လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတွင် ၇၂၈၇ မဂ္ဂါဝပ်ရှိသော်လည်း သဘာဝဓာတ်ငွေ့လျော့နည်းခြင်းနှင့် မဟာဓာတ်အားလိုင်းတိုင်များ ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ၃၀၆၄ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်က ပြောကြားသည်။
နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရဲရွာခန်းမ၌ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ လျှပ်စစ်အင်ဂျင်နီယာများနှင့် တွေ့ဆုံစဉ် ၎င်းကထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် ဗို့အားပြည့်ဝစွာဖြင့် ဖြန့်ဖြူးပေးပို့နိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ်တည်ငြိမ် တိုးတက်ကောင်းမွန်စေရေးတို့အတွက် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများကို သန့်ရှင်းရေးပြုလုပ်ခြင်းအပါအဝင် ထိန်းသိမ်းပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားကြရန် ပြောကြားသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက်သည် လျှပ်စစ်ဓာတ်အားဖြစ်သည့်အတွက် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာသည့် ဓာတ်အားလိုအပ်ချက်ကို ရရှိနိုင်သမျှသော စွမ်းအင်အရင်းအမြစ်မျိုးစုံကို အသုံးပြုပြီး ရေတိုရေရှည်နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးတိုးတက်ရရှိရေးကို စီမံဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
မိမိတို့၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတွင် အရင်းအမြစ်မျိုးစုံမှ စက်တပ်ဆင်အင်အားသည် ၇၂၈၇ မဂ္ဂါဝပ်ရှိသော်လည်း ရေအားလျှပ်စစ်စက်ရုံများတွင် လာမည့်နွေရာသီအတွက် ရေစုဆောင်းထားရခြင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုလျော့နည်းနေခြင်း၊ မဟာဓာတ်အားလိုင်းတိုင်များ ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ပို့လွှတ်မှုလျော့နည်းနေခြင်းတို့ကြောင့် ထုတ်လုပ်မှုတွင် ၃၀၆၄ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် သုံးစွဲမှုကိုအခြေခံ၍ ဝန်အားမျှတစွာ ဖြန့်ဝေပေးထားရကြောင်း၊ ၎င်းအပြင် ထပ်မံတိုးမြှင့် ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်နေသည့် ကာလများတွင် ရရှိပြီးပို့လွှတ်လျက်ရှိသော ဓာတ်အားလိုင်းများကို ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုမမျှတ၍ လိုအပ်ချက်များရှိနေကြောင်း၊ ထိုလိုအပ်ချက်များကို ပြည့်မီနိုင်ရန် တစ်ဖက်တွင် ဖျက်ဆီးခံရသော ဓာတ်အားလိုင်းတိုင်များကို ပြန်လည်ပြင်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ စီမံဆောင်ရွက်ထားပြီးဖြစ်သော စီမံကိန်းအသစ်များကိုလည်း သတ်မှတ်နှစ်များတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို သုံးစွဲသူများထံရရှိစေရန် ပို့လွှတ်ရေးအပိုင်းနှင့် ဖြန့်ဖြူးရေးအပိုင်းတို့သည်လည်း အရေးပါလျက်ရှိကြောင်း ၎င်းက ဆိုသည်။
သယ်ယူပို့ဆောင်ပေးနေသော ဓာတ်အားလိုင်းများအနေဖြင့်လည်း လိုင်းတစ်လိုင်း အပြစ်ဖြစ်ပွားချိန်၌ အခြားလိုင်းတစ်လိုင်းမှ ပြန်လည်ပေးအပ်နိုင်ရေး စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ဓာတ်အားခကောက်ခံခြင်း အပိုင်းတွင်လည်း နိုင်ငံတော်မှရရှိမည့် ဓာတ်အားခအခွန်အခများကိုလည်း အပြည့်အဝကောက်ခံရရှိရေး အားလုံးတက်ညီလက်ညီဖြင့် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်စဉ် လုံခြုံရေးအား အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေများအပေါ် လေလွင့်ဆုံးရှုံးမှုမရှိစေရေး စနစ်တကျစိစစ်၍ စီမံကိန်းလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးနိုင်ရေးအလေးထားဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
တွေ့ဆုံပွဲတွင် ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရရှိမှုနှင့် လျှပ်စစ်ဓာတ်အားခွဲဝေ ဖြန့်ဖြူးပေးနေမှုကိုလည်းကောင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာတို့က တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ဓာတ်အားခကောက်ခံရရှိမှု၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။















