နစက ဒုတိယဥက္ကဋ္ဌ မုံရွာမြို့သို့  သွားရောက်၍ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မြို့နယ်များ၊ ရပ်ကွက်၊ ကျေးရွာများအလိုက် တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့လုံခြုံရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန် ပြောကြား

နစက ဒုတိယဥက္ကဋ္ဌ မုံရွာမြို့သို့  သွားရောက်၍ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မြို့နယ်များ၊ ရပ်ကွက်၊ ကျေးရွာများအလိုက် တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့လုံခြုံရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန် ပြောကြား
Published 16 October 2024



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အောက်တိုဘာ ၁၄ ရက်က မုံရွာမြို့သို့  သွားရောက်၍ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မြို့နယ်များ၊ ရပ်ကွက်၊ ကျေးရွာများအလိုက် တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့လုံခြုံရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများအား  နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး အမှာစကားပြောကြားရာတွင် နစက ဒုတိယဥက္ကဋ္ဌက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နစက ဒုတိယဥက္ကဋ္ဌ က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းထားခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများအလိုက် စနစ်တကျဖွဲ့စည်းထားရန်၊ ပြည်သူအားလုံး ပါဝင်ပူးပေါင်းလာစေရေးအတွက်လည်း စည်းရုံးဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများ၊ ထို့အပြင် အဆိုပါအဖွဲ့ဝင်များအနေဖြင့် လုံခြုံရေး အသိအမြင်များ အမြဲမပြတ်ရှိနေရန် လိုအပ်သည့်အခြေအနေများ၊ အကြမ်းဖက်သမားများအနေဖြင့် မိမိတို့ရပ်ကွက်၊ ကျေးရွာများသို့ စိမ့်ဝင်ရောက်မှုမရှိစေရေး၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နိုင်မှုမရှိစေရေးတို့အတွက် သက်ဆိုင်ရာ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များက ပြည်သူလူထုနှင့်အတူ ပူးပေါင်း၍ လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် စောင့်ကြည့်နေရန် လိုအပ်သည့်အခြေအနေများ၊ ပြည်သူ လူထုပူးပေါင်းပါဝင်မှသာလျှင် လုံခြုံရေးသည် ခိုင်မာအားကောင်းနိုင်မည်ဖြစ်ကြောင်း နှင့် မြို့နယ်များ၊ ရပ်ကွက်၊ ကျေးရွာများအလိုက် တရားဥပဒေစိုးမိုးရေး၊ ပြည်သူ ဘဝလုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက မှန်မှန်ကန်ကန်ဖြင့် ကြပ်မတ်ဆောင်ရွက်နေရန်လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင်ခဲ့ရစဉ်ကပင် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို ချမှတ်ဆောင်ရွက်ခဲ့ပြီး အန္နိမရည်မှန်းချက်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပြီး အနိုင်ရသည့် အစိုးရကို နိုင်ငံတော်၏အာဏာလွှဲပြောင်းပေးအပ်ရေးပင်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက်လည်း ကြိုးပမ်းပြင်ဆင်လျက်ရှိကြောင်း နစက ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးသည် အရေးကြီးမှု၊ နယ်မြေလုံခြုံရေးနှင့်ပတ်သက်၍ ပြီးပြည့်စုံသည့်လုံခြုံရေးဟူ၍မရှိသဖြင့် ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်မှသာ လုံခြုံရေးသည် ပိုမိုခိုင်မာအားကောင်းနိုင်မည်ဖြစ်သည့် အခြေအနေများ၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိစွာဖြင့် ပူးပေါင်ဆောင်ရွက်ပါက လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုများကို တားဆီးနိုင်မည်၊ လျော့ကျစေနိုင်မည်ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ နစက ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် ပတ်သက်၍ စာရင်းကောက်ယူခြင်းမှ ရရှိလာသည့် ရလဒ်များသည် နိုင်ငံအတွက်အရေးပါသည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အပါအဝင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊ စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရမည့် တာဝန်ရှိအဖွဲ့အစည်း ပုဂ္ဂိုလ်များအတွက် လိုအပ် ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး အထောက်အကူ ပြုနိုင်ရန်နှင့် နိုင်ငံ၏ ပကတိအခြေအနေကိုရရှိရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း နစက ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

သန်းခေါင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းများ ရာနှုန်းပြည့်အောင်မြင်စွာ ကောက်ယူနိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လုပ်အားဒါနဖြင့် တာဝန်ယူကောက်ခံနေကြသည့် ဌာနဆိုင်ရာ များမှ တာဝန်ရှိပုဂ္ဂိုလ်များက သတ်မှတ် ကောက်ကွက်များအလိုက် အတတ်နိုင်ဆုံး ပြည့်မီအောင် ကြိုးပမ်းကောက်ယူသွားကြရန်နှင့်စာရင်းကောက်ယူရာတွင် လိုအပ်သည့် အခြေခံအချက်အလက်များကို ပြည်သူများက ပြည့်စုံမှန်ကန်စွာ ဖြေကြားနိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးပေးခြင်းဖြင့် အသိပညာ၊ ဗဟုသုတများ မျှဝေပေးနိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်သည့်အခြေအနေများနှင့်ပတ်သက်၍လည်း နစက ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

အထက်ပါ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။ 

ယင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများက တိုင်းဒေသကြီးအတွင်းရှိ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာကိစ္စရပ်များ၊ နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးနှင့်လုံခြုံရေးအတွက် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ များ ဖွဲ့စည်းထားရှိမှု၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းများတွင် ဌာနဆိုင်ရာအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိမှု၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အတူတကွ ဝိုင်းဝန်းဆောင်ရွက်လျက်ရှိမှု အခြေအနေ များနှင့် အခြားဆောင်ရွက်နေမှုများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်မှူး ဗိုလ်ချုပ် သန်းထိုက်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် နစက ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဝန်းသို တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ ရဲမေများနှင့် မိသားစုဝင်များအား သွားရောက် တွေ့ဆုံခဲ့ပြီး တင်ပြချက်များအပေါ်လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent