မြန်မာ့လက်ရွေးစင် နောက်ခံလူ စိုးမိုးကျော် ကျောက်ကပ်စုတ်ပြဲဒဏ်ရာကြောင့် ထိုင်းလိဂ်-၂ ကလပ် ကာဆက်ဆက်အသင်းနှင့် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်း

မြန်မာ့လက်ရွေးစင် နောက်ခံလူ စိုးမိုးကျော် ကျောက်ကပ်စုတ်ပြဲဒဏ်ရာကြောင့် ထိုင်းလိဂ်-၂ ကလပ် ကာဆက်ဆက်အသင်းနှင့် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်း
Photo: Kasetsart FC
Photo: Kasetsart FC
Published 9 January 2023

မြန်မာ့လက်ရွေးစင် နောက်ခံလူ စိုးမိုးကျော်သည် ကျောက်ကပ်စုတ်ပြဲဒဏ်ရာကြောင့် ထိုင်းလိဂ်-၂ ကလပ် ကာဆက်ဆက်အသင်းနှင့် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းကာ လမ်းခွဲလိုက်ပြီဖြစ်ကြောင်းသိရသည်။

စိုးမိုးကျော်သည် ယခု ၂၀၂၂- ၂၀၂၃ ရာသီအစကမှ ကာဆက်ဆက်အသင်းထံသို့ ရောက်ရှိခဲ့ပြီး အသင်းအတွက်(၁၀) ပွဲ ကစားပေးထားကာ  ပုံမှန်ပွဲထွက်ခွင့်ရရှိနေသူဖြစ်သည်။

စိုးမိုးကျော်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာအတွင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ဆာမတ်ပရာကန်အသင်းနှင့်ပွဲတွင် ဒုတိယပိုင်း၌ ပြိုင်ဘက်ကစားသမား၏ အတင်းဝင်တိုးတိုက်မှုကြောင့် ကျောက်ကပ်စုတ်ပြဲဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုးမိုးကျော်သည် ယင်းဒဏ်ရာကြောင့် ကာလအတန်ကြာ ဆေးရုံတက်ကုသခဲ့ရပြီး လက်ရှိအချိန်အထိ ဘောလုံးကစားနိုင်ခြင်း မရှိသေးဘဲ အနားယူနေရခြင်းဖြစ်သည်။

ယခုအခါ စိုးမိုးကျော်နှင့် ကာဆက်ဆက်အသင်းတို့၏ နှစ်ဖက်ညှိုနှိုင်းမှုအရ အသင်းဘက်မှ ထိုက်သင့်သည့် လျော်ကြေးပေးမှုဖြင့် စာချုပ်ဖျက်သိမ်းကာ လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုးမိုးကျော်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာအတွင်းက MNL ကလပ် ရန်ကုန်ယူနိုက်တက်နှင့် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီး ထိုင်းကလပ် ကာဆက်ဆက်အသင်းထံသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

စိုးမိုးကျော်သည်  အားကာ(မန္တလေး) ကျောင်းမှ ထွက်ပေါ်လာသည့် နောက်ခံကစားသမားဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် MNL ကလပ် ဧရာဝတီယူနိုက်တက်အသင်းထံသို့ ရောက်ရှိခဲ့သည်။

စိုးမိုးကျော်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ဧရာဝတီယူနိုက်တက်အသင်းမှ ရန်ကုန်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး ယင်းနှစ်ကုန်ပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုးမိုးကျော်သည် မြန်မာ့လက်ရွေးစင်လူငယ်အသင်းတွင် ၂၀၁၇ ခုနှစ်မှ စတင်ရွေးချယ်ခံခဲ့ရပြီး မြန်မာ ယူ-၁၈ လူငယ်လက်ရွေးစင်အသင်း၊ မြန်မာ ယူ-၁၉ လူငယ်လက်ရွေးစင်အသင်း၊ မြန်မာ ယူ-၂၂ လူငယ်လက်ရွေးစင်အသင်းများတွင် ဆက်တိုက်ရွေးချယ်ခံခဲ့ရပြီး မြန်မာ့လက်ရွေးစင် စီနီယာအသင်းကြီးအတွက်လည်း ပွဲပေါင်းများစွာ ကစားပေးခဲ့သူဖြစ်ကြောင်း သိရသည်။