လားရှိုးတွင်  တပ်မတော်အား သတင်းပေးသည့် စွပ်စွဲချက်ဖြင့် MNDAA က အရပ်သားအချို့ကို ဖမ်းဆီးထားမှုများရှိပြီး ၎င်းတို့ကို သေဒဏ်ပေးခြင်းမရှိသေးဟု ဒေသတွင်း သတင်းဌာနအချို့ဖော်ပြ 

လားရှိုးတွင်  တပ်မတော်အား သတင်းပေးသည့် စွပ်စွဲချက်ဖြင့် MNDAA က အရပ်သားအချို့ကို ဖမ်းဆီးထားမှုများရှိပြီး ၎င်းတို့ကို သေဒဏ်ပေးခြင်းမရှိသေးဟု ဒေသတွင်း သတင်းဌာနအချို့ဖော်ပြ 
Published 11 October 2024

လားရှိုးတွင်  တပ်မတော်အား သတင်းပေးသည့် စွပ်စွဲချက်ဖြင့် MNDAA က အရပ်သားအချို့ကို ဖမ်းဆီးထားမှုများရှိပြီး ၎င်းတို့ကို သေဒဏ်ပေးခြင်းမရှိသေးဟု ဒေသတွင်း သတင်းဌာနအချို့ဖော်ပြထားချက်အရ သိရသည်။ 

တပ်မတော်က လားရှိုးမြို့တွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ယင်းသို့ လေကြောင်း တိုက်ခိုက်ခံရသည့် ပစ်မှတ်နေရာများကို တပ်မတော်သို့ သတင်းပေးခဲ့သည့် ဆိုသည့်စွပ်စွဲချက်ဖြင့် အရပ်သားများကို MNDAA အဖွဲ့ က ဖမ်းဆီးနေပြီး ၎င်းတို့ကို သေဒဏ်ပေးမည်ဟုလည်း တယ်လီဂရမ်ချန်နယ်အချို့တွင် ရေးသားလျက်ရှိသည်။

ရှမ်းပြည်နယ် ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့်  ရွှေဖီမြေသတင်းဌာန၏ ဖော်ပြမှုအရ တပ်မတော်အား သတင်းပေးမှုဖြင့် MNDAA က ဖမ်းဆီးထားသူ ၂၀ ကျော်ရှိသော်လည်း ၎င်းတို့ကိုသေဒဏ်ပေးခြင်း မရှိကြောင်း MNDAA နှင့် နီးစပ်သူများထံမှသိရကြောင်း ရေးသားသည်ကိုတွေ့ရသည်။ 

လက်ရှိ လားရှိုးမြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး Starlink အသုံးပြုခွင့်ကိုလည်း MNDAA က ပိတ်ပင်ထားကြောင်းရွှေဖီမြေသတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

အလားတူ သျှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြရာတွင် တပ်မတော်ထံ သတင်းပေးသူ ၃၀ ကျော် ဖမ်းဆီးထားပြီး မြို့ပတ်ပြကာ သေဒဏ်ပေးမည်ဟု ကြားသိရကြောင်းနှင့် လက်ရှိတွင် သေဒဏ်ပေးခြင်းမရှိသေးကြောင်း ဒေသခံတစ်ဦးကို ကိုးကားရေးသားထားသည်ကို တွေ့ရသည်။ 

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနှင့် "၀" အဖွဲ့တို့ တွေ့ဆုံပြီး MNDAA အား ထိန်းချုပ်ရန်အချက်များ ဆွေးနွေးမှုကို သြဂုတ် ၂၇ ရက်က ပြုလုပ်ခဲ့ရာ ယင်းအစည်းအဝေးမှတ်တမ်းသည်လည်း မီဒီယာများသို့ အောက်တိုဘာလဆန်းတွင် ပေါက်ကြားမှုဖြစ်ပေါ်ခဲ့သည်။

အဆိုပါအစည်းအဝေးမှတ်တမ်းတွင် MNDAA အဖွဲ့က လားရှိုးမြို့ကို သိမ်းပိုက်ခဲ့ခြင်းကြောင့် တရုတ်-မြန်မာဆက်ဆံရေးကို ထိခိုက်စေခဲ့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးနှင့် တရုတ်-မြန်မာ ပိုးလမ်းမရပ်ဝန်းနှင့် လမ်းကြောင်း (BRI) စီမံကိန်းများကို ထိခိုက်စေပြီး အမေရိကန်နှင့် အနောက်အုပ်စုတို့ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်လာစေရန် အခွင့်အ လမ်းဖြစ်လာစေသည့် အခြေအနေများ၊ တရုတ်အစိုးရအနေဖြင့် MNDAA နှင့် ကိုးကန့်ဒေသကို လျှပ်စစ်မီး၊ ရေ၊ အင်တာနက်၊ ထောက်ပံ့ရေးပစ္စည်းများ (လောင်စာဆီ၊ ဆေးဝါး နှင့် ဆန် အပါအဝင် လူသုံးကုန်ပစ္စည်းများ) ပိတ်ဆို့ခြင်းနှင့် လူအဝင်အထွက်ကို တားမြစ်ပိတ်ဆို့ခြင်း “ဖြတ် ငါးဖြတ်” ဖြင့် ပြုလုပ်နေကြောင်းနှင့် ကိုးကန့်ဒေသနှင့် ထိစပ်နေသော တရုတ်နယ်စပ်ဂိတ်များကိုလည်း တင်းကျပ်စွာ ပိတ်ဆို့ထားသည့် အခြေအနေများ၊ သို့သော် ကိုးကန့်ဒေသနှင့်  နယ်နမိတ်ချင်းစပ်နေသည့် “ဝ” ထိန်းချုပ်နယ်မြေနှင့် မိုင်းလား (NDAA) ဘက်မှ ကုန်ပစ္စည်းများနှင့် လူများ ကိုးကန့်နယ်ထဲသို့ ဖြတ်သန်းမှုများ ပြုလုပ်နေခြင်းကြောင့် တရုတ်အစိုးရ၏ MNDAA အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုသည် မအောင်မမြင်ဖြစ်ရသည့်အခြေအနေများ၊ MNDAA နှင့် TNLA အပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်များကို လက်နက်ခဲယမ်း မရောင်းချရန် "၀" အဖွဲ့ကို သတိပေးသည့် အကြောင်းအရာများ၊ TNLA အဖွဲ့ကို အရေးယူမည့် အခြေအနေများ စသည့်အချက်များပါ၀င်ခဲ့သည်။

MNDAA၊ TNLA နှင့် AA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်ကြောင်း စက်တင်ဘာ ၂ ရက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေညာထားသည်။