်တော်ပုံကြောင့် လူထုအုံကြွမှု ဖြစ်ပွားခဲ့ပြီးနောက် R&AW က ပြည်တွင်းလုံခြုံရေးကို တင်းကျပ်ရန် ကြိုးပမ်းခဲ့သည်။ ပြင်သစ်နှင့် ပိုလန်ထောက်လှမ်းရေးတို့ပါဝင်သော အခြားသူလျှိုအရှုပ်တော်ပုံ၏ အရှိန်အဟုန်ကြောင့် ချန်နိုင်းအမှုသည် အထူးသဖြင့် အရှက်ရစရာဖြစ်ခဲ့သည်။

၁၉၈၇ ခုနှစ်၌ အိန္ဒိယငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ (IPKF) သည် သီရိလင်္ကာပြည်တွင်းစစ်အတွင်း သီရိလင်္ကာတွင်ရှိစဉ် ပါရန်သန်ရာဂျန်သည် R&AW အရာရှိများနှင့် ဆက်သွယ်ခဲ့သည်။ သူသည် Tamileela Iykkia Vidu-thalai Munnani အမည်ရှိ နိုင်ငံရေး အဖွဲ့တစ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ချိန်၌ အိန္ဒိယထောက်လှမ်းရေးအရာရှိများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ သူ၏ နောက်ခံအကြောင်းကြောင့် လေ့လာသူများက ရာဂျန်၏ ကာရူနာ (Liberation Tigers of Tamil Eelamသူပုန်အဖွဲ့ခေါင်းဆောင်) နှင့် မဟာမိတ်ဖွဲ့မှုမှာ R&AW ၏ လက်ချက်ဖြစ်နိုင်သည်ဟု ယူဆကြသည်။

၁၉၉၀ ပြည့်လွန်နှစ်များ

၁၉၉၂ ခုနှစ်တွင် တရုတ်-အိန္ဒိယနယ်စပ်တစ်လျှောက် ဝေဟင်ဓာတ်ပုံရိုက်ကူးရေး မစ်ရှင်အတွက် အမေရိကန် စုံထောက်များအား ခွင့်ပြုရန် ငြင်းပယ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ချမှတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

၂၀၀၀ ပြည့်လွန်နှစ်များ

အိန္ဒိယ၏ ပဲ့ထိန်းဒုံးကျည်စွမ်းရည်ကို National Intelligence Estimate (အမျိုးသားထောက်လှမ်းရေးခန့်မှန်းချက်) တွင် ဖော်ပြခဲ့ရာ ပါကစ္စတန်မှ ပထမဆုံး နျူကလီးယား လက်နက်အသုံးပြုမှုကို ဟန့်တားရေးအတွက် နျူကလီးယားစွမ်းရည်ရှိသော ဒုံးကျည်ဖြန့်ကြက်ရန် ရွေးချယ်ခွင့်ရှိဖို့ လိုအပ်ပြီး ဤသို့ဖြင့် ကက်ရ်ှမီးယား သို့မဟုတ် အခြားနေရာများတွင် ပါကစ္စတန်၏ ရန်စမှုများကို တုံ့ပြန်ရာ၌ အကန့်အသတ်ရှိသော သမားရိုးကျစစ်ပွဲ ဆင်နွှဲရန် ရွေးချယ်ခွင့်ကို ထိန်းသိမ်းထားနိုင်သည်ဟု နယူးဒေလီက ယုံကြည်ကြောင်း ကောက်ချက်ချထားသည်။ နျူကလီးယားလက်နက်များသည် တရုတ်နိုင်ငံနှင့် ထိပ်တိုက် ရင်ဆိုင်ရနိုင်မှုကို ချေဖျက်ရန် အကာအကွယ်တစ်ခုလည်းဖြစ်သည်။ နျူကလီးယား ပစ်လွှတ်နိုင်စွမ်းရှိသော ပဲ့ထိန်းဒုံးကျည်များကို ပိုင်ဆိုင်ခွင့် ရရှိရုံသာမက ယင်းဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်လာမှု၏ သင်္ကေတများနှင့် မိမိကိုယ်ကိုယ် အားကိုးနိုင်မှု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ကြောင်း နယူးဒေလီက ရှုမြင်သည်။

မကြာသေးမီအချိန်အထိ R&AW သည် နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီများနှင့် ဆက်သွယ်ရန် အခွင့်အာဏာရှိခဲ့ပြီး ယင်းအလုပ်ကို ရာထူးအဆင့်အလိုက် ရွေးချယ်ထားသော အနည်းငယ်မျှအတွက်သာ ကန့်သတ်ထားသည်။ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်ညွန့်ပေါင်းအစိုးရလက်ထက်တွင် R&AW၊ IB နှင့် DIA တို့သည် အခြားနိုင်ငံများရှိ အဆင့်တူအဖွဲ့အစည်းများနှင့် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်နိုင်သည်။ ဥပမာအားဖြင့် ဒုတိယဝန်ကြီးချုပ်ဟောင်း အယ်လ်ကေအက်ဗာနီသည် CIA နှင့် အစ္စရေး၏ မော့ဆက်တို့မှ အကြီးအကဲများ၊ ထောက်လှမ်းရေး ဗျူရိုဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။ ဝန်ကြီးချုပ် အက်တယ်ဘီ ဟာရီဗက်ပါယီ၏ အဓိကအတွင်းဝန်ဟောင်း ဘရာဂျေးမီရှရာသည်လည်း ပါကစ္စတန်၏ အပြန်အလှန် ဆောင်ရွက်ရေးဆိုင်ရာ ထောက်လှမ်းရေးအကြီးအကဲနှင့် တိုက်ရိုက်အဆက်အသွယ် ရှိခဲ့သည်။

တွေ့ဆုံမှုများကိုယ်နှိုက်သည် လုပ်ရိုးလုပ်စဉ်အတိုင်း မဟုတ်ဘဲ လုပ်ထုံးလုပ်နည်းနှင့် ကျင့်ဝတ်များ ပျက်ပြားမှုဆီ ဦးတည်သွားစေနိုင်သည်။ ဥပမာအားဖြင့် ထောက်လှမ်းရေးအရာရှိများအနေဖြင့် နိုင်ငံခြားအဆက်အသွယ်တစ်ရပ်ကို နှစ်ဖွဲ့ချင်းသာ တွေ့ဆုံကြလိမ့်မည်ဖြစ်ရာ အခါအားလျော်စွာ စည်းကျိုးပျက်မှု များ ဖြစ်ပေါ်ပေလိမ့်မည်။ ဤလုပ်ငန်းစဉ်ကို ကြီးကြပ်မှုအနည်းငယ်မျှသာ ရှိခဲ့သောကြောင့် မျှော်လင့်မထားသည့် အကျိုးဆက်များရှိခဲ့သည်။ ပရော်ဖက်ရှင်နယ်များဟူသည့် အသုံးအနှုန်းဖြင့် နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့များက ၎င်းတို့၏ အမှန်အကန်အလုပ်များကို သိရှိနေကြသည့် ပုဂ္ဂိုလ်များအား ဖော်ပြလေ့ရှိရာ ရာနှင့်ချီသော အိန္ဒိယအေးဂျင့်များကို ဖော်ထုတ်ပြသလိုဖြစ်နေတော့သည်။

ရာဘင်ဒါဆင်းဂ်ကို အမျိုး သားထောက်လှမ်းရေးဌာန၏ သုတေသနနှင့် ဆန်းစစ်ရေးဌာနခွဲ (R&AW) အတွင်းရှိ CIA ၏ လူအဖြစ် အိန္ဒိယမီဒီယာများက ဖော်ပြခဲ့ကြသည်။ သူသည် ပိုမိုကြီးမားသော လျှို့ဝှက် HUMINT ကွန်ရက်၏ အဖွဲ့ဝင်တစ်ဦး ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရပါ။ ဆင်းဂ်သည် အိန္ဒိယထောက်လှမ်းရေး အသိုက်အဝန်းအတွင်း၊ နျူကလီးယားနှင့် ဒုံးကျည်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စစ်ရေးနှင့် သိပ္ပံပညာ ဌာနများအပြင် နိုင်ငံရေးအဆောက်အအုံအတွင်းရှိ အခြားဌာနများအတွင်း နက်ရှိုင်းစွာ လည်ပတ်နေသည့် ရာထူးမြင့်နေရာများတွင် အထိုင်ချထားသော အမေရိကန် လူအများအပြားအတွက် ကြားခံလူ သို့မဟုတ်တည်ကြက်အဖြစ် ဆောင်ရွက်ကြောင်း အဆင့်မြင့်ရာထူးရှိ လေ့လာသူအများအပြားက ညွှန်းဆိုကြသည်။ အဆိုပါကိစ္စသည် ထောက်လှမ်းရေးဗျူရို၊ ပြည်တွင်း လုံခြုံရေးအေဂျင်စီနှင့် လုံခြုံရေး အရာရှိများ၏ ယုံကြည်ရမှုအပေါ် အလုံးစုံစိုးရိမ်ရမှု ပြဿနာများနှင့်လည်း ပတ်သက်နေသည်။

၂၀၀၂ ခုနှစ်တွင် ဆင်းဂ်သည် ဓားစာခံ စေ့စပ်ညှိနှိုင်းမှုနှင့် ပြန်ပေးသမားများကို ကိုင်တွယ်ဖြေရှင်းမှုဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ကြားပေးရေးအတွက် အကြမ်းဖက်နှိမ်နင်းမှုကို အခြေခံသည့် ဆက်ဆံရေး အစပျိုးမှုတစ်ရပ်အဖြစ် အမေရိကန်သို့ သွားရောက်ခဲ့သည်။ သို့သော် ဆင်းဂ်သည် အကြမ်းဖက်မှုဆိုင်ရာ ကိစ္စများကို လုပ်ဆောင်ခြင်း မရှိသည့် အရှေ့တောင်အာရှရေးရာ လေ့လာသုံးသပ်သူသာဖြစ်သည်။

ကိန်းဂဏန်းများ ရရှိနိုင်သည့် နောက်ဆုံးနှစ်ဖြစ်သော ၂၀၀၂ ခုနှစ်တွင်  အမေရိကန်သည် အာရှ နှင့် အာဖရိကမှ အခြားနိုင်ငံပေါင်း ၁၇ နိုင်ငံနှင့်အတူ အိန္ဒိယမှ အရာရှိများအတွက် သင်တန်းပေါင်း ၈၀ ကို  လက်ခံကျင်းပခဲ့သည်။ “ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆက်ဆံရေးဟာ အမြဲတမ်း ဖရိုဖရဲဖြစ်နေပါတယ်။ ကျေနပ်အားရမှုရဖို့လည်း နောက်ထပ် မတတ်နိုင်တော့ပါဘူး။”ဟု R&AW အရာရှိဟောင်းနှင့် လေ့လာသုံးသပ်သူ ဘီရာမန်က ပြောကြားခဲ့သည်။

ဆင်းဂ်သည် ၂၀၀၄ ခုနှစ် မေလတွင် အိန္ဒိယနိုင်ငံမှ ပျောက် ကွယ်သွားပြီး အမေရိကန်တွင် ခိုလှုံခွင့်လျှောက်ထားခဲ့သည်။ အိန္ဒိယသတင်းမဂ္ဂဇင်းတစ်ခု ဖြစ်သည့် Frontline  က ၎င်းအား R&AW အတွက် “အရှေ့တောင်အာရှကို ကိုင်တွယ်သည့် ပူးတွဲအတွင်းရေးမှူး”အဖြစ် ဖော်ပြခဲ့သည်။ သူသည် ၁၉၈၄ ခုနှစ်က Golden Temple နှင့်ပတ်သက်၍ အကြမ်းဖက်နှိမ်နင်းမှု Bluestar စစ်ဆင်ရေးအတွင်း အမ်မရစ်ဆာ၌ ထူးထူးခြားခြား တာဝန်ထမ်းဆောင်ခဲ့သည့် အိန္ဒိယစစ်တပ်မှ ဗိုလ်ကြီးအဖြစ် R&AW သို့ ရောက်လာခြင်းဖြစ်သည်။ ၎င်းင်း နောက် သူသည် အမေရိကန်၏ လျှို့ ဝှက်စာရွက်စာတမ်းများကို ရယူနိုင်သူအဖြစ် အထက်အရာရှိများ၏ အာရုံစိုက်မှုကို ထပ်မံရရှိခဲ့သည်။

ရာဘင်ဒါဆင်းဂ်၏ ရင်းမြစ်မှာ နိုင်ငံတကာ ဖွံ့ဖြိုးရေးဆိုင်ရာ အမေရိကန်အေဂျင်စီ (USAID) တွင် ဆယ်စုနှစ် နှစ်ခုကျော် အလုပ်လုပ်ခဲ့သော ၎င်း၏ ဆွေမျိုးများထဲမှ တစ်ဦးဖြစ်ပုံရသည်။ ရာဘင်ဒါဆင်းဂ်၏ ဆွေမျိုးသည် တရားဝင်အလုပ်ဖြင့် အိန္ဒိယနိုင်ငံသို့ ပုံမှန်လာရောက်ပြီး တစ်ခါတစ်ရံတွင် ဆင်းဂ်၏နေအိမ်တွင် တည်းခိုခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ဤဆက်ဆံရေးသည်  ရာဘင်ဒါဆင်းဂ်အတွက် ပေါက်ကြားနိုင်ခြေအနည်းငယ်မျှသာ ရှိခြင်းနှင့်အတူ စာရွက်စာတမ်းများကို လွှဲပြောင်းပေးနိုင်စေခဲ့သည်ဟု RAW စုံစမ်းစစ်ဆေးသူများက အခိုင်အမာ ဆိုသည်။

၁၉၈၀ ပြည့်နှစ်များအစောပိုင်းတွင် ထိုစဉ်က R&AW ၏ အကြီးအကဲ အန်နာရာဆင်မ်ဟန်၏ သားသည် ဆင်းမ်မှတစ်‌ဆင့် သူလျှို အကြီးအကဲထံ ချဉ်းကပ်ရန် ကြိုးပမ်းမှုများအပြီး အမေရိကန်ကို ထွက်ခွာသွားခဲ့သည်။ နာရာဆင်မ် ဟန်၏ သားဖြစ်သူသည် ဗီဇာသက်တမ်းတိုးခြင်း ငြင်းပယ်ခံခဲ့ရပြီး အမေရိကန် ထောက်လှမ်းရေးဌာနများနှင့် ၎င်း၏ ပူးပေါင်းဆောင်ရွက်မှုအတွက် အပေးအယူအဖြစ် သက်တမ်းတိုးခွင့် ကမ်းလှမ်းခံခဲ့ရသည်ဟုဆိုသည်။ R&AW မှ ထောက်လှမ်းရေးဌာန အကြီးတန်းအရာရှိတစ်ဦးက “အနည်းအကျဉ်းကသာ ယင်းကို သိက္ခာရှိရှိ တုံ့ပြန်လိမ့်မည်”ဟု ဆိုသည်။

ဆင်းဂ်ကို ၂၀၀၆ ခုနှစ်တွင် စွဲချက်တင်ခဲ့သည်။ ျွဗျွှ စွဲချက်များက ၎င်းတို့သည် ဆင်းဂ်ကို နယူးဂျာစီတွင် တွေ့ရှိထားပြီး လုပ်ငန်းစဉ်အရ ၎င်းကို တရားခံလွှဲပြောင်းရေးဖြင့် ရယူရန် စတင်သင့်သည်ဟု ဆိုသည်။ “အခု ဆင်းဂ်ကို အမေရိကန်ကနေ လွှဲပြောင်းရယူဖို့ ကျွန်တော်တို့ လှုပ်ရှားရပါလိမ့်မယ်”ဟု တိုင်ချက်တွင် ဖော်ပြထားသည်။ ပြည်ထဲရေးဝန်ကြီးဌာနသည် အစောပိုင်းတွင် အမျိုးသား လုံခြုံရေးအက်ဥပဒေကို ကိုးကားခဲ့ပြီး ဆင်းဂ်၏ ပိုင်ဆိုင်မှုကို သိမ်းရန် အမိန့်ထုတ်ပြန်ခဲ့သည်။

အမေရိကန်တွင် ခိုလှုံခွင့်တောင်းခံမှု ပထမအကြိမ် ရှုံးနိမ့်ပြီးနောက် ဆင်းဂ်က အယူခံဝင်ခဲ့ရာ အောင်မြင်ခဲ့သည်။

မွမ်ဘိုင်းတိုက်ခိုက်မှု၊ ဟက်ဒလေနှင့် အမေရိကန်

ဒေးဗစ်ကိုးမန်းဟက်ဒလေ (၁၉၆၀ တွင် မွေးဖွား) သည်အမေရိကန်အကြမ်းဖက်သမားဖြစ်သည်။ နိုင်ငံတကာအကြမ်းဖက်မှု စွဲချက် ၁၂ ခုအတွက် အပြစ်ရှိကြောင်း ဝန်ခံပြီးနောက် အမေရိကန်တွင် လက်ရှိ ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသူဖြစ်သည်။ ဟက်ဒလေသည် အမေရိကန်မူးယစ်ဆေးဝါးနှိမ်နင်းရေး အေဂျင်စီ (DEA) အတွက် သတင်းပေးသူအဖြစ် လုပ်ဆောင်နေစဉ်တွင် Lashkar-e-Taiba (LeT) အဖွဲ့၏ သင်တန်းအတွက် ပါကစ္စတန်နိုင်ငံသို့ အခါအားလျော်စွာ ခရီးထွက်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ အမေရိကန်တွင် ထိန်းသိမ်းခံထားရစဉ်အတွင်း ပါကစ္စတန်ရှိ မြေအောက်ဒုစရိုက်လောကကို စိမ့်ဝင်ဝင်ရောက်ရန် တာဝန်ပေးခဲ့သည့် အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေးအေဂျင်စီ၏ သတင်းပေးသူတစ်ဦးဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ပါကစ္စတန်နိုင်ငံသို့ ခရီးသွားခြင်းသည် သူ့အား “ပါကစ္စတန်နိုင်ငံ၏ ဌာနာများအကြား ထောက်လှမ်းရေးအဖွဲ့” (ISI) ၏ အာရုံစိုက်မှုကို ဖြစ်ပေါ်စေခဲ့ပြီး ISI က သူ့ကို Lashkar-e-Taiba နှင့် ပတ်သက်သည်ဟု ရည်ညွှန်းဖော်ပြခဲ့သည်။

LeT အကြီးအကဲများ၏ ညွှန်ကြားမှုအောက်တွင် ဟက်ဒလေသည် လူပေါင်း ၁၆၈ ဦးကို သေဆုံးစေခဲ့သည့် တိုက်ခိုက်မှုများအတွက် ပစ်မှတ်များကို ထောက်လှမ်းရန် မွမ်ဘိုင်းတွင် သူလျှိုမစ်ရှင်ငါးခုကို လုပ်ဆောင်ခဲ့သည်။ နောက်တစ်နှစ်တွင် သူသည် မိုဟာမက်၏ ကာတွန်းများ ထုတ်ဝေခဲ့သည့် ဒိန်းမတ် သတင်းစာ Jyllands-Posten အား တိုက်ခိုက်ရေး၌ ကူညီရန် ကိုပင်ဟေဂင်တွင် အလားတူမစ်ရှင်တစ်ခု လုပ်ဆောင်ခဲ့သည်။ ချီကာဂိုမြို့ရှိ အိုဟာရီ နိုင်ငံတကာလေဆိပ်တွင် ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ပါကစ္စတန်သို့ ခရီးထွက်စဉ် ဖမ်းဆီးခံခဲ့ရသည်။

အမေရိကန်အာဏာပိုင်များက အိန္ဒိယစုံစမ်းစစ်ဆေးရေးမှူးများကို ဟက်ဒလေကို တိုက်ရိုက်စစ်ဆေးခွင့်ပေးခဲ့သော်လည်း အိန္ဒိယရှိ အချို့က မွမ်ဘိုင်းတိုက်ခိုက်မှု မတိုင်မီတွင် ၎င်းအပေါ် သံသယရှိမှုများကို အမေရိကန်အာဏာပိုင်များက အဘယ်ကြောင့် မမျှဝေရသနည်းဟု မေးခွန်းထုတ်ခဲ့ကြသည်။ ပူးပေါင်းကြံစည်သူ တာဟောဝါဟူစိန်ရာနာကို ရုံးတင်စစ်ဆေးရာတွင် ဟက်ဒလေသည် တိုက်ခိုက်မှုများကို ဆောင်ရွက်ရာတွင် ISI ၏ ပါဝင်ပတ်သက်မှု အသေးစိတ် အချက်အလက်များကို ပေးခဲ့သည်။ သူ အဖမ်းခံရပြီး အပြစ်ရှိကြောင်း အသနားခံပြီးကတည်းက ဟက်ဒလေသည် အမေရိကန်နှင့် အိန္ဒိယအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ကာ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များအကြောင်း သတင်းပေးခဲ့သည်။ မွမ်ဘိုင်းတိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သည့် ဟက်ဒလေကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်တွင် အမေရိကန်ပြည်ထောင်စုတရားရုံးက ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခဲ့သည်။ ဟက်ဒလေကို ၂၀၁၆ ခုနှစ် ဖေဖော် ၀ါရီလအစောပိုင်းတွင် မွမ်ဘိုင်း အထူးတရားရုံးက အမေရိကန် ပြည်ထောင်စုရှိ ၎င်း၏အကျဉ်းခန်းမှနေ၍ ဗီဒီယိုမှတစ်ဆင့် တရားစွဲဆိုခဲ့သည်။

သူ့ကို ISI က ထောက်လှမ်းရေးအချက်အလက်များ စုဆောင်းခြင်းနည်းပညာများကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း အမေရိကန်တရားရုံးတစ်ခုတွင် ဟက်ဒလေက ထွက်ဆိုခဲ့သည်။ ပါကစ္စတန် စပွန်ဆာများထံမှ ရရှိသည့် ဒေါ်လာ ၂၉,၅၀၀ အနက်မှ ဒေါ်လာ ၂၈,၅၀၀ သည် ISI အရာရှိတစ်ဦးထံမှ ရရှိသည်ဟု ဆိုသည်။

အမေရိကန်အစိုးရသည် ဟက်ဒလေကို အမေရိကန်မြေတွင် အပြစ်ပေးခဲ့သော်လည်း အိန္ဒိယသို့ လွှဲပြောင်းပေးရန် ငြင်းဆိုခဲ့သည်။ အမေရိကန်အနေဖြင့် ISI နှင့် ပျက်စီးလွယ်သော ဆက်ဆံရေးကို ကာကွယ်ရန် ကြိုးစားနေပြီး ၂၆/၁၁ တိုက်ခိုက်မှုတွင် ISI ပါဝင်ပတ်သက်မှု၏ နောက်ထပ် အသေးစိတ် အချက်အလက်များကို ဟက်ဒလေက ထုတ်ဖော်ပြောကြားပါက ၎င်းတို့နှင့် ISI ဆက်ဆံရေး ပျက်စီးရမည်စိုးသောကြောင့် ယင်းကဲ့သို့ ငြင်းဆိုခြင်းဖြစ်ကြောင်း နယူးဒေလီရှိ အရာရှိအချို့က သံသယရှိကြသည်။ မွန်ဘိုင်းတွင် LeT အတွက် ဟက်ဒလေ၏လုပ်ငန်းကို အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝိုင်းက သိရှိသော်လည်း ဟက်ဒလေသည် အိုစမာဘင်လာဒင်ကို ရှာတွေ့အောင် ကူညီနိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ကြောင့် ယင်းကို “လျစ်လျူရှု” ခဲ့သည်ဟုလည်း ယူဆကြသည်။ စိတ်ဝင်စားစရာကောင်းသည်မှာ အမေရိကန်သည် ဟက်ဒလေကို အေးဂျင့်အဖြစ် စေခိုင်းထားခဲ့သည့် နှစ်များအတွင်းမှာပင် LeT  သည် ဟက်ဒလေနှင့် တူညီသော အမြင်ရှိခဲ့ပြီး ၎င်းအား အယ်ကေးဒါးများထံ စိမ့်ဝင်ရန် အမေရိကန်က သူလျှိုအဖြစ် စေလွှတ်ထားသည်ဟု ရှုမြင်သော်လည်း အိန္ဒိယရှိ ပစ်မှတ်များကို ကင်းထောက်ရန် အသုံးပြုခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတွင် အမေရိကန်က အိန္ဒိယစုံစမ်းစစ်ဆေးသူများအား ဟက်ဒလေကို စစ်ဆေးမေးမြန်းရန် ခွင့်ပြုခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ဟက်ဒလေသည် လာဟိုးမြို့တွင် ဖေဇာအူတယ်ဟာ အမည်ရှိ မော်ရိုကိုမှ ဆေးကျောင်းသူတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး နောက်ဆုံးတွင် သူ၏ တတိယဇနီးအဖြစ် လက်ထပ်ခဲ့သည်။ သူ၏ ဒုတိယဇနီးနှင့်မတူဘဲ အူတယ်ဟာက ဟက်ဒလေသည် လက်ထပ်ထားပြီးသူဖြစ်ကြောင်း သိရှိပြီး လက်ထပ်ရန်ဖြစ်နိုင်ခြေ ရှိသည့် အစီအစဉ်ကို လက်ခံအတည်ပြုခဲ့ခြင်း ဖြစ်သည်။ သို့သော် အူတယ်ဟာ၏ တိုးတက်သော အမြင်များနှင့် ဟက်ဒလေ၏ အလျှော့မပေးသော ဘာသာရေးဆိုင်ရာ ရှေးရိုးစွဲဝါဒကြောင့် ၎င်းတို့၏ ဆက်ဆံရေးမှာ တင်းမာနေခဲ့သည်။ ငြင်းခုံရသည့် အချက်တစ်ချက်မှာ အူတယ်ဟာအား အမျိုးသမီးများအတွက် ရိုးရာမွတ်စလင်အဝတ်အစားများ ဝတ်ဆင်ရန် ဟက်ဒလေ၏ တောင်းဆိုမှု ဖြစ်သည်ဟု ဆိုသည်။ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလတွင် အူတယ်ဟာသည် လာဟိုးမြို့ရှိ ၎င်းတို့၏ နေအိမ်အပြင်ဘက်တွင် ဟက်ဒလေ၏ အစေခံနှင့် အငြင်းအခုံဖြစ်ပွားပြီးနောက် ဟက်ဒလေအား လက်ရောက်မှုဖြင့် စွဲချက်တင်ခဲ့သည်။ ထောင်ထဲတွင် ရှစ်ရက် နေခဲ့ရပြီးနောက် ISI အရာရှိ ဗိုလ်မှူး အီဘယ် (LET ၏ လှုပ်ရှားမှုများကို ပါဝင်ညှိနှိုင်းဆောင်ရွက်ပေးသူဟု ယူဆရ) က ကြားဝင်ဆောင်ရွက်ပေးသောကြောင့် ဟက်ဒလေကို ပြန်လွှတ်ပေးခဲ့သည်ဟုဆိုသည်။

၂၀၀၇ ခုနှစ်အတွင်း မွန်ဘိုင်းတိုက်ခိုက်မှုများအတွက် LET ၏ ကြံစည်မှုများကို စတင်အကောင် အထည်ဖော်ခဲ့ပြီး အနောက်တိုင်းသားပုံ စံပေါက်သော ဟက်ဒလေကို ကင်းထောက်မစ်ရှင်များ လုပ်ဆောင်ရန် အကောင်းဆုံးလူအဖြစ် သတ်မှတ်ခဲ့သည်။

အီဘယ်ထံမှ ဒေါ်လာ ၂၅,၀၀၀ ကို အသုံးပြုပြီး ဟက်ဒလေသည် တာဟောဝါရာနာ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းအတွက် မွမ်ဘိုင်းဌာနခွဲရုံးကို ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်အတွင်း ဟက်ဒလေသည် မွမ်ဘိုင်းမြို့သို့ ငါးကြိမ် သွားရောက်ခဲ့ပြီး LET အကြမ်းဖက်သမားများ ဘက်စုံတိုက်ခိုက်မှုကို လုပ်ဆောင်မည့် ဒေသဆိုင်ရာ အထင်ကရနေရာများကို စူးစမ်းလေ့လာခဲ့သည်။ ဟက်ဒလေသည် အီဘယ်နှင့် မားတို့က အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားသော Taj Palace ဟိုတယ်တွင် တည်းခိုခဲ့ပြီး ၎င်း၏ ISI ၌ လေ့ကျင့်ခဲ့မှုများကို အသုံးပြုကာ အဆောက်အအုံအတွင်း ဗီဒီယိုများကို နာရီပေါင်းများစွာ ရိုက်ကူးခဲ့သည်။

၎င်းတို့၏ ၂၀၀၇ ခုနှစ် ဟန်းနီးမွန်းအတွက် ဟက်ဒလေသည် အူတယ်ဟာကို မွမ်ဘိုင်းသို့ ခေါ်ဆောင်ကာ Taj Palace ဟိုတယ်နှင့် Oberoi Trident ဟိုတယ် နှစ်ခုစလုံးတွင် တည်းခိုခဲ့သည်။ ခရီးစဉ်သည် ၎င်းစုံတွဲအကြား အငြင်းပွားမှုဖြင့် ပြီးဆုံးခဲ့ပြီး အူတယ်ဟာကို လာဟိုးသို့ ပြန်ပို့ခဲ့သည်။ ထို့နောက် အီဘယ်နှင့် မားတို့က အူတယ်ဟာသည် ဟက်ဒလေ၏ ဖုံးကွယ်ထားရမှုကို အန္တရာယ်ဖြစ်စေသည်ဟု ယုံကြည်သောကြောင့် ဟက်ဒလေကို အူတယ်ဟာနှင့် ကွာရှင်းရန် ဖိအားပေးခဲ့သည်။ အူတယ်ဟာက အစ္စလာမ္မာဘတ်ရှိ အမေရိကန် သံရုံးသို့သွားကာ ဟက်ဒလေအကြောင်း သတင်းပေးခဲ့ပြီးနောက်ပိုင်းတွင် နိုင်ငံခြားရေးဌာနနှင့် ICE အရာရှိများနှင့် တွေ့ဆုံမေးမြန်းမှုများ၌ ဟက်ဒလေ၏ မွမ်ဘိုင်းလှုပ်ရှားမှုများကို အကျယ်တဝင့် တင်ပြခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အူတယ်ဟာက ဟက်ဒလေအပေါ် သူ၏စွပ်စွဲချက်အချို့မှာ ကွန့်ညွန့်ထားခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သောကြောင့် အမေရိကန်များက သူ၏စွပ်စွဲချက်များကို အလေးအနက်မထားတော့ခြင်းဖြစ်ပုံရသည်။ အမေရိကန်နိုင်ငံခြားရေးဌာနက သူ၏ သတိပေးချက်များကို DEA၊ FBI နှင့် CIA သို့ လက်ဆင့်ကမ်း ပေးပို့ခဲ့သော်လည်း ယင်းအေဂျင်စီများက ၎င်းအချက်များအပေါ် အရေးတယူ ရှိ မရှိမှာ အငြင်းပွားနေဆဲဖြစ်သည်။ ပါကစ္စတန်မှ ထွက်ခွာပြီးနောက် အူတယ်ဟာသည် ဟက်ဒလေနှင့် ကွာရှင်းခဲ့သည်။

အိန္ဒိယမှ လာသူကို စီအိုင်အေ၏ နည်းပညာအရာရှိချုပ်အဖြစ် ခန့်အပ်ခြင်း

စီအိုင်အေသည် အိန္ဒိယမှလာသူတစ်ဦးကို ၎င်းတို့၏ ပထမဆုံးနည်းပညာအရာရှိချုပ်အဖြစ် ၂၀၂၂ ခုနှစ် မေလ ၁ ရက်တွင် ခန့်အပ်ခဲ့သည်။ ဒေလီမှ ကျောင်းပြီးပြီးနောက် ကော်နဲလ်၊ စတန်ဖို့ဒ်နှင့် ဟားဗက်တို့၌ အဆင့်မြင့်ဘာသာရပ်များ သင်ယူခဲ့သူ နန်မူချန်ဒါနီသည် CIA ၏ ပထမဆုံး နည်းပညာအရာရှိချုပ် ဖြစ်လာခဲ့သည်။

CIA သည် သူ၏ ကောလိပ်နှင့် အဆင့်မြင့်ပညာများအတွက် အမေရိကန်သို့ လာရောက်ခဲ့သည့် အိန္ဒိယနွယ်ဖွား နန်မူချန်ဒါနီကို ၎င်းတို့၏ ပထမဆုံး ဗဟိုနည်းပညာအရာရှိ (CTO) အဖြစ် ခန့်အပ်ကြောင်း CIA ဒါရိုက်တာ ဝီလျံဂျေဘန်းက Twitter တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

မူချန်ဒါနီသည် ဒေလီတွင် ကျောင်းပြီးခဲ့သူ ဖြစ်သည်။ ၁၉၇၉ ခုနှစ်မှ ၁၉၈၇ ခုနှစ်အကြား Bluebells School International တွင် ပညာသင်ကြားခဲ့ပြီး ကွန်ပျူတာသိပ္ပံနှင့်သင်္ချာဘာသာရပ်အတွက် ကော်နဲလ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ထို့နောက် စတန်ဖို့ဒ်မှ စီမံခန့်ခွဲမှု မဟာသိပ္ပံဘွဲ့နှင့် ဟားဗတ်မှ ပြည်သူ့အုပ်ချုပ်ရေးမဟာဘွဲ့ကို ဆက်လက်ရယူခဲ့သည်။ CIA သို့ မဝင်မီ မူချန်ဒါနီသည် မကြာသေးမီက အမေရိကန်ကာကွယ်ရေးဌာန၊  Joint Artificial Intelligence Center ၏ CTO နှင့် ယာယီညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

Most Read

Most Recent