သေနတ်ကိုင်ဆောင်ထားပြီး ပြောက်ကျား ဝတ်စုံများဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံများ ဖုန်းအတွင်းမှ တွေ့ရှိသည့်အတွက် လူငယ်နှစ်ဦး သထုံမြို့နယ်တွင် ဖမ်းဆီးခံရ

သေနတ်ကိုင်ဆောင်ထားပြီး ပြောက်ကျား ဝတ်စုံများဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံများ ဖုန်းအတွင်းမှ တွေ့ရှိသည့်အတွက် လူငယ်နှစ်ဦး သထုံမြို့နယ်တွင် ဖမ်းဆီးခံရ
Published 24 September 2024

သေနတ်ကိုင်ထားပြီး ပြောက်ကျားဝတ်စုံများဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံများ လက်ကိုင်ဖုန်းအတွင်းမှ တွေ့ရှိခဲ့သည့်အတွက် လူငယ်နှစ်ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

စက်တင်ဘာ ၂၃ ရက် ညနေ ၅ နာရီခန့် က မွန်ပြည်နယ် ထောင်မှူးကျေးရွာ သထုံ- ဘားအံကားလမ်းတွင် တပ်မတော်သားများ နှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် သထုံဘက်မှ ကြာပန်းကျေးရွာ ဘက်သို့ မောင်းနှင်လာသည့်  Honda Wave 125 (အိုင်ကြီး) အမျိုးအစား အဖြူရောင် ဆိုင်ကယ်အား တားဆီးခဲ့ပြီးနောက် ဆိုင်ကယ် ပေါ်ပါလာသူ လူငယ်နှစ်ဦးကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါဖြစ်စဉ်ကို သိရှိသူ တစ်ဦးက ပြောကြားသည်။

“ဆိုင်ကယ်စီးလာတဲ့ နှစ်ယောက်က သထုံမြို့နယ် အနန်းပင် ကျေးရွာအုပ်စု အင်းကွဲ ကျေးရွာမှာ နေထိုင်ကြတဲ့ ဝင်းထိုက်စိုးဆိုသူနဲ့ စိုးမိုးထွန်းတို့ နှစ်ဦးပါ။ သူတို့ရဲ့ လက်ကိုင်ဖုန်း ကို စစ်ဆေးကြည့်တဲ့အခါမှာတော့ လက်ကိုင် ဖုန်းအတွင်းမှာ ပြောက်ကျားဝတ်စုံတွေ ဝတ်ပြီးတော့ သေနတ်ကိုင်ထားပြီး ရိုက်ကူးထားတဲ့ ပုံတွေ တွေ့ရလို့ ဖမ်းဆီးစစ်ဆေးမှုတွေလုပ် ဆောင်နေတယ်လို့ သိရပါတယ်” ဟု ၎င်းင်းက ဆက်လက်ပြောကြားသည်။

၎င်းတို့ နှစ်ဦးမှာ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှဖြစ်သည်ကို မသိရသေး ကြောင်းနှင့် စစ်ဆေးမှုများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် မွန်ပြည်နယ် သထုံ မြို့နယ်အတွင်း လုပ်ကြံပစ်ခတ်သတ်ဖြတ်မှု များဖြစ်ပွားနေသည့်အတွက်ကြောင့် သထုံမြို့ နယ်အတွင်းရှိ အဝင်အထွက် နေရာများ၊ စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်ဘက် မှ လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

Most Read

Most Recent