ပထမဆုံးကိုင်တွယ်သည့် လာလီဂါ (၄)ပွဲဆက်အနိုင်ရခဲ့ပြီးနောက် ဟန်ဆီဖလစ်ခ် မှတ်တမ်းကောင်းများပိုင်ဆိုင်ခဲ့ပြီး အသင်း၏စွမ်းဆောင်ရည်အား ချီးကျူးခဲ့

ပထမဆုံးကိုင်တွယ်သည့် လာလီဂါ (၄)ပွဲဆက်အနိုင်ရခဲ့ပြီးနောက် ဟန်ဆီဖလစ်ခ် မှတ်တမ်းကောင်းများပိုင်ဆိုင်ခဲ့ပြီး အသင်း၏စွမ်းဆောင်ရည်အား ချီးကျူးခဲ့
Photo: Hansi Flick X
Photo: Hansi Flick X
Published 2 September 2024

ဘာစီလိုနာအသင်း၏ ဂျာမန်လူမျိုးနည်းပြ ဟန်ဆီဖလစ်ခ်သည် ပထမဆုံးကိုင်တွယ်ခဲ့သည့် လာလီဂါရာသီအဖွင့်ပွဲစဉ် (၄)ပွဲဆက်အနိုင်ရခဲ့ပြီးနောက် အသင်းသမိုင်း၏ စံချိန်မှတ်တမ်းကောင်းအချို့ကို ပိုင်ဆိုင်နိုင်ခဲ့ကြောင်းသိရသည်။

အသက် (၅၉)နှစ်အရွယ်ရှိ ဟန်ဆီဖလစ်ခ်သည် ဘာစီလိုနာအသင်းအား ပြီးခဲ့သည့် မေ (၂၉)ရက်နေ့တွင် နည်းပြအဖြစ်တရားဝင်စတင်တာဝန်ယူခဲ့ပြီး လာလီဂါပွဲစဉ် (၄)ပွဲကိုင်တွယ်ရာတွင် (၄)ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရရှိကာ အသင်းအားအမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နိုင်စေရန် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

ဟန်ဆီဖလစ်ခ်သည် ဘာစီလိုနာနည်းပြဘဝ ပထမဆုံးကိုင်တွယ်သည့်ရာသီတွင်ပင် (၄)ပွဲဆက်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး အသင်းနည်းပြဟောင်း ဗယ်လ်ဗာဒီ (၂၀၁၇-၁၈ ရာသီ၊ ပထမဆုံးကိုင်တွယ်သည့် လာလီဂါ ၇ ပွဲဆက်အနိုင်ရကာ စံချိန်တင်ထားခြင်းဖြစ်)၏နောက် ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် ဒုတိယအကြိမ်အဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။

ထို့ပြင်ဟန်ဆီဖလစ်ခ်သည် ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် ဂျာမန်လူမျိုး နည်းပြများထဲတွင် ရာသီအဖွင့်စွမ်းဆောင်ရည်အကောင်းဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ထားပြီး လက်ရှိခြေစွမ်းအရ ဗယ်လ်ဗာဒီ၏ (၇)ပွဲဆက်စံချိန်ကိုပါ ကျော်ဖြတ်နိုင်ဖွယ်ရှိနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

ဘာစီလိုနာအသင်းသည် နည်းပြဇာဗီနှင့် လမ်းခွဲခဲ့ပြီးနောက် အသင်း၏နည်းပြသစ်ရာထူးအတွက် ဟန်ဆီဖလစ်ခ်အားရွေးချယ်ခဲ့ခြင်ဖြစ်ပြီး ပထမဆုံးရာသီအဖွင့်ခြေလှမ်းအစတွင်ပင် အသင်းအတွက်ကျေနပ်စရာရလဒ်ကိုစွမ်းဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအသင်း၏ရလဒ်ကောင်းများနှင့်ပတ်သက်ပြီး ဟန်ဆီဖလစ်ခ်က ''အသင်းရဲ့ရလဒ်တွေအတွက်ကျေနပ်မိသလို၊ ကစားသမားတွေရဲ့မခိုမကပ်အားထုတ်မှုတွေအပေါ်လည်း ချီးကျူးလိုပါတယ်။ သူတို့ (ကစားသမားတွေ)ဟာ အောင်မြင်မှုနဲ့ထိုက်တန်သူတွေဖြစ်ပြီး လူငယ်ကစားသမားတွေအတွက်လည်း စံနမူနာယူထိုက်သူတွေပါ'' ဟုပြောကြားခဲ့သည်။

ထို့ပြင် ဟန်ဆီဖလစ်ခ်သည် ဗယ်လာဒိုလစ်အသင်းအား (၇-၀)ဂိုးဖြင့်အနိုင်ရသည့်ပွဲမှ အသင်းတိုက်စစ်ကစားသမားများ၏ တွဲဖက်မိမိကစားနိုင်ခဲ့ခြင်းအပေါ် ချီးကျူူးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟန်ဆီဖလစ်ခ်သည် ယခုရာသီလာလီဂါပွဲစဉ် (၄)ပွဲကစားပြီးချိန်တွင် အသင်း၏တိုက်စစ်ပိုင်း၌ လီဝန်ဒေါစကီး၊ ရာဖင်ညာနှင့် ယမားလ် (၃)ဦးအား ပုံသေတွဲဖက်သွားရန် စီစဉ်ထားပြီး ယင်းအတွဲအဖက်မှာ ယခုရာသီဂိုးပါဝင်ပတ်သက်မှုနှုန်းမှာလည်း ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် အမြင့်ဆုံးအဖြစ်ရပ်တည်နေကြောင်းသိရသည်။

ဘာစီလိုနာအသင်း၏ ယခုရာသီတိုက်စစ်အတွဲအဖက်တွင် လီဝန်ဒေါစကီး၊ ရာဖင်ညာနှင့် ယမားလ်တို့ (၃)ဦးစလုံး ဂိုးပါဝင်ပတ်သက်မှု (၅) ကြိမ်စီရှိနေပြီး အခြားမည်သည့်တိုက်စစ်အတွဲဖက်အထက်မဆို အနည်းဆုံး (၅) ကြိမ်ပိုမိုများပြားသည့်ပမာဏဖြစ်ကြောင်းသိရသည်။ 

Most Read

Most Recent