■ ကစားသမားဘဝတစ်လျှောက် ဆုဖလား(၄၆)ခု ရယူနိုင်ခဲ့သည့် မက်ဆီကို ထာဝရအကောင်းဆုံးဘောလုံးသမားအဖြစ် Marca မှ ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်

■ ကစားသမားဘဝတစ်လျှောက် ဆုဖလား(၄၆)ခု ရယူနိုင်ခဲ့သည့် မက်ဆီကို ထာဝရအကောင်းဆုံးဘောလုံးသမားအဖြစ် Marca မှ ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်
Photo: Marca
Photo: Marca
Published 18 October 2024

စပိန်သတင်းစာ Marca သည် ကစားသမားဘဝတစ်လျှောက် ဆုဖလား(၄၆)ခု ရယူနိုင်ခဲ့သည့် အာဂျင်တီးနားတိုက်စစ်ကစားသမား မက်ဆီကို ထာဝရအကောင်းဆုံးဘောလုံးသမားအဖြစ် ဂုဏ်ပြုဆုတံဆိပ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

    

မက်ဆီသည် အင်တာမိုင်ယာမီအသင်းနှင့်အတူ Supporters Shield ချန်ပီယံဆု ရယူနိုင်ခဲ့သည့်အတွက် ကစားသမားဘဝတစ်လျှောက် (၄၆)ခုမြောက် ဆုဖလား အောင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဒုတိယနေရာမှ ဘာစီလိုနာအသင်းဖော်ဟောင်း ဒန်နီအဲလ်ဗတ်စ်ကို ဆုဖလား(၂)ခု အသာ ရရှိခဲ့သည်။ 

ထို့ကြောင့် Marca က ၎င်းကို အထူးဂုဏ်ပြုဆုချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ဒါရိုက်တာတစ်ဦးဖြစ်သည့် ဂယ်လာဒိုက မိုင်ယာမီအထိ သွားရောက်ကာ မက်ဆီကို ဆုတံဆိပ်ပေးအပ် ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

မက်ဆီသည် ဘာစီလိုနာ၊ PSG၊ အင်တာမိုင်ယာမီ စသည့် ကလပ်အသင်း(၃) သင်းနှင့် အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ကစား ခဲ့ရာ၌ လာလီဂါချန်ပီယံဆု(၁၀)ခု၊ စပိန်ဘုရင့်ဖလား(၇)ခု၊ စပိန်စူပါဖလား(၈)ခု၊ ပြင်သစ်လီဂူးချန်ပီယံဆု (၂)ခု၊ ပြင်သစ် စူပါဖလား(၁)ခု၊ ကမ္ဘာ့ဖလား(၁)ခု၊ ကိုပါအမေရိကဖလား(၂)ခု၊ ဥရောပ-တောင်အမေရိက ချန်ပီယံဆု(၁)ခု၊ ကမ္ဘာ့လူငယ်ချန်ပီယံဆု(၁)ခု၊ အိုလံပစ်ချန်ပီယံဆု (၁)ခု၊ ချန်ပီယံလိဂ် ဖလား(၄)ခု၊ ကလပ်ကမ္ဘာ့ဖလား(၃)ခု၊ ဥရောပစူပါဖလား(၃)ခု၊ မေဂျာလိဂ်ဖလား(၁)ခု၊ Supporters Shield (၁)ခု ရယူ နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Marca ၏ ဂုဏ်ပြုဆုတံဆိပ်ကို လက်ခံရယူခဲ့ပြီးနောက် မက်ဆီက "ကျွန်တော့်အနေနဲ့ ပိုပြီးအိုမင်းလာပေမဲ့ ဆုဖလားတွေ ရယူဖို့ ဆာလောင်နေတုန်းပါပဲ။ ကျွန်တော့်ရဲ့ မိသားစုကလည်း ထောက်ပံ့အားပေးမှုတွေ ပြုလုပ်နေတာကြောင့် ကျွန်တော် မရပ်တန့်သေးပါဘူး။ ဘောလုံးကစားရတာကို ကျွန်တော် ချစ်မြတ်နိုးပြီး လက်ရှိခြေစွမ်းအတိုင်း ဆက်ကစားသွားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။

 

မက်ဆီသည်  ၎င်း၏ ကြံ့ခိုင်မှုအနေအထားကို အားရကျေနပ်နေသည့်အတွက် ၂၀၂၆ ကမ္ဘာ့ဖလားတွင် ခြေစွမ်းပြနိုင်ဦးမည်ဟု ယုံကြည်နေကြောင်းလည်း သိရသည်။

Most Read

Most Recent