ပခုက္ကူမြို့နယ် ကိုးပင်ကျေးရွာတွင် အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒလန်ဟုစွပ်စွဲခံရပြီး ဓားဖြင့်ထိုးခုတ် အသတ်ခံရ

ပခုက္ကူမြို့နယ် ကိုးပင်ကျေးရွာတွင် အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒလန်ဟုစွပ်စွဲခံရပြီး ဓားဖြင့်ထိုးခုတ် အသတ်ခံရ
Published 16 January 2023

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကိုးပင်ကျေးရွာတွင် ဇန်နဝါရီ ၁၄ ရက်က အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒလန်ဟုစွပ်စွဲခံရပြီး ဓားဖြင့်ထိုးခုတ်အသတ်ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၄ ရက် ညနေ ၅ နာရီခွဲတွင် ပခုက္ကူမြို့နယ် ကိုးပင်ကျေးရွာနေ ကိုဖိုးငြိမ်းနှင့် ၎င်း၏ဇနီး မခင်သူ (၃ဝနှစ်)တို့နှစ်ဦးသည် နေအိမ်၌ရှိနေစဉ် PDF အဖွဲ့မှ သာထက်ဦးဆောင်သည့် ငါးဦးရောက်ရှိလာပြီး နေအိမ်အတွင်းဝင်ရောက်ကာ ၎င်းတို့နှစ်ဦးအား သေနတ်၊ ဓားများဖြင့် ခြိမ်းခြောက်၍ ကိုဖိုးငြိမ်းအား ခေါင်းငုံ့ထိုင်ခိုင်းကာ မခင်သူအား သတင်းပေး၊ ဒလန်ဟုစွပ်စွဲ၍ ဓားများဖြင့် ၀ိုင်းဝန်းထိုးခုတ်သတ်ဖြတ်၍ ပြန်လည်ထွက်ခွာခဲ့သဖြင့် မခင်သူတွင် လည်ပင်းပြတ်ရှ ဒဏ်ရာတစ်ချက်၊ ဝဲ/ယာရင်အုံအောက် ထိုးသွင်းဒဏ်ရာနှစ်ချက်တို့ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့အတူ ဇန်နဝါရီ ၁၄ ရက်မွန်းလွဲပိုင်းက ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းစထိမှန်ဒဏ်ရာများရရှိထားသည့် အမျိုးသားနှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ယာပြင်ကြီးကျေးရွာနေသူများဖြစ်သည့် ဦးနေလင်းအောင်(၃၇ နှစ်)နှင့် မောင်မင်းကို (၁၇ နှစ်)တို့နှစ်ဦးတွင် လက်နှင့် တင်ပါးတို့၌ မိုင်းစထိမှန်ဒဏ်ရာများရရှိထားသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အားစိစစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဖြစ်စဉ်အားစိစစ်ချက်အရ ၎င်းတို့နှစ်ဦးသည် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ယာပြင်ကြီးကျေးရွာ၏အရှေ့ဘက်ရှိ တောင်ယာသို့သွားစဉ် လက်လုပ်မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent