မန္တလေးမြို့တွင် ရှေးဟောင်းအဆောက်အဦ ဟိန္ဒူဘုရားကျောင်း အဟောင်းပြိုကျမှုကြောင့် လူ တစ်ဦးသေဆုံးပြီး  လေးဦး ဒဏ်ရာရရှိ

မန္တလေးမြို့တွင် ရှေးဟောင်းအဆောက်အဦ ဟိန္ဒူဘုရားကျောင်း အဟောင်းပြိုကျမှုကြောင့် လူ တစ်ဦးသေဆုံးပြီး  လေးဦး ဒဏ်ရာရရှိ
Published 24 September 2024

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ရှေးဟောင်း ဟိန္ဒူဘုရားကျောင်း အဆောက်အဦ အဟောင်းပြိုကျမှုကြောင့် လူ တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိမှု ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်အစော ၂ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

အောင်မြေသာစံမြို့နယ်  ၁၉ လမ်းနှင့် လမ်း ၂၀ ကြား၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ ပေ ၅၀ × ပေ ၅၀ အုတ်မိုးအုတ်ကာ သံမံတလင်းခင်း ရှေးဟောင်း ဟိန္ဒူဘုရားကျောင်း အဆောက်အဦအဟောင်း၏ ညာဘက်ခြမ်းတွင် အဖီဆွဲထားသော ၁၀ ပေ x ၈ ပေ သွပ်မိုးအုတ်ကာသံမံတလင်းခင်း ၃ ခန်း အဆောက်အဦပြိုကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သိရှိရပါသည်။

အဆောက်အဦပြိုကျမှုကြောင့် အသက် ၅ဝနှစ်အရွယ် အမျိုးသမီး (သေဆုံး)၊ အသက် ၃၀ နှစ်အရွယ် အမျိုးသမီး ညာနားသွေးထွက် (စိုးရိမ်ရ)၊ အသက် ၆ နှစ်အရွယ် မိန်းကလေး ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) ၊ အသက် ၂၂ နှစ်အရွယ် ယောက်ျားလေး ညာဘက်တင်ပါးဆုံရိုးကျိုး ညာဘက်ခြမ်း လှုပ်မရ (စိုးရိမ်ရ) ၊ အသက် ၈နှစ်အရွယ် ယောက်ျားလေး ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ခြင်းဖြစ်ပြီး၊ လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့​သည်။

"ရှေးဟောင်းဘုရားကျောင်း တိုက်အပြင်ဘက်ကနေ ပြိုကျတာပါ။ ရှေးဟောင်းဘုရားကျောင်း အထဲမှာရော ဘေးမှာရော နေတဲ့သူတွေရှိကြပါတယ်။ အသံက ပြိုကျတဲ့အသံက အုန်းကနဲပါပဲ။ သူတို့အပေါ် ပိသွားတာပါ။ အိပ်နေကြတဲ့အချိန်ဖြစ်သွားတာပါ" ဘုရားကျောင်းအတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

"ဘုရားကျောင်းက နှစ်ပေါင်း ၁၀၀ ကျော်ပြီလို့ပြောတယ်။ ကျွန်မနေတာကို နှစ်ပေါင်း ၄၀ ရှိပါပြီ။ အခု ရှေးဟောင်းဘုရားကျောင်းက အန္တရာယ်ရှိတယ်ဆိုတော့ ဘုရားကျောင်းထဲ နေတဲ့သူတွေကို တာဝန်ရှိသူတွေက ဒီကနေထွက်ခိုင်းပါတယ်" ဟု အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

အဆောက်အဦပြိုကျရာသို့ နံနက် ၂ နာရီ အချိန်ခန့်တွင် အုပ်ချုပ်မှုယာဉ် ၁ စီး၊ မီးငြိမ်းသတ်ယာဉ် ၅ စီး၊ သန္ဓေ ၁၀ ဦး၊ အရန် ၃၀ ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးများဆောင်ရွက်ခဲ့ပြီးနောက် နံနက် ၂ နာရီ ၄၅ မိနစ် အချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

သက်ထွန်းအောင်

ဓာတ်ပုံ-သက်ထွန်းအောင် ၊ ကိုသန်းဌေး

Most Read

Most Recent